ရာစုနှစ် တဝက်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၄ ခုနှစ် သြဂုတ်လတွင် ရန်ကုန်မြို့ရှိ မြန်မာ့တပ်မတော် ဗိုလ်သင်တန်းကျောင်းမှ (ဆေးဘက်ဆိုင်ရာ မဟုတ်သည့်) အမျိုးသမီး အရာရှိလောင်း ၉၂ ဦး သင်တန်းဆင်းခဲ့သည်။ ထိုအချိန်မှစ၍ အမျိုးသမီး အရာရှိ ၄၀၀ ကျော်၊ ပြန်တမ်းဝင် မဟုတ်သော အရာရှိ ၇၀၀ ကျော်နှင့် အမျိုးသမီး စစ်သည်များသည် မြန်မာ့တပ်မတော်ဟု တရားဝင်သိကြသည့် မြန်မာနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး စုစုပေါင်း ခန့်မှန်းခြေ စစ်အင်အား၏ ၀.၂ ရာခိုင်နှုန်း ရှိခဲ့သည်။
၁၉၄၈ ခုနှစ်တွင် ဗြိတိသျှ လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပြီးသည့်နောက် အမျိုးသမီးများကို (၁၉၅၀ နှစ်များအတွင်း ဆေးဘက်ဆိုင်ရာတွင် အမှုထမ်းရန် ခေါ်ယူခဲ့သော်လည်း) စစ်မှုထမ်းခြင်းမှ ကျယ်ကျယ်ပြန့်ပြန့် ဖယ်ထုတ်ထားခြင်း ခံခဲ့ရသည်။ ထိုသို့ဖြစ်လင့်ကစား မြန်မာအမျိုးသမီးများသည် သူတို့၏ ဌာနေလူ့အဖွဲ့အစည်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ William Ross Wallace ၏ ကဗျာတပုဒ်မှ နာမည်ကျော် စာသားတခုတွင် “ ပုခက်ကို လွှဲသောလက်သည် ကမာ္ဘကို အုပ်စိုးသော လက်ဖြစ်သည်” ဟု ဖော်ပြခဲ့သည်။ အဓိပ္ပါယ်မှာ အမျိုး သမီးများတွင် ကြီးကျယ်သော သြဇာလွှမ်းမိုးမှုနှင့် အခွင့်အာဏာ များရှိသည်ဟူ၍ ဖြစ်သည်။
မြန်မာအမျိုးသမီးများသည် သမိုင်းတလျှောက်တွင် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာ အထောက်အကူပြုခဲ့ ကြသည်။ သူတို့သည် စီးပွားရေး၊ ပညာရေး၊ စာပေနှင့် အနုပညာ ကဏ္ဍ များတွင် အစဉ်အလာအရ အရေးပါသော နေရာများ ရရှိထားကြသည်။ ထူးခြားသော သမိုင်းဝင် ပုံရိပ်များထဲတွင် အများ၏ လေးစားခြင်း ခံရသည့် စာရေးဆရာမ၊ သတင်းစာဆရာမနှင့် တက်ကြွလှုပ်ရှားသူ လူထုဒေါ်အမာ၊ အမျိုးသမီးညီလာခံတွင် နိုင်ငံခြား ကုန်ပစ္စည်းများအား သပိတ်မှောက်ရန် စည်းရုံးခဲ့သည့် နဝင်း ဒေါ်သိန်းတင်နှင့် ၁၉၃၁ ခုနှစ် က လန်ဒန်မြို့ တွင် ကျင်းပသော မြန်မာပြည်စားပွဲဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရွေးချယ်ခံရသည့် ရှားရှားပါးပါး အမျိုးသမီး ကိုယ်စားလှယ်ဖြစ်သည့် မြန်မာစာရေးဆရာ၊ သမိုင်းပညာရှင်နှင့် ကျောင်းဆရာမ ဒေါ်မြစိန်တို့ ပါဝင်သည်။
မြန်မာလူ့ဘောင်အဖွဲ့အစည်းတွင် အခြားဂုဏ်သိက္ခာရှိပြီး အထင်ကရဖြစ်သည့် အမျိုးသမီးများမှာ အငြိမ့်မင်းသမီး လေဘာတီ မမြရင်၊ မြန်မာဂီတနည်းပြဆရာမ ဒေါ်စောမြအေးကြည်၊ အပတ်စဉ်ထုတ်သတင်းစာ ဖြစ်သည့် Independent မှ မစန်းရုံ (သူ၏ ကလောင်အမည်ကို အင်ဒီပန်းဒန့် ဒေါ်စန်းဟု ပို၍ လူသိများသည်)၊ မြန်မာစာရေးဆရာမ ဒဂုံ ခင်ခင်လေး၊ ၂၀ ရာစု၏ ကျော်ကြားသော မြန်မာစာရေးဆရာမ ဂျာနယ်ကျော် မမလေး နှင့် မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်ကြသည်။
