ယခု နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ထွန်းကားရေး၊ လူမျိုးတိုင်း တန်းတူညီရေးနဲ့ လူ့အခွင့်အရေးတွေ အာမခံချက်ရရှိရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မောင်းနှင်လျက်ရှိပါတယ်။ သို့သော်လည်း တော်လှန်ရေး (တနည်းအားဖြင့်) စစ်တွင်းကာလ ရည်မှန်းချက်များနဲ့ ဒီမိုကရေစီ စံနှုန်းများ၊ တန်းတူညီရေးနဲ့ လူ့အခွင့်အရေး အာမခံချက်တွေရဲ့ ထိတွေ့ ပွတ်တိုက်မှုဟာလည်း မကြာခဏဆိုသလို တစတစ ပိုမိုကြီးမားလာတာ စိုးရိမ်စရာ ကောင်းပါတယ်။
“အကြမ်းဖက်စစ်ကောင်စီရဲ့ အဆုံးစွန်ဆုံး ဖိနှိပ်သတ်ဖြတ်မှုတွေကို ခံနေရချိန်မှာ စစ်ကိုသာ နိုင်အောင်တိုက်ကြဖို့၊ စစ်နိုင်မှသာ ပြည်သူလိုလားတဲ့ ဒီမိုကရေစီစနစ်တွေ၊ တန်းတူညီရေးနဲ့ လူ့အခွင့်အရေးတွေ ရနိုင်မယ်၊ စစ်ကောင်စီကို မဖြုတ်ချနိုင်သရွေ့ ဒီလို စံနှုန်းတွေနဲ့ ရပ်ခံနေခြင်းဟာ တော်လှန်ရေး၊ စစ်နိုင်ရေးကို အတားအဆီး ဖြစ်စေတယ်၊ ဘယ်လောက်ပဲ စံနှုန်းတွေမြင့်မြင့် စစ်ကောင်စီ မပြုတ်ကျဘူးဆိုရင် ပြည်သူဟာ အဆပေါင်းများစွာ ဆိုးဝါးတဲ့ ဖိနှိပ်မှုတွေကို မုချခံကြရမှာပဲဖြစ်တယ်” ဆိုတဲ့ ပြည်သူတွေရဲ့ အတွေးအခေါ် ခံယူချက်ဟာ ကြီးမားပါတယ်။
တဖက်မှာလည်း မနည်းလှတဲ့ ပြည်သူတွေကပဲ “မိမိတို့တော်လှန်ရေးဟာ မတရားမှုမှန်သမျှကို တော်လှန်တာဖြစ်တယ်၊ မိမိတို့ကိုယ်တိုင် မတရားမှုကို မကျူးလွန်ခြင်းသည်ပင်လျှင် တော်လှန်ရေး ဖြစ်တယ်၊ စစ်ကောင်စီကို ဖြုတ်ချပြီးလည်း အာဏာရှင်လက်သစ်တွေ မပေါ်လာဖို့ ပဓာနဖြစ်တယ်၊ ဒါကြောင့် ဒီလိုစံနှုန်းတွေကို ပြောနေကြရတာဖြစ်တယ်” ဆိုတဲ့ အယူအဆလည်း ကြီးစိုးပါတယ်။
ဒီအယူအဆ အထိုင်တွေကနေ တော်လှန်ရေးဘက်တော်သား အချင်းချင်း တိုက်ခိုက်မှုက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (ERO) တွေနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) လို ထိပ်ပိုင်း အဖွဲ့အစည်းကြီးတွေကနေ ဟိုးအောက်ခြေ ပြည်သူတဦးချင်းစီအထိ ပုံစံမျိုးစုံနဲ့ တွေ့ရပါတယ်။
