စက်တင်ဘာ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတဝှမ်းလုံး ပြည်သူ့ခုခံစစ်စတင် ဆင်နွဲကြောင်းကြေညာလိုက်ပါတယ်။ တနိုင်ငံလုံးက ပြည်သူတွေ အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်တွန်းလှန်ကြဖို့ NUG ရဲ့ ယာယီသမ္မတ ဒူးဝါးလရှီလက ဆော်ဩခဲ့ပါတယ်။ နိုင်ငံမှာ နှစ် ၆၀ ကျော်လွှမ်းမိုးနေတဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖျက်သိမ်းဖို့ ဆင့်ခေါ်ချက်လည်းဖြစ်ပါတယ်။
ကြေငြာချက်ထဲမှာ မဟာဗျူဟာတွေလည်း ဖေါ်ပြထားပါတယ်။ အဲဒီအထဲမှာ မြေအောက် PDF လှုပ်ရှားမှုတွေ လုပ်ဖို့၊ နိုင်ငံတဝှမ်းမှာ ခုခံရေး အင်အားစုတွေပေါ်လာဖို့၊ စစ်ကောင်စီ မထိန်းချုပ်နိုင်တဲ့ EAO ဒေသတွေက အဖွဲ့တွေနဲ့ ချိတ်ဆက်ဖို့တွေ ပါဝင်ပါတယ်။ ဝန်ထမ်းတွေ အလုပ်မဆင်းဖို့နဲ့ စစ်သားတွေ ဘက်ပြောင်းကြဖို့ လည်း ပါဝင်ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရပေမယ့် ပထမအကြိမ် ပါလီမန် ခေါ်ခွင့်မရခဲ့တဲ့ လွှတ်တော်အမတ်အများစု ပါဝင်ပါတယ်။ ကျယ်ပြန့်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး မဟာမိတ်တွေလည်း ပါဝင်ပါတယ်။
လာမယ့် နှစ်ပတ် သုံးပတ်အတွင်း မြန်မာပြည် ဘယ်ပုံဖြစ်လာမယ်ဆိုတာ မသိနိုင်သေးပါဘူး။ စစ်တပ်အပေါ် ပိုပြီးဖိအားပေးလာနိုင်တယ် ဆိုရင်တောင်မှ နေ့ချင်းညချင်း စစ်တပ်ပြိုကွဲဖို့ မျှော်လင့်လို့ မရနိုင်ပါဘူး။ သို့သော်လည်း စစ်တပ်ရဲ့ ဆိုးဆိုးဝါးဝါး အားနည်းချက်တွေ အပေါ် ဖိအား ပိုများလာအောင် လုပ်လို့ ရပါတယ်။ PDF တွေရဲ့ မမျှော်လင့်တဲ့ တိုက်ခိုက်မှုတွေ ပိုများလာမယ်၊ နောက်ထပ် EAO အဖွဲ့နည်းနည်းကဖြစ်ဖြစ် စတိုက်လာမယ်ဆိုရင် ဖြန့်ကျက်ထားတဲ့ တပ်စခန်းတွေ အပေါ်မှာ ဖိအားပိုလာပါလိမ့်မယ်။ ဘယ်က တိုက်လာမယ်မှန်း မသိပဲ စစ်သားတွေ ပူပန်ရှုပ်ထွေးကုန်ကြပါလိမ့်မယ်။ အပြကောင်းတဲ့ အောင်ပွဲလေး နည်းနည်းဖြစ်ဖြစ်က စစ်ဆန့်ကျင်ရေး အင်အားစုကို အများကြီးခွန်အားဖြစ်စေပါလိမ့်မယ်။ စစ်တပ်ဘက်ကိုတော့ စိတ်ပျက်ပြားလာစေပါလိမ့်မယ်။
မြန်မာစစ်တပ်ဟာ ပြင်ပလူအများစု ယုံကြည်ထားတာထက် အများကြီး ပိုပြီး အားနည်းတဲ့၊ ထိခိုက်လွယ်တဲ့အနေအထားမှာ ရှိနေပါတယ်။ စစ်တပ်ဟာ ပြည်သူ့ထောက်ခံမှု လုံးဝမရပါဘူး။ ကြောက်စိတ်နဲ့ ထိတ်လန့်ဝပ်တွားပြီး ထောက်ခံတာမျိုးကိုတောင် မရပါဘူး။