မြန်မာလူ့အဖွဲ့အစည်းတွင် အမျိုးသမီးများ၏ ခန်းနားကြီးကျယ်သော ပံ့ပိုးမှုများက သမိုင်းဝင် ဖြစ်သော်လည်း ယနေ့ခေတ် မြန်မာအမျိုးသမီးများသည် မြန်မာနိုင်ငံရှိ လူဦးရေ ၅၅ သန်းတွင် သူတို့က တဝက်ကျော် ပါဝင်နေသည့်တိုင် နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍများတွင် အပြည့်အဝ ပါဝင်ရန် အတားအဆီးများစွာကို ရင်ဆိုင်နေရသည်။ (၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ၄ ရာခိုင်နှုန်း (၅၂ ရာခိုင်နှုန်းနှင့် ၄၈ ရာခိုင်နှုန်း) သာလွန် နေသည်။)
သို့တိုင်အောင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏ ကိုယ်စားပြုမှုနှင့် ပါဝင်မှုသည် ၁၇ ရာခိုင်နှုန်းသာ ရှိသည်။ ရည်မှန်းထားသည့် ၃၀ ရာနှုန်းထက် သိသိသာသာ နည်းပါးနေခဲ့သည်။ ထို့ပြင် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အမျိုးသမီးများသည် မြန်မာ့တပ်မတော်မှ လူဦးရေ စုစုပေါင်း ၏ ၀.၂ ရာခိုင်နှုန်း သာ ရှိနေသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ သာယာဝပြောမှုနှင့် တိုးတက်မှုတို့၏ အရှိန်နှင့် ပျံ့နှံ့မှုက ၎င်း၏ နယ်စပ်ဒေသများမှ အကြမ်းဖက်ပဋိပက္ခများကို ဖယ်ရှားခြင်းအပေါ်တွင် မူတည်နေသည်။ သို့သော်လည်း ထိုဒေသများသို့ ငြိမ်းချမ်းရေးယူဆောင်နိုင်ရေးမှာ အလွန်နှေးကွေးနေသည် (အချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိရေးက မတိုးသာ မဆုတ်သာ ဖြစ်နေသည်)။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ခရု တကောင်၏ အရှိန်အဟုန်မျိုးဖြင့် ရှေ့သို့ တွားသွားနေရသည့် အချိန်တွင် မြန်မာအမျိုးသမီးများ ပါဝင်မှု တိုးမြှင့်ခြင်းက တိုးတက်မှု မြန်ဆန်စေရေး အတွက် အလေးအနက် ထည့်သွင်း စဉ်းစားသင့်သည့် ကိစ္စတခု ဖြစ်ပါသည်။
နိုင်ငံခြားဆက်ဆံရေးစင်တာ(Center for Foreign Relations ) မှ အချက်အလက်များ အရ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမျိုးသမီးများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ ပါဝင်မှုက အောင်မြင်မှုအခွင့်အလမ်းကို ၃၆ ရာခိုင်နှုန်း တိုးပွားစေပြီး ရရှိသော ငြိမ်းချမ်းရေးကို ပိုမိုတည်မြဲစေပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မြန်မာအမျိုးသမီးများ ထိထိရောက်ရောက် ပါဝင်နိုင်ရန် သူတို့၏ စွမ်းဆောင်ရည်နှင့် စွမ်းရည်ကို မြှင့်တင်နိုင်ရေး အခွင့်အလမ်းများ ပေးရမည် ဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ့များတွင် အမှုထမ်းရန်အခွင့်အရေးက လုံခြုံရေးကဏ္ဍတွင် ပါဝင်ရန် သူတို့၏ စွမ်းဆောင်ရည်၊ လုပ်နိုင်စွမ်းနှင့် အတွေ့အကြုံများကို မြှင့်တင်ရန် နည်းလမ်းတခု ဖြစ်ပါသည်။
စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ရည်ရွယ်ချက်မှာ အမျိုးသမီးများ၏ တန်းတူညီမျှမှုကို တိုးတက်စေရန် မဟုတ်ဘဲ နိုင်ငံ၏ စစ်ပွဲများကို အောင်နိုင်ရန်နှင့် ရန်သူများအပေါ် လွှမ်းမိုးနိုင်ရန် ဖြစ်သည်။ ထို့ကြောင့် တပ်မတော်အတွင်း၌ အမျိုးသမီးများနှင့် ကျား/မ ရေးရာ ရှုထောင့်များ ပေါင်းစပ်ပါဝင်မှုအတွက် အားပေးသည့်အချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ဤရည်ရွယ်ချက်ကို ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။ သူတို့အနေဖြင့်လည်း အမျိုးသမီးများ ပေါင်းစည်းပါဝင်မှုနှင့် ကျား/မ ရေးရာ ရှုထောင့်များမှတဆင့် အဖွဲ့အစည်းတခု၏ အဓိကရည်ရွယ်ချက် အောင်မြင်ရေးတွင် တိုးတက်လာသော ထိရောက်မှု၏ အကျိုးကျေးဇူးများကို ရှင်းရှင်းလင်းလင်း သရုပ်ပြနိုင်ရပါမည်။ အမျိုးသမီးများအား စစ်တပ်အတွင်းသို့ ထည့်သွင်းခြင်းသည် တန်းတူညီမျှမှု ရှိရေးထက် ပိုပြီး တပ်ဖွဲ့၏ အရည်အသွေးကို မြှင့်တင်ရန်အတွက် ဖြစ်ပါသည်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်သော ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတခုတွင် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သည် “စံချိန်မီ စစ်တပ် standard army” တခု တည်ဆောက်ရန် လုပ်ဆောင်နေကြောင်း အတိအလင်း ပြောကြားခဲ့သည်။ ထိုသို့ အားထုတ်ရာတွင် မြန်မာ လက်နက်ကိုင် တပ်ဖွဲ့များက စွမ်းဆောင်ရည်နှင့် တိုက်ခိုက်ရေး စွမ်းရည်များ တိုးမြှင့်ရေး တပ်မတော်ကို ခေတ်မီအောင်ပြုလုပ်ခြင်းသို့ ဦးတည်သည့် ခြေလှမ်းများ လှမ်းနေခဲ့သည်။ တိုက်ခိုက်ရေး စွမ်းရည်သည် ယေဘုယျအားဖြင့် “ရုပ်ပိုင်းဆိုင်ရာ အချက်များ (ဆိုလိုသည်မှာ အဖွဲ့အစည်း၏ အရွယ်အစားနှင့် အသုံးပြုသည့် ပစ္စည်းများ) ၊ အယူအဆရေးရာ အချက်များ (အယူဝါဒ သို့မဟုတ် သဘောတရားများကို အသုံးပြုပုံ နည်းလမ်းများ) နှင့် စိတ်ဓာတ်ရေးရာ အချက်များ (တပ်သားများ၏ စိတ်ဆန္ဒ)” တို့မှ ဆင်းသက်လာခြင်း ဖြစ်သည်။
ထို ညီမျှခြင်းတွင် လက်နက်ကိုင်တပ်ဖွဲ့ အများအပြားသည် သဘာဝအားဖြင့် လက်နက်နှင့် ကိရိယာပစ္စည်းများပေါ်တွင် အလွန်အကျွံ အလေးပေးလေ့ရှိကြသည်။ သဘောတရား ရေးရာနှင့် စိတ်ဓာတ်ရေးရာ အချက်အလက်များ အပေါ်တွင် လုံလုံ လောက်လောက် အလေးပေးခြင်း မရှိကြပါ။ အမျိုးသမီးများနှင့် ကျား/မရေးရာ ရှုထောင့်များကို စစ်တပ်အတွင်းသို့ ထည့်သွင်းခြင်းက အယူအဆရေးရာနှင့် စိတ်ဓာတ်ရေးရာ အချက်များကို ပြန်လည်သုံးသပ်ရန်နှင့် ထိရောက်မှုကို တိုးမြှင့်နိုင်ရန် အဖွဲ့အစည်း၏ ယဉ်ကျေးမှုနှင့် တည်ဆောက်ပုံကို လိုက်လျောညီထွေ ဖြစ်စေရေး အခွင့်အလမ်းများကို ဖန်တီး ပေးနိုင်ပါသည်။
ထို့ပြင် လက်နက်ကိုင် တပ်ဖွဲ့များကို အမျိုးသမီးများ အတွက် လမ်းဖွင့် ပေးခြင်းအားဖြင့် စေတနာ့ဝန်ထမ်း တပ်ဖွဲ့များကို ဆက်လက် ထိန်းသိမ်းထားရန် တပ်သားသစ် စုဆောင်းရရှိမှု မလုံလောက်သည့် ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ပါသည်။
ကျား/မ ရေးရာ ရှုထောင့်များနှင့် အမျိုးသမီးများကို မြန်မာ့တပ်မတော် အတွင်းသို့ ပေါင်းစပ်ထည့်သွင်းခြင်းက ပိုမို ရှုပ်ထွေးလာသော လုပ်ငန်းခွင်အနေအထားတွင် စစ်ဆင်ရေး၏ ထိရောက်မှုကို တိုးတက်စေနိုင်သည့် နောက်ထပ်စွမ်းဆောင် နိုင်ရည်များနှင့် အစွမ်းများကို ယူဆောင်ပေးနိုင်ပါသည်။
