တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၏ ခရီးစဉ်အပြီး တရုတ်တို့သည် နယ်စပ်တွင် စစ်ကောင်စီတပ်ကို တိုက်ပွဲဝင်နေကြသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့သာမက ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကိုပါ ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့သည်ကို တွေ့ရသည်။
တိုင်းရင်းသားတပ်ဖွဲ့များသည် တရုတ်နယ်စပ်တလျှောက် အပစ်ရပ်ရမည်။ မည်သည့်အကြောင်းကြောင်းကြောင့် သေနတ်သံထွက်သည်ဖြစ်စေ တိုင်းရင်းရင်းသားတပ်ဖွဲ့များ၏ တာဝန်သာဖြစ်သည်။ ဆိုလိုသည်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ပြန်လည်ခုခံသည်ဖြစ်စေ တိုင်းရင်းသားတပ်ဖွဲ့များ၏ တာဝန်သာဖြစ်သည်ဟူ၍ ဖြစ်သည်။ စစ်တပ်နှင့် မဖြစ်မနေ တွေ့ဆုံဆွေးနွေးရမည်ဟု ဖိအားပေးသည်ဟု သိရသည်။
တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များအနေဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံများအား ဆက်ဆံခြင်း မပြုရန် ဖိအားပေးနေသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ PDF စသည့် ပြည်မတော်လှန်ရေး အင်အားစုများနှင့်ပါ ဆက်ဆံခြင်းမပြုရန် ဖိအားပေးလျက်ရှိသည်
နောက်တချက်မှာ တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များအနေဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံများအား ဆက်ဆံခြင်း မပြုရန် ဖိအားပေးနေသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ PDF စသည့် ပြည်မတော်လှန်ရေး အင်အားစုများနှင့်ပါ ဆက်ဆံခြင်းမပြုရန် ဖိအားပေးလျက်ရှိသည်ဟု သိရ၏။
UWSA တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီကို တိုက်ခိုက်ခြင်း မရှိသော်လည်း TNLA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များအား လက်နက်ခဲယမ်းထောက်ပံ့နေသည်ဟု တရုတ်တို့စွပ်စွဲပြီး လက်နက်ခဲယမ်း ထောက်ပံ့ခြင်းမပြုရန် ဖိအားပေးခဲ့သည်ကို တွေ့ရ၏။
တရုတ်နှင့် ဖြတ်လေးဖြတ်
လက်တွေ့တွင်လည်း နမ့်ခမ်းမှသည် ပန်ဆန်းအထိ TNLA, MNDAA, UWSA ထိန်းချုပ်နယ်မြေ နယ်စပ်တလျှောက် ဂိတ်များကို တရုတ်တို့က ပိတ်ပင်ထားပြီး ရိက္ခာ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ လောင်စာဆီ၊ အထွေထွေ လူသုံးကုန်များ မြန်မာပြည်ဘက်သို့ တင်သွင်းခွင့်ကို ပိတ်ပင်ထားသကဲ့သို့ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းများ ပိတ်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းများ ပိတ်ပင်ခြင်း၊ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရ၏။