လချီတဲ့ လူထုဆန္ဒပြပွဲတွေ၊ ရှည်ကြာတဲ့ အကြမ်းမဖက်လှုပ်ရှားမှုတွေဟာ လူထုအများစုထဲက အကြောက်တရား သံကြိုးကို ဖျက်ချိုးလိုက်ပါပြီ။ အကြောက်တရားကနေ လွတ်မြောက်ဖို့ လူထုဟာ တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရပါတယ်။ အလှပဆုံး အတောက်ပဆုံး လူငယ်တွေ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခံရတာတွေကို ပြည်သူတွေကြံ့ကြံ့ခံခဲ့ရပါတယ်။ ကျဆုံးရသူတွေထဲမှာ လေးစားခံရတဲ့ ကဗျာဆရာ၊ အနုပညာရှင်တွေ၊ အလေးထားခံရတဲ့ လူမှုကူညီရေးသမားတွေ၊ ဆရာဝန်လို ကျောင်းဆရာလို ဝန်ထမ်းလို ရိုးဂုဏ်အကြီးဆုံး ကျွမ်းကျင်သူတွေ ပါဝင်ပါတယ်။ နာကျင်ကြေကွဲစရာတွေကို မြန်မာပြည်သူတွေ ကြံ့ကြံ့ခံခဲ့ကြပါတယ်။ ကျဆုံးသွားသူတွေကို နတ်တမန် လမ်းပြကြယ်တွေလို သဘောထားပြီး ခွန်အားယူခဲ့ကြပါတယ်။
ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြတဲ့ ခေါင်းဆောင်ပြည်သူ လူ ၇၀၀၀ လောက်ကို ကိုဗစ်ပြန့်နေတဲ့ အကျဉ်းထောင်ထဲ ဖိသိပ်ထည့်ထားတာ ခံနေရတဲ့အခြေအနေမှာ မြန်မာပြည်သူတွေဟာ သတ္တိ၊ သီလနဲ့ စိတ်ဓါတ်အင်အားရအောင်ရှာပြီးရပ်တည်ခဲ့ကြရတာပါ။ သူတို့ဟာ သတ္တိနဲ့ သီလ ကျိုးပြတ်မသွားအောင် ထိန်းနိုင်ခဲ့ပါတယ်။
မအောင်မြင်တဲ့ အာဏာသိမ်းပွဲ လအတော်ကြာလာတဲ့ အချိန်မှာ မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ အကြမ်းဖက်ရက်စက်မှုကနေ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ လုပ်လာကြရပါတယ်။ တချိန်ထဲမှာ အကြမ်းမဖက် စုဝေးဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။ ပြည်သူအတော်များများကတော့ သတ္တိနဲ့မှ သွားလို့ရမယ့် လမ်းကို ဆုံးဖြတ်ရွေးချယ်ခဲ့ကြပါတယ်။ ကိုယ့်အသက်ထက် လွတ်လပ်မှုက ပိုအရေးကြီးတယ်လို့ သူတို့တွေ ဆုံးဖြတ်ရွေးချယ်ခဲ့ကြတာပါ။
ဒါ့ကြောင့်ပဲ ရက်ရက်စက်စက် နှိပ်ကွပ်လိုက်ရင် ပြည်သူ့အုံကြွမှုတွေ ချုပ်ငြိမ်းလေ့ရှိတယ်ဆိုတဲ့ ပုံမှန်အမြင်က မြန်မာပြည်အတွက် မမှန်တာဖြစ်ပါတယ်။ ကိုယ်ကျိုးရှာ အမြတ်ထုတ် ဖိနှိပ်တဲ့ စစ်တပ်အောက်မှာ နှစ် ၆၀ လောက်နေခဲ့ရတဲ့ အတွေ့အကြုံက နိုင်ငံမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်နေပါတယ်။ ပြည်သူတွေအတွက်က စစ်တပ်အုပ်ချုပ်ရေးဆိုရင် တော်ပါပြီ နောက်ထပ် ၁၀ နှစ် နှစ်၂၀ သူတို့လက်အောက်မှာ မနေနိုင်ဘူးရယ်လို့ ပြတ်သားနိုင်ကြပါတယ်။ မြန်မာပြည်မှာ အကြွင်းမဲ့ပေးဆပ်မှု လုပ်ဖို့ ဆုံးဖြတ်ထားသူအရေအတွက်က နည်းနည်းလေး မဟုတ်ဘူးလို့ပြောနိုင်ပါတယ်။
စစ်တပ်ဟာ ကြောက်အောင်လုပ်ပြီး အုပ်ချုပ်လို့ မရရုံတင်မက သူ့ရဲ့ စိတ်ဓါတ်ရေးရာကလည်း နက်နက်ရှိုင်းရှိုင်း တိုက်စားခံနေရပါတယ်။ မကြာခင်က စစ်တပ်ကနေ ဘက်ပြောင်းလာသူတွေရဲ့ အဆိုအရ စစ်သားအတော်များများ အထူးသဖြင့် အလယ်လွှာက စစ်သားတွေဟာ အထက်အရာရှိတွေကို သိပ်ထောက်ခံကြတော့တာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့် အများစုကတော့ ကြောက်စိတ်နဲ့ နာခံနေကြတုန်းပါ။ သူတို့တွေဆီမှာ စိတ်ပိုင်းဆိုင်ရာ လွတ်မြောက်မှုတော့ ဖြစ်မလာသေးပါဘူး။ ဒါပေမယ့် အခြေခံအဆောက်အအုံ လမ်း တံတား မကောင်းတဲ့ နိုင်ငံ အကျယ်အပြန့်ကြီးထဲမှာ အဘက်ဘက်က ဖိအားပေးခံလာရမယ်၊ နေရာတိုင်းကိုလည်း စစ်သားတွေ ဖြန့်ခွဲနေရာယူနေရမယ်ဆိုရင် ထွက်ပေါက်သာရှိ စစ်တပ်ဟာ အက်ကွဲပြိုပျက်စရာ ရှိပါတယ်။