အမေရိကန်ပြည်ထောင်စု၏ အတွေ့အကြုံများအရ ကြည့်မည်ဆိုလျှင် အမေရိကန် စစ်တပ်မှ အမျိုးသမီးစစ်သည်များ၊ သင်္ဘောသားများနှင့် လေကြောင်းစစ်သည်များသည် စစ်ဆင်ရေးများ ဆောင်ရွက်မှုကို ပိုမို ကောင်းမွန်စေသည့် တိကျသော အရည်အချင်းများနှင့် အမြင်များကို ပေးခဲ့ကြသည်။ အကောင်းဆုံး သာဓကမှာ ဒုတိယကမာ္ဘစစ်မှ အမေရိကန်၏ အမျိုးသမီး လျှို့ဝှက် သင်္ကေတ ဖော်ပေးသူများ ဖြစ်ကြပြီး သူတို့က မဟာမိတ်တပ်ဖွဲ့များကို တိကျသည့် အားသာချက်တခု ပေး၍ အောင်ပွဲရရှိရေးတွင် ပါဝင်ခဲ့သည်။
အမေရိကန်၏ တိုက်ခိုက်ရေး တပ်ဖွဲ့များတွင်လည်း အမျိုးသမီးများက သတင်း အချက်အလက် စုဆောင်းခြင်းနှင့် တပ်ဖွဲ့များ၏ စွမ်းရည်ကို ခွဲခြမ်းစိတ်ဖြာရေး တိုးတက်မှု ရရှိစေခဲ့သလို စစ်ဆင်ရေး ဧရိယာများတွင် ကျား/မ ရေးရာ အမြင်တခုကို အကောင်အထည် ဖော်နိုင်ခဲ့ကြသည်။ ဥပမာအားဖြင့် အီရတ်နှင့် အာဖဂန်နစ္စတန်တွင် အမျိုးသမီးများ ပါဝင်သော အဖွဲ့များက စစ်ဆင်ရေးနယ်မြေအတွင်းရှိ ဒေသခံအမျိုးသမီးများ၊ ကလေးများနှင့် ထိတွေ့နိုင်သောကြောင့် တန်ဖိုးရှိသော အချက်အလက်များနှင့် ထောက်လှမ်းရေး သတင်းများ ရရှိခဲ့ကြသည်။
Robert Egnell က ၎င်း၏ စာတမ်း ဖြစ်သော “Women in Battle: Gender Perspectives and Fighting,” တွင် အလွန်တန်ဖိုးရှိသော အရည်အချင်းအဖြစ် ဖော်ပြခဲ့သည်။
ဒေသခံ အမျိုးသမီးများနှင့် လက်လှမ်းမီမှုရရှိခြင်းက တပ်ဖွဲ့တခုကို ဒေသ၏ အခြေအနေနှင့် ယဉ်ကျေးမှုကို ပိုမို နားလည်စေနိုင်သည်သာမက တပ်ဖွဲ့၏ ရပ်ရွာနှင့် ဆက်ဆံရေး၊ ၎င်း၏ တရားဝင်မှုနှင့် တပ်ဖွဲ့များ၏ ကာကွယ်ပေးန်ိုင်စွမ်းကိုလည်း တိုးမြှင့် ပေးနိုင်ပါသည်။
အလားတူပင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးလုပ်ငန်းများ၌ အမျိုးသမီး အရာရှိများနှင့် စစ်သည်များက မရှိမဖြစ် လိုအပ်ကြောင်း ကုလသမဂ္ဂကလည်း အသိအမှတ်ပြု ထားသည်။ အမျိုးသမီး ငြိမ်းချမ်းရေး ထိန်းသိမ်းသူများသည် တပ်ဖျက်သိမ်းခြင်းနှင့် ပြန်လည်ပေါင်းစည်းခြင်း ကာလအတွင်း အမျိုးသမီး တိုက်ခိုက်ရေးသမားများ၏ အထူး လိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် ပိုမိုထိရောက်ကြောင်း ကုလသမဂ္ဂ၏ အတွေ့အကြုံများက ပြသခဲ့ပြီး ဖြစ်သည်။
သူတို့က ကျား/မ ရေးရာကို အခြေခံသည့် အကြမ်းဖက်မှုများမှ လွတ်မြောက်လာသူများကို တွေ့ဆုံမေးမြန်းခြင်းနှင့် အမျိုးသား ငြိမ်းချမ်းရေး ထိန်းသိမ်းသူများနှင့် စကားပြောဆိုရန် အဆင်မပြေနိုင်သည့် အသိုင်း အဝိုင်းများမှ ဒေသခံအမျိုးသမီးများနှင့် အပြန်အလှန် ဆက်သွယ်ရာတွင်လည်း အမျိုးသမီးများက ပိုမို၍ ထိရောက်မှုရှိခဲ့သည်။
ကိုလိုနီဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးလှုပ်ရှားမှုများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သော မြန်မာအမျိုးသမီးများ၏ သမိုင်းကြောင်းအရ ကာကွယ်ရေး ဦးစီးချုပ်၏ ၂၁ ရာစု ပရော်ဖက်ရှင်နယ် တပ်မတော် တည်ဆောက်ရေး ရည်မှန်းချက် အကောင်အထည် ပေါ်လာရေးတွင် သူတို့က အရှိန်အဟုန်မြှင့်တင်ပေးသည့် ကဏ္ဍမှလည်း ပါဝင်ပေးနိုင်ပါသည်။ အခြားစစ်တပ်များတွင် အမျိုးသမီးများ ပေါင်းစပ်ပါဝင်မှုက တိုက်ခိုက်ရေး တပ်ဖွဲ့များ၏ ယဉ်ကျေးမှု၊ တပ်ဖွဲ့အတွင်း ပေါင်းစည်းညီညွတ်မှု၏ အသွင်အပြင်၊ တာဝန်ချထားသော အကြမ်းဖက်ရမှုနှင့် တိုက်ခိုက်မှုနည်းလမ်းများကို ပုံစံပြောင်းလဲစေခဲ့သည်။
မတူကွဲပြားမှုများနှင့် အားလုံးပါဝင်နိုင်သည့် အဖွဲ့ များက အမျိုးအစား တူညီစွာ ဖွဲ့စည်းထားသည့် အဖွဲ့များထက် စွမ်းဆောင်ရည် အမြဲတမ်း သာလွန်ကြောင်း အဖွဲ့အစည်းဆိုင်ရာ အပြုအမူ လေ့လာချက်များစွာက တွေ့ရှိခဲ့ရပြီး ဖြစ်သည်။ အထူးသဖြင့် ရှုပ်ထွေးသော ပြဿနာများကို ကိုင်တွယ်ရာတွင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော အဖွဲ့များက “အဖွဲ့ဝင်တိုင်း၏ လုပ်ဆောင်မှုများကို ပိုမို ကျယ်ပြန့်စွာ စိစစ်ရန် အားပေးပြီး သူတို့၏ ပူးတွဲသိမြင်မှု အရင်းအမြစ်များကို ထက်မြက် နိုးကြားစေသောကြောင့် ဖြစ်သည်။”
အမျိုးသမီးများနှင့် ကျား/မ ရေးရာ ရှုထောင့်များကို စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ အတွင်းသို့ ပေါင်းစပ်ထည့်သွင်းခြင်း၏ အကျိုးကျေးဇူးများကို အပြည့်အ၀ ရရှိနိုင်ရန် အကောင်အထည်ဖော်မှုတွင် အမျိုးသမီးများက အဖွဲ့အစည်းအတွင်း ခေါင်းဆောင်မှုပိုင်းနှင့် အဆုံးအဖြတ်ပေးနိုင်သည့် နေရာများ ရရှိနိုင်ရန် တိကျသော မူဝါဒများနှင့် ယန္တရားများ ပါဝင်ရမည် ဖြစ်သည်။ အစဉ်အလာအရ အမျိုးသားများက လွှမ်းမိုးသော အဖွဲ့အစည်းများသည် အမျိုးသား စရိုက်ဆန်သည့် အချို့သော ယဉ်ကျေးမှုများနှင့် အမျိုးသမီးများက ခေါင်းဆောင်မှုပိုင်းနှင့် ဆုံးဖြတ်ချက်ပေးသော နေရာများ ရရှိရေးတွင် အတားအဆီးဖြစ်စေနိုင်သည့် ဖွဲ့စည်းပုံများ ရှိနေသည်။ ပုံသေ အယူအဆများနှင့် အဖွဲ့အစည်းဆိုင်ရာ အလေ့အထများတွင် နစ်မြုပ်ပျံ့နှံ့ နေသည့် ဒုတိယ မျိုးဆက် ဘက်လိုက်မှုက အမျိုးသမီးများ ထိပ်ဆုံးသို့ တက်နိုင်ရေးကို အားနည်းစေနိုင်ပါသည်။
ပြည်တွင်းမှ ဗုဒ္ဓဘာသာ ဘာသာရေးယုံကြည်မှုနှင့် ခွဲခြားမရသည့် မြန်မာယဉ်ကျေးမှုက အမျိုးသားများသည် အမျိုးသမီးများထက် ပိုမိုမြင့်မြတ်သည် ဆိုခြင်းနှင့် ဆက်နွယ်နေသည်။ ထိုအယူအဆက မြန်မာလူမျိုးများ ဘာသာရေးပြင်ပတွင် အမျိုးသားနှင့် အမျိုးသမီးများ၏ အဆင့်အတန်းကို ယေဘုယျအားဖြင့် သိမြင်နားလည်သည့်အပေါ်တွင်လည်း သြဇာသက်ရောက်သည်။ ယဉ်ကျေးမှုအရ ထိုသို့ ယုံကြည်မှုရှိခြင်းသည် အမျိုးသားများ ကြီးစိုးသည့် လက်နက်ကိုင်တပ်များအတွင်း သိသာထင်ရှားသော ခေါင်းဆောင်မှု အပိုင်းသို့ အမျိုးသမီး ပြန်တမ်းဝင် အရာရှိများနှင့် ပြန်တမ်းဝင် မဟုတ်သော အရာရှိများ ရောက်ရှိရေး ကြီးမားသော အတားအဆီးကို ဖန်တီးပေးနိုင်ပါသည်။
