သတင်းထွက်ပေါ်မှုတွေ နည်းပါးလေ့ရှိတဲ့ Warner Bros. အနေနဲ့ “Green Lantern Corps” ရုပ်ရှင်အတွက် စတင်လုပ်ဆောင်နေပြီဖြစ်ပြီး အချိန်ယူ တည်ဆောက်နေတဲ့ DC ရုပ်ပြတွေထဲက နောက်ထပ် ပရောဂျက်တခုအဖြစ် ရည်ရွယ်ထားတာဖြစ်ပါတယ်။
Green Lantern ကို သာမန်လူတယောက်အဖြစ် Hal Jordan လို့ DC ပရိသတ်တွေက သိရှိထားပြီး လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းကတော့ မင်းသား Tom Cruise ဟာ ဒီဇာတ်ကောင်အတွက် ရေပန်းစားခဲ့ဖူးပါတယ်။
Warner Bros. ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ ရုပ်ရှင်အတွက် မျက်စိကျနေတဲ့ သရုပ်ဆောင်တွေ စာရင်းထဲမှာ Bradley Cooper ပါဝင်နေပြီး DCEU (DC Extended Universe) မှာ တွေ့မြင်ရဖို့ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ “A Star is Born” ရုပ်ရှင်နဲ့အတူ အောင်မြင်မှုတွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ Bradley Cooper ကို Green Lantern ဇာတ်ကောင်အတွက် Warner Bros. ကုမ္ပဏီဘက်ကနေ ကမ်းလှမ်းခြင်း ရှိ၊ မရှိကတော့ မသိရသေးပါဘူး။
“Arrow”, “Birds of Prey” နဲ့ “Shazam 3” တို့ထွက်ရှိပြီးမှ WB အနေနဲ့ Green Lantern ကိစ္စကို ကိုယ်တွယ်ကောင်း ကိုယ်တွယ်နိုင်တာ ဖြစ်ပါတယ်။ Bradley Cooper ဟာ စူပါဟီးရိုးရုပ်ရှင်တွေနဲ့ အစိမ်းသက်သက်ရှိနေတဲ့ သရုပ်ဆောင်တယောက် မဟုတ်တဲ့အပြင် “Gurdians of the Galaxy” နဲ့ “Avengers” ရုပ်ရှင်တွေမှာ Rocket (Raccon) အဖြစ် အသံသရုပ်ဆောင်နေရာမှာ ပါဝင်ခဲ့ဖူးပါတယ်။
အကယ်၍ Warner Bros. အနေနဲ့ Bradley Cooper ကို Green Lantern အတွက် ကမ်းလှမ်းဖြစ်ခဲ့မယ်ဆိုရင်တော့ သူဟာ DC ရုပ်ရှင်တွေမှာရော Marvel ရုပ်ရှင်တွေမှာပါ ပါဝင်ရတဲ့ သရုပ်ဆောင်တဦးဖြစ်လာတော့မှာပါ။
Bradley Cooper ကို Green Lantern အဖြစ် တွေ့မြင်ရမလား ၊ မတွေ့မြင်ရဘူးလား ဆိုတာကတော့ အချိန်အတိုင်းအတာတခုထိ စောင့်ကြည့်ကြရမှာဖြစ်ပြီး Warner Bros. ရဲ့ DC ရုပ်ပြတွေနဲ့ ပတ်သက်တဲ့ နောက်လာမယ့် ပရောဂျက်တွေကို ဘယ်လို စီစဉ်ထုတ်လုပ်မယ် ဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
“Green Lantern” အဖြစ် သရုပ်ဆောင်ဖို့ မင်းသားကြီး Tom Cruise စိတ်ဝင်စားနေ
Harry Potter ရုပ်ရှင်အသစ်ကို မူလသရုပ်ဆောင်တွေနဲ့အတူ ထုတ်လုပ်တော့မယ့် Warner Bros.
ရုပ်ရှင်သရုပ်ဆောင်များ အစည်းအရုံးက ချီးမြှင့်တဲ့ ထိပ်တန်းဆုများကို “Black Panther” ရုပ်ရှင် ရရှိ