ကချင်ပြည်နယ် နယ်စပ်တလျှောက်တွင် ယခုအချိန်အထိ ပိတ်ဆို့မှု မပြုလုပ်သေးသော်လည်း မည်သည့်အကြောင်းကြောင့်ဖြစ်စေ တိုက်ပွဲဖြစ်ပါက KIA က တာဝန်ယူရမည်ဖြစ်ပြီး ပိတ်ဆို့မှုများ စတင်မည်ဟု သတိပေးထားသည်ဟု သိရ၏။ ထို့ပြင် အနောက်နှင့် မဆက်ဆံရန် တရုတ်တို့၏ ဖိအားပေးမှုကြောင့် KIA သည် K3C (ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း) တွင် ပါဝင်မှု မတွေ့ရဘဲ K2C ဖြင့်သာ ဆွေးနွေးပွဲများ ဆက်သွားနေသည်ကို တွေ့မြင်ရ၏။

တရုတ်တို့က တိုင်းရင်းသားတပ်ဖွဲ့များ အပစ်မရပ်၍ နယ်စပ်ဒေသကို ပိတ်သည်ဟု အကြောင်းပြသည်။ ရှမ်းမြောက်အပါအဝင် စစ်ပွဲဖြစ်ပွားနေသော ဒေသများကို ရိက္ခာ၊ ဆေးဝါးစသည့် အားလုံးဖြတ်တောက်သော ဖြတ်လေးဖြတ်စနစ်ကို စစ်တပ် ကျင့်သုံးသည်မှာ ကြာမြင့်လှပြီဖြစ်၏။
စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ရေးအရသာမက ဖြတ်လေးဖြတ်ကိုလည်း ရင်ဆိုင်ကြရ၏။ တော်လှန်ရေးတပ်ဖွဲ့များသာမက ဒေသတွင်းလူထုပါ ရင်ဆိုင်ကြရ၏။ ယနေ့ နွေဦးတော်လှန်ရေးကာလတွင်လည်း စစ်ရေးအရသာမက စစ်ကောင်စီ၏ ဖြတ်လေးဖြတ်ဒဏ်ကို ရင်ဆိုင်ကြရသည်ကို တွေ့မြင်နိုင်၏။
နယ်စပ်ဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များကမူ နယ်စပ်ဒေသများမှ ရသဖြင့် အတန်ငယ် အသက်ရှူချောင်သည်ဟု ဆိုနိုင်သည်။ ယခု တရုတ်နယ်စပ်ရှိ ဒေသများတွင် စစ်ကောင်စီ၏ ဖြတ်လေးဖြတ်သာမက နောက်ကြောမှ တရုတ်၏ ဖြတ်လေးဖြတ်ကိုပါ ရင်ဆိုင်နေကြရပြီဖြစ်၏။
တရုတ်တို့၏ ဖြတ်လေးဖြတ်သည် တော်လှန်ရေးတပ်ဖွဲ့များထက် ဒေသခံလူထုတို့အား တိုက်ရိုက်ထိခိုက်သည်ကို တွေ့ရ၏။ ရှမ်းမြောက်တွင် ယခင်လူဦးရေ ၇ သိန်းခန့်ရှိရာ ယခု TNLA, MNDAA, KIA ထိန်းချုပ်နယ်မြေအတွင်း လူဦးရေ ၅ သိန်းခန့် ရှိနိုင်သည်။ ထို့ပြင် ဝဒေသတွင် လူဦးရေ ၅ သိန်းခန့်ရှိသည်။
တရုတ်တို့၏ ဖြတ်လေးဖြတ်သည် တော်လှန်ရေးတပ်ဖွဲ့များထက် ဒေသခံလူထုတို့အား တိုက်ရိုက်ထိခိုက်သည်ကို တွေ့ရ၏။ ရှမ်းမြောက်တွင် ယခင်လူဦးရေ ၇ သိန်းခန့်ရှိရာ ယခု TNLA, MNDAA, KIA ထိန်းချုပ်နယ်မြေအတွင်း လူဦးရေ ၅ သိန်းခန့် ရှိနိုင်သည်။ ထို့ပြင် ဝဒေသတွင် လူဦးရေ ၅ သိန်းခန့်ရှိသည်။ စစ်အင်အား သောင်းဂဏန်းရှိသည့် တော်လှန်ရေးတပ်ဖွဲ့များကို ဖြေရှင်းရသည်ထက် လူဦးရေ ၁၀ သိန်းခန့်ရှိ လူထုအတွက် ဖြေရှင်းရသည်မှာ ပို၍ခက်ခဲ၏။
စစ်ကောင်စီနှင့်တရုတ်တို့ ရှေ့နောက်ညှပ်၍ ဖြတ်လေးဖြတ်ပြုလုပ်သဖြင့် ရှမ်းမြောက်တွင် အထွေထွေ ကုန်ပစ္စည်းများ စတင်ရှားပါးလာနေပြီး အထူးသဖြင့် ဆေးဝါးရှားပါးမှုကို အဓိကအားဖြင့် လူဦးရေ ၁၀ သိန်းခန့်ရှိသည့် ဒေသခံလူထု စတင်ကြုံတွေ့ခံစားနေရပြီ ဖြစ်၏။
မြန်မာပြည် တော်လှန်ရေးသမိုင်းတွင် မြန်မာစစ်တပ်၏ ဖြတ်လေးဖြတ်သာကြုံဘူးခဲ့ရာမှ တရုတ်တို့၏ ဖြတ်လေးဖြတ်ပါ ထပ်ဆင့်ကြုံရသည့်၊ အတွေ့အကြုံသစ်၊ သမိုင်းစာမျက်နှာသစ်များဖြစ်ခဲ့၏။
ဆွေမျိုးပေါက်ဖော်တဲ့လား