ထို့ပြင် ကလေးမွေးဖွားခြင်းနှင့် ကလေးကို ပြုစုစောင့်ရှောက်ခြင်းအတွက် စနစ်တကျ စဉ်းစား ဆင်ခြင် စီစဉ်ပေးမှု မရှိခြင်းက အမျိုးသမီးများ (လုပ်ငန်းခွင်မှ) ထွက်သွားရသည့် အသိသာ အထင်ရှားဆုံး အကြောင်းတခုကိုလည်း ဖြစ်စေနိုင်ပါသည်။ ထိုကဲ့သို့ ထွက်ခွာသွားရခြင်းများက ပိုမိုအဆင့်မြင့်သော တပ်မှူး နေရာများအတွက် ရွေးချယ်ခံရသည့် အနည်းငယ်မျှသော အမျိုးသမီး ဝန်ထမ်းအရေအတွက်ကို ထပ်မံ လျော့နည်းစေပါလိမ့်မည်။
အမျိုးသမီးများ ပါဝင်မှုနှင့် ကျား/မ ရေးရာ ရှုထောင့်များ၏ အကျိုးကျေးဇူးများကို အပြည့်အ၀ မြင်တွေ့နိုင်ရန် အဖွဲ့အစည်းအတွင်းနှင့် ခေါင်းဆောင်မှုပိုင်း အဆင့်များတွင် အမျိုးသမီးများပါဝင်မှု ၃၀ ရာခိုင်နှုန်း လိုအပ်ကြောင်း သုတေသနက ဖော်ပြနေသည်။ သို့သော်လည်း အလုပ်ကို စွန့်ခွာမှုများနှင့် သိမ်မွေ့ စွာ မသိမသာ လိင်ခွဲခြားမှုတို့က ၃၀ ရာခိုင်နှုန်းသို့ ရောက်ရှိ ရေးကို အဟန့်အတား ဖြစ်စေနိုင်ပါသည်။
အမျိုးသမီးများကို စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ အတွင်းသို့ ပေါင်းစပ် ထည့်သွင်းခြင်းမှ ဖန်တီးပေးသည့် မတူကွဲပြားမှုက အဖွဲ့အစည်း၏ စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်ပါသည်။ မြန်မာ့တပ်မတော်တွင်အမျိုးသမီးများ ပါဝင်မှုကို တိုးမြှင့်ခြင်းသည် တပ်မတော်နှင့် အခြား အရပ်ဘက်အဖွဲ့အစည်းများကြား ဆက်ဆံရေး ခိုင်မာအားကောင်းစေရေးတွင် ဓာတ်ကူ ပစ္စည်းတခု ဖြစ်စေနိုင်ပါသည်။
အဘယ်ကြောင့် ဆိုသော် အမျိုးသားများကြီးစိုးသည့် တပ်မတော်သည် တပ်မတော်နှင့် အခြား အရပ်ဘက်အဖွဲ့အစည်းများကြားမှ ပွတ်တိုက်မှုများကို ဖန်တီးပေးသည့် အဓိက အကြောင်းများထဲမှ တခုဖြစ်သည်ဟု ထောက်ပြခံနေရသောကြောင့် ဖြစ်သည်။ အထူးသဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာများနှင့် လက်နက်ကိုင်ပဋိပက္ခများ အတွင်းတွင် ဖြစ်သည်။
အမျိုးသမီး စစ်ဘက် ဆက်ဆံရေးအရာရှိများက တပ်မတော်နှင့် အရပ်ဘက် အဖွဲ့အစည်းများကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးနိုင်ပါသည်။ အများပြည်သူနှင့်ဆိုင်သော ကိစ္စများနှင့် ပြည်သူ့ရေးရာ အဖွဲ့အစည်းများတွင် အမျိုးသမီး ဝန်ထမ်းများ ပါဝင်ခြင်းကလည်း မြန်မာ့တပ်မတော်၏ ပုံရိပ်နှင့် စစ်ဆင်ရေး ဧရိယာများနှင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းများအတွင်း ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေနိုင်ပြီး အခြေခံအဆင့်တွင် ယုံကြည်စိတ်ချမှု တည်ဆောက်ရေး သိသိသာသာ အထောက်အကူ ဖြစ်စေနိုင်ပါသည်။
ဒီမိုကရေစီ အုပ်ချုပ်မှုစနစ်တွင် ပြည်သူ၏ ယုံကြည်မှုသည် မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းတခု ဖြစ်ပါသည်။ ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိနိုင်သော စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများသည် ယေဘုယျအားဖြင့် တရားဝင်ဖြစ်မှုကို နှစ်သက်ကြပြီး အပြန်အလှန်အနေဖြင့် ထိရောက်သော အမျိုးသားလုံခြုံရေးအတွက် မရှိမဖြစ် လိုအပ်သည့် အရာတခုဖြစ်သော အပေါင်းလက္ခဏာဆောင်၍ ပူးပေါင်း ဆောင်ရွက်မှုရှိသည့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို တည်ဆောက်နိုင် ကြပါသည်။