ဒီလို ရာစုနှစ်ပေါင်းများစွာ အတွေးအခေါ်ပညာရှင်တွေ ငြင်းခုံကြတဲ့ ပြဿနာဆိုပေမယ့် အဖြေမရှိတဲ့ ပြဿနာတခုတော့လည်း မဟုတ်ပြန်ပါဘူး။ compromise culture လို့ခေါ်တဲ့ အပြန်အလှန် လေးစားသဘောတူ ညှိနှိုင်းအဖြေရှာခြင်း အလေ့အထက ကျနော်တို့ ကြုံနေရတဲ့ ဒီလို လိပ်ခဲတည်းလည်း အခြေအနေရဲ့ ထွက်ပေါက်ဖြစ်ပါတယ်။
အတွေးအခေါ်ပိုင်းဆိုင်ရာ ပြဿနာလား
အထက်မှာဆိုခဲ့တဲ့ တွေးခေါ်စဉ်းစားပုံ၊ တော်လှန်ရေးကို ချဉ်းကပ်ပုံဟာ အတွေးအခေါ်ပိုင်းဆိုင်ရာ ပြဿနာတခုဆိုတာထက် ပိုနေတာ ခေါင်းဆောင်များရော ပြည်သူတရပ်လုံးပါ သတိထားသင့်ပါတယ်။
ဒဿနိကဗေဒမှာတော့ နည်းလမ်း (means) နဲ့ ရည်မှန်းချက် (goals) က ဘယ်ဟာ အရေးကြီးသလဲဆိုတဲ့ ပြဿနာဟာ ရာစုနှစ်ပေါင်းများစွာ အငြင်းပွားစရာတခုပါ။
“ဒီမိုကရေစီ၊ တန်းတူညီရေး၊ လူ့အခွင့်အရေးတွေ လုံးဝ မထိခိုက်မပွန်းပဲ့စေဘဲ တော်လှန်ရမယ်” ဆိုတာက နည်းလမ်းဗဟိုပြု (means-oriented) ဖြစ်ပြီး စစ်ကောင်စီဖြုတ်ချရေးဆိုတဲ့ ရည်မှန်းချက်က ဒုတိယဖြစ်ပါတယ်။
“စစ်ကောင်စီက ပြည်သူကို ဒီလောက် ဖိနှိပ်သတ်ဖြတ်နေချိန်မှာ မိမိတို့ဘက်က ဘယ်နည်းလမ်းနဲ့မဆို ပြန်လည် တိုက်ခိုက်အနိုင်ယူပြီး ရည်မှန်းချက်ပြည့်ဝမှ ပြည်လည် တည်ဆောက်မယ်” ဆိုတာကတော့ ရည်မှန်းချက် ဗဟိုပြု (goals-oriented) ဖြစ်ပါတယ်။

ဒီလို ရာစုနှစ်ပေါင်းများစွာ အတွေးအခေါ်ပညာရှင်တွေ ငြင်းခုံကြတဲ့ ပြဿနာဆိုပေမယ့် အဖြေမရှိတဲ့ ပြဿနာတခုတော့လည်း မဟုတ်ပြန်ပါဘူး။ compromise culture လို့ခေါ်တဲ့ အပြန်အလှန် လေးစား သဘောတူ ညှိနှိုင်းအဖြေရှာခြင်း အလေ့အထက ကျနော်တို့ ကြုံနေရတဲ့ ဒီလို လိပ်ခဲတည်းလည်း အခြေအနေရဲ့ ထွက်ပေါက်ဖြစ်ပါတယ်။ ထင်ရာစိုင်းတဲ့ တော်လှန်ရေး မဖြစ်ဖို့ လိုသလို စင်းလုံးချော တော်လှန်ရေးလည်း မဖြစ်နိုင်တာကို လက်ခံတဲ့ အခြေအနေဖြစ်ဖို့ ညှိနှိုင်းကြရပါမယ်။
အပြောလွယ် အလုပ်ခက်
“ဒါဖြင့်ရင် အဖြေရှိပြီးသား ပြဿနာကို ဘာကြောင့် အခုထိ မဖြေရှင်းနိုင်ကြသလဲ” လို့မေးရင် “compromise လုပ်ရတာဟာ အပြောလွယ်သလောက် အလုပ်ခက်တဲ့အရာဖြစ်လို့ပါ” လို့ဖြေရပါမယ်။