ဘယ်အချိန် အဲဒီလိုဖြစ်လာမလဲလို့တော့ မသိပါဘူး။ မြန်မာနိုင်ငံတဝှမ်းက အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး လူထုအုံကြွတိုက်ပွဲအောင်မြင်ဖို့တော့ ကျနော်တို့ ဆုတောင်းရပါမယ်။ မြန်မာပြည်သူတွေဟာ ဒီအောင်ပွဲနဲ့ အမှန်တကယ် ထိုက်တန်သူတွေပါ။
မြန်မာပြည်သူတွေရဲ့ဒုက္ခကို အိမ်နီးချင်း အာရှနိုင်ငံတွေက မျက်နှာလွှဲသွားကြတယ်။ အိမ်နီးချင်းနိုင်ငံတွေ ကမ်းလှမ်းလာတာက ရက်စက်အားကြီးတဲ့ စစ်တပ်အောက်မှာ လက်လျှော့နေလိုက်ကြပါ၊ စွန့်လွတ်အနစ်နာခံခဲ့တဲ့ သတ္တိခဲ လူငယ်တွေကို သစ္စာဖေါက်လိုက်ကြပါ၊ ထောင်ထဲက ရိုသေလေးစားစရာ လူတွေ ပျောက်ကွယ် သေဆုံးကုန်လည်း ထားလိုက်ကြပါ၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတာတွေကိုလည်း မေ့လိုက်ကြပါ၊ အဲဒါတွေအစား မဖြစ်စလောက် လူသားချင်းစာနာမှု အထောက်အကူလေးကို လက်ခံလိုက်ကြပါ ဆိုတာမျိုးပါပဲ။
မြန်မာပြည်သူတွေ ထပ်တလဲလဲ တောင်းပန်ခဲ့ကြပေမယ့် အနောက်နိုင်ငံတွေဆီကနေ ပြန်ရသမျှကလည်း အပြောနဲ့ အလုပ်မညီတာ၊ အနှစ်မပါတဲ့ စကားအလှတွေပြောတာ၊ အကန့်အသတ်နဲ့ သဘောလောက် ပိတ်ဆို့အရေးယူမှု လုပ်တာတွေလောက်ပါပဲ။
အခုတော့ အာဏာရှင်ဆန့်ကျင်ရေး ခေါင်းဆောင်တွေက ပြည်သူတွေ ကိုယ့်အင်အားကို ယုံကြည်ဖို့၊ သန္နိဌာန် ခိုင်မာပြတ်သားကြဖို့ ဆင့်ခေါ်နေပါပြီ။ မြန်မာပြည်သာ အောင်မြင်ခဲ့ရင် လှပကြွယ်ဝတဲ့ နိုင်ငံတခု ပြန်ဖြစ်လာမှာပါ။ သားရဲတိရစ္ဆာန် စစ်တပ်ရဲ့ ဆယ်စုနှစ်များစွာကြာ စိုးမိုးမှုဆီကနေ ထာဝရ လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။
(အီဂေါဗလာဇီဗစ်သည် ချက်နိုင်ငံ ပရာ့ဂ်ဟာမြို့တွင် အခြေစိုက်သော နိုင်ငံရေးသုတေသီတဦးဖြစ်သည်။ ၎င်းဇာတိ ဘော့စနီးယား ဟာဇီဂိုဗီးနားတွင် စစ်ပွဲကာလ ကြမ်းကြုတ်ရက်စက်မှုများကို ကြုံတွေ့ခဲ့ရသူဖြစ်ပြီး မြန်မာအပါအဝင် ပဋိပက္ခဒေသ အများအပြားသို့ သွားရောက်၍ နိုင်ငံရေးသိပ္ပံနှင့် လူအခွင့်အရေးဆိုင်ရာ သင်တန်းများလည်း ပို့ချခဲ့ဖူးသည်။)
You may also like these stories:
အာဆီယံ၏ အပစ်ရပ် တောင်းဆိုချက် အလွန်တွင် ပစ်ခတ်မှုများ ပိုဖြစ်လာနိုင်
လူထုအနေဖြင့် ကာကွယ်ရေးနှင့် ပြည်သူ့အုပ်ချုပ်ရေး တပြိုင်တည်းလုပ်ရန် NUG တိုက်တွန်
အပစ်ရပ်ရေး စစ်ကောင်စီ လိုက်နာမည် မထင်ဟု တိုင်းရင်းသား လက်နက်ကိုင်များ ပြော