မကြာသေးမီက တပ်မတော်အတွင်းသို့ အမျိုးသမီးများ ပါဝင်လာမှုသည် အလွန်ကောင်းမွန်ပြီး အပြုသဘောဆောင်သည့် စတင်မှု တခု ဖြစ်ပါသည်။ သို့သော်လည်း အကျိုးအမြတ်များကို အပြည့်အဝ နားလည်သဘောပေါက်ရန် များစွာ လိုအပ်ပါသည်။ လက်ရှိတွင် အမျိုးသမီးများက အုပ်ချုပ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာ ကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေကြပြီး စစ်ဆင်ရေးနှင့် သက်ဆိုင်သည့် နေရာများမှ ကန့်သတ်ခံ ထားရဆဲဖြစ်သည်။ ၎င်းတို့ထဲမှ အများစုသည် စစ်ဌာနချုပ်များမှ အထောက်အကူပြု ဝန်ထမ်းများဖြစ်ကြသည်။ ထိုသို့ အကန့်အသတ်ရှိသော အခန်းကဏ္ဍများသည် အမျိုးသမီးအရာရှိများကို အဆင့်မြင့်ရာထူးများနှင့် ဆုံးဖြတ်ချက်ပေးသည့် အဆင့်များသို့ တိုးမြှင့်ရန် ယှဉ်ပြိုင်မှုအတွက် ပြင်ဆင် မပေးပါ။
အမေရိကန် နိုင်ငံတွင်မူ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အမျိုးသမီးစစ်သည်များက တည်ငြိမ်မှု ထိန်းသိမ်းရေး စစ်ဆင်ရေးများ၊ သောင်းကျန်းမှုနှိမ်နင်းရေး စစ်ဆင်ရေးများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးများနှင့် ပဋိပက္ခလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၏ ထိရောက်မှုကို ပိုမို ထက်မြက်စေနိုင်ခဲ့သည်။ ၂၁ ရာစု လက်နက်ကိုင် တပ်ဖွဲ့ အများစုသည် အမျိုးသမီးများအား ၎င်းတို့၏ အဖွဲ့အစည်းများ အတွင်းသို့ အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့ကြသည်။ အမျိုးသမီးများကို ထိထိရောက်ရောက် ပေါင်းစည်းထည့်သွင်းရန်နှင့် သူတို့ ပါဝင်မှု၏ အကျိုး ကျေးဇူးများကို ပြည့်ပြည့်ဝဝ ရရှိနိုင်ရန် မြန်မာနိုင်ငံ အနေဖြင့် အခြားသူများ၏ အတွေ့အကြုံများမှ သင်ခဏ်းစာများကို အသုံးပြုနိုင်ပါသည်။
ပေါင်းစည်း ထည့်သွင်းမှု အောင်မြင်ရေး သေချာစေရန် မဟာဗျူဟာ၊ စစ်ဆင်ရေးနှင့် နည်းဗျူဟာအဆင့်များတွင် ကျား/မ ရေးရာ ရှုထောင့်နှင့် လိုက်လျောညီထွေ ရှိသော မူဝါဒများ လိုအပ်ပါသည်။ မဟာဗျူဟာအဆင့်တွင် မြန်မာ့တပ်မတော်အနေဖြင့် စုစုပေါင်းအင်အား၏ ၃၀ ရာခိုင်နှုန်းသို့ ရောက်ရှိရန် လမ်းပြမြေပုံအဖြစ် တပ်သားသစ် စုဆောင်းမှုတွင် ယာယီ ရည်မှန်းချက်များ ချမှတ်သင့်ပါသည်။ စစ်ဆင်ရေးအဆင့်တွင် တိုက်ခိုက်ရေး ရာထူးများတွင် ပါဝင်ရန် စစ်ရေးဆိုင်ရာ အထူးပြုမှုများအတွင်းမှ အမျိုးသမီး အရာရှိများနှင့် စစ်သည်များ၏ အခန်းကဏ္ဍကို တိုးချဲ့ ပေးမည့် မူဝါဒများကို ဖော်ထုတ်သင့်ပါသည်။
မီးဖွားခွင့်နှင့် ကလေး ထိန်းသိမ်း စောင့်ရှောက်မှု ဆိုင်ရာ မူဝါဒများကို ပြန်လည် စဉ်းစားသုံးသပ်ပြီး အဆင့်မြှင့်တင်သင့်ပါသည်။ နည်းဗျူဟာအဆင့် မူဝါဒများတွင် ကျား/မ အခြေပြု ခွဲခြားဆက်ဆံမှုများကို ကာကွယ်ရန်၊ မတူကွဲပြားမှုကို လေးစားရန် နှင့် တပ်ဖွဲ့၏ စည်းလုံးမှုနှင့် စိတ်ဓာတ်ကို မြှင့်တင်ရန် ခေါင်းဆောင်များနှင့် တပ်မှူးများ အတွက် ကျား/မ ဆိုင်ရာတွင် အကဲဆတ်သည့် လေ့ကျင့်ရေးအစီအစဉ်များအတွက် လိုအပ်သည့် မူဝါဒများ ပါဝင်သင့်ပါသည်။