အရေးအကြီးဆုံးအချက်က နိုင်ငံတခုလုံး လွတ်လပ်ရေးရကတည်းက ခဏတာသာ ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး ကျန်ကာလတွေဟာ အာဏာရှင်အောက်မှာ နေခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံရဲ့ မည်သည့်နေရာမှာ မွေးဖွားခဲ့သည်ဖြစ်စေ မျိုးဆက် သုံးခုလောက် (အသွင်ကူးပြောင်းလဲရေး ကာလမှာ လူလားမြောက်တဲ့ Gen Z များမှအပ) ဟာ မဆလ ဆိုရှယ်လစ် အာဏာရှင်၊ ဦးနေဝင်း၊ ဦးသန်းရွှေ စစ်အာဏာရှင်တို့ရဲ့ လက်ထွက်တွေဖြစ်နေတာ သတိပြုရပါမယ်။
ဆိုလိုတာက ဒီမိုကရေစီနည်းလမ်းတွေနဲ့ မတူညီတဲ့သူတွေ၊ ဆန့်ကျင်ဘက် အတွေးအခေါ်တွေ အပြန်အလှန် လေးစားညှိနှိုင်းပြီး ရလဒ်တွေထွက်အောင် ပြည်သူနဲ့ခေါင်းဆောင်တွေဟာ ကိုယ်တိုင်လည်း မဆောင်ရွက်ဖူးခဲ့သလို သူများဆောင်ရွက်လို့ အောင်မြင်တာလည်း မတွေ့ဖူးတာ အမှန်တရားပါ။
မတရားမှုကို သိရှိနားလည်လာလို့ တော်လှန်ရေးသမားတွေ ဖြစ်လာသည့်တိုင် ဒီမိုကရေစီအလေ့အထ၊ ဒီအလေ့အထကရတဲ့ ပြဿနာဖြေရှင်းကြပုံတွေနဲ့ ထိတွေ့ခွင့်ရသူ နည်းကြတာက အရှိတရားပါ။
ပါလီမန်ခေတ်နဲ့ ၂၀၁၂ အသွင်ကူးပြောင်းရေးကာလတွေက ဒီအလေ့အထကို အောင်မြင်အောင်လုပ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘယ်လို ပျက်စီးခဲ့တယ်၊ ဖျက်ဆီးခံရတယ်ဆိုတာက ပြည်သူတွေ၊ ခေါင်းဆောင်တွေရဲ့ သိစိတ်ရော မသိစိတ်မှာပါ စွဲထင်နေတဲ့အရာပါ။
ကိုယ့်နည်းကိုယ့်ဟန်တော့ သေချာလုပ်ဖို့လို
“ဒီမိုကရေစီစနစ်ဆိုတာ အင်မတန် စကားများပြီး အလုပ်မတွင်၊ ရလဒ်မထွက်၊ နိုင်ငံရေးသမားတွေက တိုင်းပြည်ကို ကောင်းအောင် ဘာမှမလုပ်နိုင်ဘဲ အားတိုင်း ငြင်းခုံပြီး ကွဲနေကြတာပဲ” ဆိုတာက အကြမ်းဖက် စစ်တပ်ရဲ့ ခံယူချက်မှာ သံမှိုစွဲထားသလို ရိုက်သွင်းခံထားရတာ ဖြစ်ပါတယ်။
ဒါကြောင့် စစ်တပ်က အမိန့်ပေးစနစ်၊ အထက်အောက်စနစ်၊ အကြောက်တရား၊ အကျိုးစီးပွားတွေနဲ့သာ ရလဒ်ထွက်အောင် လုပ်နိုင်တယ်ဆိုတာမျိုး အခြေခံကအစ သင်ကြားခံထားရတဲ့တပ် ဖြစ်ပါတယ်။ ဥပမာအားဖြင့် စစ်သင်တန်းတွေနဲ့ တပ်ရင်းတွေထဲမှာ မြက်နုတ်တာကအစ အထက်အောက် အမိန့်ပေးစနစ်တွေနဲ့ လေ့ကျင့်ပေးထားတာပါ။ ဒီစနစ်ရဲ့ ရလဒ်ကိုလည်း သူတို့က တပ်ထဲမှာ မြက်တွေချုံတွေ ရှင်းသွားတာမျိုးကနေ ဒို့တာဝန် အရေးသုံးပါးအထိ သူတို့လိုချင်တဲ့ရလဒ်တွေကို တွေ့ဖူးမြင်ဖူးထားပြီး လက်တွေ့ မျက်မြင်ယုံကြည်သူတွေလို ဖြစ်နေကြတာပါ။
