ကမ္ဘာကျော် ကာတွန်းဇာတ်ကောင်ဖြစ်တဲ့ “Tom & Jerry” ဟာ Warner Bros. ကနေ ထုတ်လုပ်တဲ့ ရုပ်ရှင်အသစ်တကားမှာ ပြန်လည် ပါဝင်လာတော့မှာ ဖြစ်ပါတယ်။
ဒါဟာ ကာတွန်းအနေနဲ့ ဖန်တီးခဲ့တဲ့ ကြောင်နဲ့ ကြွက်ကို ဆယ်စုနှစ် သုံးခုနီးပါးကြာပြီးမှ ရုပ်ရှင်အနေနဲ့ ပထမဆုံး ပြန်လည် မြင်တွေ့ကြရမှာလည်း ဖြစ်ပါတယ်။ သူတို့နောက်ဆုံးပါဝင်ခဲ့တဲ့ ရုပ်ရှင်ကတော့ ၁၉၉၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Tom and Jerry: The Movie” ရုပ်ရှင် ဖြစ်ပါတယ်။
Warner Bros. က “သမိုင်းမှာ ပရိသတ်တွေ အချစ်ခံရဆုံး ပြိုင်ဘက်တွေထဲက တခုကို ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပြီး လက်ထပ်ပွဲတခု မတိုင်ခင်နေ့မှာ နယူးယောက်မြို့မှာရှိတဲ့ အကောင်းစား ဟိုတယ်ကို ပြောင်းလာတဲ့ ကြွက်လေး Jerry ကို နှိမ်နှင်းဖို့ ကြောင်လေး Tom ကို ငှားရမ်းခဲ့တာကနေ ဇာတ်လမ်းစတင်ပါတယ်။ လက်ထပ်ပွဲနဲ့ ပွဲစီစဉ်သူ မိန်းကလေးတို့ရဲ့ အသက်ရှင်ရပ်တည်ရေး ပြိုကွဲမှုကို ကြောင်နဲ့ ကြွက်ရဲ့ ရန်ပွဲက ခြိမ်းခြောက်မှာ ဖြစ်ပါတယ်” လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အဲ့ဒီ ဇာတ်ကောင်တွေထဲမှာ ပွဲစီစဉ်သူ မိန်းကလေး၊ ကြောင်နဲ့ ကြွက်တို့ကို ရင်ဆိုင်မယ့် နောက်ထပ် ရည်မှန်းချက်ကြီးတဲ့ ဝန်ထမ်းတယောက်ကြောင့် ပြဿနာက ပိုကြီးထွားလာခဲ့ပါတယ်။ ဂန္တဝင်ကာတွန်းကို Live-action ပုံစံနဲ့ ပြန်လည် မြင်တွေ့ရမယ့် ကြောင်နဲ့ ကြွက်ဟာ ရန်ဖက်တွေ ဖြစ်ကြပေမယ့် ဘုံရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ နှစ်ကောင်သား ပူးပေါင်းခဲ့ကြပုံကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။
အခုရုပ်ရှင်မှာတော့ လက်ထပ်ပွဲ စီစဉ်သူအဖြစ် မင်းသမီး Chloe Grace Moretz က သရုပ်ဆောင်ထားပါတယ်။ သူက “အဲ့ဒီရုပ်ရှင်ကို ရိုက်ကူးရတာ တော်တော်လေးကို ရယ်ရပါတယ်။ ကျမရဲ့ဇာတ်ကောင်က Jerry လေးနဲ့ တော်တော်တူပါတယ်။ သူဟာ သူလိုချင်တာကို ရအောင်ယူတတ်ပေမယ့် နောက်ဆုံးမှာတော့ ရိုးသားမှုကို ထုတ်ပြသွားပါတယ်” လို့ People မီဒီယာကို ပြောဆိုထားပါတယ်။
ပြီးတော့ မင်းသမီး Moretz က သူဟာ Tom & Jerry ပရိသတ်တယောက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မင်းသမီးက “ကျမက မှတ်မိသလောက်ပြောရရင် Tom & Jerry ကို ကြည့်ခဲ့တယ်။ ကျမရဲ့ အိမ်ထဲမှာပဲ သူတို့နဲ့အတူ ကြီးပြင်းခဲ့တယ်။ သူတို့ရဲ့ ဆော့ကစားတဲ့ ပုံစံတွေကိုကြည့်ပြီး ကျမတို့ အမြဲစုရုံးကြည့်ခဲ့ကြတယ်” လို့ ဆိုပါတယ်။
အဲ့ဒီရုပ်ရှင်ကို ရိုက်ကူးရာမှာ ကြုံတွေ့ရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့ 2D ကာတွန်းနဲ့ တွဲဖက်ထားတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် သူနဲ့ တွဲဖက်ရမယ့်သူ မရှိဘဲ အလုပ်လုပ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ “Tom & Jerry” ရုပ်ရှင်အသစ်ကို ၂၀၂၁ ခုနှစ် မတ်လမှာ စတင်ပြသဖို့ စီစဉ်ထားပါတယ်။
Ref: etcanada
You may also like these stories:
Tom and Jerry ဖန်တီးရှင် ဒါရိုက်တာကြီး Gene Deitch ကွယ်လွန်