အဆိုပါ မူဝါဒများက ဒုတိယမျိုးဆက် ဘက်လိုက်မှုအပေါ် အခြေခံသော ခွဲခြားဆက်ဆံမှုကို ကာကွယ်ပေးနိုင်ပြီး အမျိုးသမီး စစ်သည်များ ပရော်ဖက်ရှင်နယ် အဆင့်သို့ မြင့်တက်လာရေးကို သေချာစေလိမ့်မည် ဖြစ်သည်။ ထပ်မံ၍ ဆိုရလျှင် ထို မူဝါဒများကို အမျိုးသမီးများအား အောင်မြင်စွာ ထည့်သွင်း ပေါင်းစပ် ထားသည့် အခြား စစ်တပ်များထံမှ (မြန်မာနိုင်ငံ အခြေအနေနှင့် ကိုက်ညီစေမည့် အချို့သော ချိန်ညှိမှုများ နှင့် အတူ) ရယူနိုင်ပါသည်။
အဖွဲ့ အစည်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာနှင့် အတွေးအမြင် အယူအဆ ဆိုင်ရာ ပြောင်းလဲမှုများက မည်သည့် အချိန်တွင်မျှ မလွယ်ကူသော်လည်း ထိုကဲ့သို့သော အပြောင်းအလဲများက လျင်မြန်စွာ ပြောင်းလဲနေသော အမျိုးသားဆိုင်ရာ၊ ဒေသဆိုင်ရာ နှင့် ကမာ္ဘ့ လုံခြုံရေး အခြေအနေများကို လိုက်မီနိုင်ရေး ယခုအခါ အလွန်ပင် လိုအပ် ပါသည်။ လိုက်လျောညီထွေဖြစ်မှု နှင့် ပြောင်းလွယ်ပြင်လွယ် ဖြစ်မှုကို ကျင့်သုံးသည့် လုံခြုံရေးအဖွဲ့အစည်းများသည် သူတို့၏ တာဝန်ဝတ္တရားများ အောင်မြင်မှု ရရှိဖွယ်ရာ အများဆုံး ဖြစ်သည်။
မြန်မာ လက်နက်ကိုင်တပ်များတွင် အမျိုးသမီးများ ပါဝင်မှုသည် ၅၀ ရာနှုန်းကျော် ရှိသော နိုင်ငံသားများက ပေးသည့် အထင်ကြီးလောက်ဖွယ်ရာ စွမ်းရည်ကို မြှင့်တင်ပေးခြင်းအားဖြင့် ၂၁ ရာစု ၏ “စံချိန်မီ တပ်မတော်” တခု တည်ဆောက် ရေးတွင် အထောက်အကူပေးနိုင်ပါသည်။
အမျိုးသမီး စစ်သည်များက ပေးလာသော အပို စွမ်းရည်များနှင့် ထူးခြားသော အမြင်များက ပိုမို ရှုပ်ထွေး လာနေသော လုံခြုံရေးဆိုင်ရာ အခင်းအကျင်း တခု အတွင်းမှ ဒီမိုကရေစီ နိုင်ငံအသစ်တခု ဖြစ်သော မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနှင့် ကျယ်ပြန့် ပြည့်စုံသော လုံခြုံမှု ရရှိရေးတွင် လိုအပ်သည့် အခြေခံ အချက်များ ဖြစ် နိုင်ပါသည်။
(ဒေါက်တာမီမီဝင်းဘတ်သည် အမေရိကန်တပ်ဖွဲ့တွင်၂၈ နှစ်ကြာတဲ့အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး ဒုတိယ ဗိုလ်မှူးကြီးရာထူးဖြင့် အငြိမ်းစားယူခဲ့သည်။ လက်ရှိတွင် ဟာဝိုင်ယီအခြေစိုက် လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှ-ပစိဖိတ်ဌာန၌ ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်နေသည်။ ၂၀၁၉ နိုဝင်ဘာနှင့် ဒီဇင်ဘာ ထုတ် အမေရိကန် စစ်တပ်၏ ပရောဖက်ရှင်နယ် ဂျာနယ်တွင် သူ ရေးသားထားသော Integration of Women and Gender Perspective into the Myanmar Armed Forces to Improve Civil-Military Relations in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ရဲရာထူးခန့်ချုပ်ကို လိင်အမြတ်ထုတ်မှုဖြင့် ထောင်ချ
တခေတ်တခါက အထင်ကရ မြန်မာအမျိုးသမီးများ
အမျိုးသမီးများကို Cyberbullying မလုပ်ရန် လူ့အခွင့်အရေးကော်မရှင် သတိပေး