တဖက်မှာ ဖက်ဒရယ် ဒီမိုကရေစီ တော်လှန်ရေးပြည်သူတွေမှာတော့ အထက်မှာပြောခဲ့သလို မူလတန်းကတည်းက ဖက်ဒရယ်ဒီမိုကရေစီ အလေ့အထတွေကို တလုံးတပါဒမှ လေ့ကျင့်သင်ကြား ပေးခံထားရသူ မပါပါဘူး။ ဒီမိုကရေစီ အလေ့အကျင့်လေးတွေသုံးပြီး စာသင်ကျောင်းဝန်းထဲက မြက်တွေချုံတွေ ရှင်းသွားတဲ့ရလဒ်လောက်တောင် မမြင်ဖူးဘူးလို့ပဲ လွန်လွန်ကျူးကျူး ဆိုပါရစေ။ စစ်တပ်ရဲ့ အထက်အောက် အမိန့်ပေးစနစ်ရဲ့ ကောင်းကျိုးတွေကိုသာ နည်းမျိုးစုံနဲ့ ရိုက်သွင်းခံရတာပါ။
ဆိုလိုတာက ဒီမိုကရေစီနည်းလမ်းကို အသုံးပြုပြီး ပြဿနာကို ဖြေရှင်းမယ်ဆိုရင် အမှန်တကယ် ပြဿနာကို ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ရလဒ်ထွက်ဖို့ လိုပါတယ်။ ရေခံမြေခံမှာက ဝေဖန်ထောက်ပြရုံလောက်နဲ့ တည့်မတ်လာနိုင်လောက်တဲ့ အင်စတီကျူးရှင်းတွေလည်း မရှိပါ။
မတရားမှုကို သိရှိနားလည်လာလို့ တော်လှန်ရေးသမားတွေ ဖြစ်လာသည့်တိုင် ဒီမိုကရေစီအလေ့အထ၊ ဒီအလေ့အထကရတဲ့ ပြဿနာဖြေရှင်းကြပုံတွေနဲ့ ထိတွေ့ခွင့်ရသူ နည်းကြတာက အရှိတရားပါ။
အရပ်ဖက်လူမှုအဖွဲ့အစည်း (CSO)၊ အစိုးရ မဟုတ်သောအဖွဲ့အစည်း (NGO) တွေ ဟိုတယ်ကြီးတွေမှာ လုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲ (workshop) တွေမှာ အနောက်နိုင်ငံတွေက လာရောက်သင်ကြားပေးတဲ့ သူတွေရဲ့ simulation ကစားနည်းလေးတွေနဲ့ “တွေ့လား မတူညီတဲ့သူတွေ ပူးပေါင်းဆောင်ရွက်ရင် ဒီလို အဖြေထွက်တယ်” ဆိုတာမျိုးကို နှစ်ရက်တပိုင်း သင်ကြားဖူးသူတွေပါ။
အနောက်နိုင်ငံက ထိပ်တန်း တက္ကသိုလ်ကြီးတွေမှာ မဟာဘွဲ့တွေ အထူးပြု လေ့လာခဲ့သူတွေလည်း ဘယ်နိုင်ငံမှာတော့ဖြင့် ဘယ်လို ပူးပေါင်းဆောင်ရွက်လိုက်ကြတာ ဘယ်လို ရလဒ်ထွက်ခဲ့တယ်၊ ဘယ်ဒေသမှာတော့ ဘယ်အချက်ကြောင့် အောင်မြင်သွားတယ် ဆိုတာတွေကို နာရီပေါင်းများစွာ လေ့လာခဲ့ပေမယ့် လက်တွေ့ ဘယ်ပြဿနာကိုမှ ဝင်ရောက်ကိုင်တွယ်ဖြေရှင်းရတဲ့ လေ့ကျင့်မှုမျိုး မရကြပြန်ပါဘူး။
ဒါကို ကိုယ့်အခြေအနေအမှန်တိုင်း မညှာမတာ ပထမဆုံးအနေနဲ့ နားလည်ထားဖို့ လိုပါတယ်။ ဒီလိုနားလည်မှသာ ကိုယ့်အခြေအနေ ပေးထားချက်ထဲက ဘယ်လောက်အထိ ဒီမိုကရေစီနည်းလမ်းတွေကို စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ပျိုးထောင်ဖို့ လိုမလဲဆိုတာ သိမှာဖြစ်ပါတယ်။
ဒါကြောင့် အားကစားပြိုင်ပွဲတခုလို တော်လှန်ရေးကို တိုင်းထွာ ပြောရရင် ခွန်အား၊ ကိုယ်ခန္ဓာကြီးထွားမှုကို အသုံးပြုကစားတဲ့သူနဲ့ လျင်မြန်ဖျတ်လတ်မှု၊ တိကျမှုကို အသုံးပြုကစားတဲ့သူလို ကိုယ်အားသန်ရာနဲ့ ယှဉ်ပြိုင်နေကြတယ်လို့ ပြောရပါမယ်။
ဥပမာ စစ်တပ်က သူတို့ကို ဝေဖန်ထောက်ပြမှုတွေက စည်းလုံးမှုပြိုကွဲစေတယ်ဆိုပြီး စစ်ရေးကို ထိခိုက်စေနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ သူတို့အားသန်တဲ့ ခြိမ်းခြောက်အကြပ်ကိုင် ဖိနှိပ်တဲ့နည်းလမ်းတွေနဲ့ ကိုင်တွယ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်တို့ကို ဖမ်းဆီးတာ၊ စစ်တပ်လော်ဘီတွေကို ဖမ်းဆီးသတိပေးတာတွေ ကြည့်နိုင်ပါတယ်။ ဒါကြောင့် နောက်ပိုင်း အကြောက်တရားနဲ့ အသားကျနေတဲ့၊ စစ်တပ်ကိုထောက်ခံတဲ့ လူတွေကြားမှာ စစ်တပ်ကို ဝေဖန်မှု သိသိသာသာ လျှော့ချလိုက်တာ တွေ့ရပါတယ်။ သူတို့နည်းလမ်းနဲ့သူတို့ သူတို့လိုချင်တဲ့ ရလဒ်တော့ ထွက်တယ်လို့ ဆိုရပါမယ်။
တော်လှန်ရေးဘက်မှာတော့ ကိုယ်အားသန်တာက ဖိနှိပ်ခြိမ်းခြောက်ပြီး တားဆီးတဲ့ နည်းလမ်း မဟုတ်ပါ။ ဒါပေမယ့် ကိုယ်တကယ် အသုံးပြုရမယ့် ဒီမိုကရေစီနည်းလမ်းနဲ့ရော လိုချင်တဲ့ ရလဒ်ဖြစ်တဲ့ စည်းလုံးမှု မပြိုကွဲအောင် ထိန်းထားနိုင်ရဲ့လားဆိုတာ မေးခွန်းထုတ်ရပါမယ်။
“ဒီမိုကရေစီ မထွန်းကားခဲ့တာတွေ၊ အလေ့အထ မရှိတာတွေ၊ အိမ်နီးချင်းပတ်ဝန်းကျင်မှာလည်း ဒီမိုကရေစီ မရှိတာတွေ၊ လူထုရဲ့ ပညာအသိ လူနေမှုဘဝ နိမ့်ကျနေသေးတာတွေ ဆင်ခြေပေးမနေပါနဲ့” ဆိုပြီး အနောက်နိုင်ငံတွေမှာတောင် မဖြစ်နိုင်သေးတဲ့ စံနှုန်းတွေကို မရလို့ ပုတ်ခတ်ဝေဖန်နေကြမယ် ဆိုရင်တော့ တော်လှန်ရေးအတွက် ရင်လေးစရာပါ။
ဆိုလိုတာက ဒီမိုကရေစီနည်းလမ်းကို အသုံးပြုပြီး ပြဿနာကို ဖြေရှင်းမယ်ဆိုရင် အမှန်တကယ် ပြဿနာကို ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ရလဒ်ထွက်ဖို့ လိုပါတယ်။ ရေခံမြေခံမှာက ဝေဖန်ထောက်ပြရုံလောက်နဲ့ တည့်မတ်လာနိုင်လောက်တဲ့ အင်စတီကျူးရှင်းတွေလည်း မရှိပါ။
လက်တွေ့နဲ့ နီးစပ်တဲ့ ဝေဖန်မှုတွေဖြစ်ဖို့လို
ဒီလိုမှမဟုတ်ဘဲ တော်လှန်ရေးကို တည့်မတ်ပေးနေတာဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဝေဖန်ထောက်ပြတာပဲ လုပ်ပြီး ရလဒ်ထွက်ဖို့အထိ ဝိုင်းဝန်း မဆောင်ရွက်ရင် ကောင်းကျိုးထက် ဆိုးကျိုးများပါတယ်။ ဝေဖန်အကြုံပြုချက်တွေ၊ ထောက်ပြချက်တွေဟာ အပြုသဘောရော၊ အပျက်သဘောရော ဘယ်နည်းဆောင်ဆောင် ကိစ္စသိပ်မရှိပါ။
ဒါပေမယ့် အမှန်တကယ် လက်တွေ့ကျတဲ့၊ လက်တွေ့ပြုပြင်လို့ရမယ့် ထောက်ပြဝေဖန်မှုမျိုးတော့ ဖြစ်ဖို့လိုပါတယ်။
ဥပမာ “သတင်းသမားတွေကို ကန့်သတ်ချက်တွေ ထုတ်ပြန်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လုပ်ရပ်ဟာ သတင်းလွတ်လပ်ခွင့်ကို တားဆီးခြင်းဖြစ်တယ်” လို့ ဝေဖန်ထောက်ပြတာကို နားလည် လေးစားလို့ ရပါတယ်။ ဒါပေမယ့် “ဒီလိုကန့်သတ်တဲ့လုပ်ရပ်ဟာ အာဏာရှင်ဆန်တဲ့လုပ်ရပ်၊ စစ်ကောင်စီနဲ့ ဘာမှမထူးဘူး” ဆိုတဲ့ ဝေဖန်မှုက လူသတ်၊ မီးရှို့နေတဲ့ စစ်တပ်နဲ့ ခိုင်းနှိုင်းတာဖြစ်လို့ လက်တွေ့နဲ့ အတော်လေး ကင်းကွာပါတယ်။

ဒီလိုပဲ ဗမာပြည်နယ်ဖွဲ့စည်းရေးကို လူမျိုးတန်းတူရေးအမြင်ဘက်ကနေ တင်ပြတောင်းဆိုတာက လေးစားရမယ့် အမြင်တခု ဖြစ်ပါတယ်။ ဒါပေမယ့် “ဗမာပြည်နယ်မှ မဖွဲ့စည်းရင် ဖက်ဒရယ်စံမမီဘူး၊ ဖက်ဒရယ် စိတ်ဆန္ဒ မရှိဘူး” လို့ စွပ်စွဲပြောဆိုလာရင်တော့ “ဖက်ဒရယ်ဆိုတာ လူမျိုးအခြေပြုနဲ့မှ ဖြစ်နိုင်တာလား” ဆိုတာ ပြန်မေးကြရပါမယ်။
“ဒီမိုကရေစီ မထွန်းကားခဲ့တာတွေ၊ အလေ့အထ မရှိတာတွေ၊ အိမ်နီးချင်းပတ်ဝန်းကျင်မှာလည်း ဒီမိုကရေစီ မရှိတာတွေ၊ လူထုရဲ့ ပညာအသိ လူနေမှုဘဝ နိမ့်ကျနေသေးတာတွေ ဆင်ခြေပေးမနေပါနဲ့” ဆိုပြီး အနောက်နိုင်ငံတွေမှာတောင် မဖြစ်နိုင်သေးတဲ့ စံနှုန်းတွေကို မရလို့ ပုတ်ခတ်ဝေဖန်နေကြမယ် ဆိုရင်တော့ တော်လှန်ရေးအတွက် ရင်လေးစရာပါ။
တော်လှန်ရေးအစိုးရနဲ့ တော်လှန်ရေး တပ်မတော်တွေလည်း စစ်တွင်းကာလဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်လောက်နဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေကို လျစ်လျူရှုထားလို့မရပါ။ ဒါတွေကို စနစ်တကျ ဘောင်ထဲကနေ ဆွေးနွေးထောက်ပြမှု မှန်သမျှကို အပြုသဘောဆောင်သည်ဖြစ်စေ၊ မဆောင်သည်ဖြစ်စေ အလေးထား နားထောင်ဖို့ လိုအပ်ပါတယ်။
ခေါင်းဆောင်တွေရော ပြည်သူတွေပါ အထက်မှာ ဆိုခဲ့သလို ဒီမိုကရေစီနဲ့ တန်းတူညီရေး၊ တရားမျှတမှု ရှာဖွေရေး၊ ပြည်သူကို ကိုယ်စားပြုရေးဆိုတဲ့အရာတွေ တောင်းဆိုတိုက်ပွဲဝင်ရာမှာ အကျွမ်းဝင်ပေမယ့် ဒီမိုကရေစီနည်းလမ်းနဲ့ ပြဿနာပေါင်းများစွားကို ဖြေရှင်းနည်းကို အကျွမ်းမဝင်ကြပါဘူး။
ဒါကြောင့် ဘယ်သူဖြစ်ဖြစ် တော်လှန်ရေးအတွက် ကျရာနေရာကနေ လိုအပ်မယ်ထင်တဲ့ ကွက်လပ်မှန်သမျှ ဖြည့်ဆည်းတာ အကောင်းဆုံးပါ။ မိမိ လိုအပ်တယ်ထင်တဲ့ ကွက်လပ်ကို တခြားသူတွေ လိုက်မလုပ်ရကောင်းလားဆိုပြီး အပြစ်တင် ဝေဖန်တာတွေကို ရင့်ကျက်မှုရှိရှိ ရှောင်ကျဉ်ကြသင့်ပါတယ်။
“အတွေးအခေါ် တော်လှန်ရေးဖြစ်တယ်၊ မတရားမှုနဲ့ အာဏာရှင်မှန်သမျှကို တော်လှန်တဲ့ ဒီမိုကရေစီတော်လှန်ရေး ဖြစ်တယ်” လို့ ယုံကြည်သူများအနေနဲ့ ဒီမိုကရေစီရဲ့ ပင်မ အလေ့အထဖြစ်တဲ့ မတူညီတဲ့ အယူအဆတွေကို အပြန်အလှန်လေးစားပြီး ညှိနှိုင်းအဖြေရှာခြင်း ယဉ်ကျေးမှု (compromise culture) ကိုလည်း အထူးအလေးထား သတိပြုကြစေလိုပါကြောင်း။
(ရန်နိုင် (သလ္လာဝတီ) သည် မြန်မာ့အရေး၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို လေ့လာသုံးသပ်သည့် သုတေသီ ဖြစ်သည်။)
You may also like these stories:
အသုံးချခံ ဖြစ်သွားတဲ့ ကဗျာတပုဒ်
တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု
တော်လှန်ရေးကို ထိခိုက်စေသော ရာဇဝတ်မှုများအား ထိန်းချုပ်ရန်လို
ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် NUG ဩဇာညောင်းရဲ့လား
မြန်မာ့တော်လှန်ရေးကို အကဲဖြတ် အမှတ်ပေးခြင်း
မျက်မှောက်ခေတ်ကာလရဲ့ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ် အားပြိုင်မှု
အကျိုးစီးပွား အခြေပြု မဟာမိတ်ဆက်ဆံရေး တည်ဆောက်ကြ