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး တပြည်လုံးအနှံ့ စစ်ပွဲများဖြစ်ပွားခြင်းနှင့်အတူ စစ်ဘေးဒုက္ခသည်များ သန်းနှင့်ချီ၍ ပေါ်ပေါက်လာသည်ကို တွေ့မြင်နိုင်၏။ တရုတ်-မြန်မာနယ်စပ်တလျှောက် သံဆူးကြိုးများ ကာရံထားသည့် တရုတ်တို့သည် မြန်မာပြည်က ဒုက္ခသည်တဦးတလေမှ တရုတ်ပြည်အတွင်း အဝင်မခံခဲ့ပေ။ အလားတူ မြန်မာပြည်ရှိ တိုင်းရင်းသား စစ်ဘေးဒုက္ခသည်များအား တရုတ်တို့က ဆန်တစေ့၊ ဆီတစက် လှူဒါန်းသည်ကို မည်သူမှ မတွေ့ဖူးကြပေ။
တဦးက မြစ်ညှာမှာနေ၊ တဦးက အကြေအရပ်မှာနေသည့် တရုတ်နှင့် မြန်မာသည် ဆွေမျိုးပေါက်ဖော်များဟု တရုတ်တို့က ဆိုလေ့ရှိကြသည်။ ဆွေမျိုးသားချင်းဆိုသည်မှာ တဦးဒုက္ခရောက်နေစဉ် တဦးက ကူညီသူများကိုမှ ဆွေမျိုးသားချင်းစစ်သည်၊ မိတ်ဆွေစစ်သည်ဟု မြန်မာပြည်တိုင်းရင်းသားများက မှတ်ယူကြပါသည်။
မြန်မာပြည်တိုင်းရင်းသားများ ဒုက္ခရောက်နေစဉ် မိမိအကျိုးစီးပွားမှလွဲ၍ မြန်မာပြည် စစ်ဘေးဒုက္ခသည်များကို မျက်နှာလွှဲထားသည့်အပြင် မြန်မာ့နယ်စပ်တလျှောက် စစ်အင်အားပြ ခြိမ်းခြောက်ခြင်း၊ စစ်ကောင်စီနှင့်အတူ ဖြတ်လေးဖြတ် ပြုလုပ်သည့် တရုတ်တို့အား မြန်မာပြည်သူများက ဆွေမျိုးပေါက်ဖော်အဖြစ် အသိအမှတ်ပြုရန် ခက်ခဲပေလိမ့်မည်။
မြန်မာ့အိမ်နီးချင်းတနိုင်ငံဖြစ်သည့် ထိုင်းတို့ကမူ စစ်ဘေးဒုက္ခသည်များကို လက်ခံသည်။ စစ်ဘေးဒုက္ခသည်များကို အကူအညီပေးသည်။ စစ်ဘေးကြောင့်၊ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာသည့် မြန်မာတိုင်းရင်းသားများကို ထိုင်းဥပဒေဘောင်ဝင်အောင် ပြုလုပ် အကူအညီပေး၏။ ထို့ပြင် မြန်မာပြည်မှ ဘေးပေါင်းစုံကြောင့် ထွက်ပြေးလာကြရသည့် မြန်မာတိုင်းရင်းသားပေါင်းစုံ ပြည်သူများ၏ ကလေးငယ်များကိုပါ ပညာသင်ကြားပေးသည်။ လူဦးရေ သန်း ၆၀ ကျော်သာရှိသော ထိုင်းတို့သည် သန်းနှင်းချီရှိသော မြန်မာဒုက္ခသည်များကို မျက်နှာလွဲခဲပစ် မလုပ်ခဲ့ကြပေ။
လူဆိုသည်မှာ မိမိဒုက္ခရောက်စဉ် ကူညီသူကို မိတ်ဆွေစစ်အဖြစ် အသိအမှတ်ပြုကြပြီး မိမိဒုက္ခရောက်စဉ် ထပ်ဆင့် ဒုက္ခပေးသူများအား ခါးခါးသီးသီး မုန်းတီးလေ့ရှိပါသည်။
ထို့ကြောင့်လည်း ဤကာလ ကျော်ဖြတ်ပြီးပါက မြန်မာပြည်တိုင်းရင်းသားပေါင်းစုံ ပြည်သူတို့၏ ဆွေမျိုးပေါက်ဖော်မှာ ထိုင်းတို့ဖြစ်သည်၊၊ မိတ်ဆွေစစ်မှာ ထိုင်းတို့ဖြစ်သည်ဟူ၍ မြန်မာပြည်သူများ ပြောင်းလဲသတ်မှတ်ပါက အံ့ဩစရာရှိမည် မဟုတ်ပေ။ လူဆိုသည်မှာ မိမိဒုက္ခရောက်စဉ် ကူညီသူကို မိတ်ဆွေစစ်အဖြစ် အသိအမှတ်ပြုကြပြီး မိမိဒုက္ခရောက်စဉ် ထပ်ဆင့် ဒုက္ခပေးသူများအား ခါးခါးသီးသီး မုန်းတီးလေ့ရှိပါသည်။
တရားမျှတမှု မရှိသည့် တရုတ်တို့ ဖိအား
ဤကိစ္စရပ်နှင့် ပတ်သက်၍ တရုတ်တို့က မြန်မာပြည်စစ်ပွဲကို အမြန်ရပ်တန့်သွားရန် ရည်ရွယ်ပြီး သူ၏ဩဇာကို အသုံးပြုသည်ဟု ဆိုနိုင်ပါ၏။
သို့သော် တရုတ်တို့ဖိအားသည် နှစ်ဖက်မျှတရန် လိုသည်။ အစောပိုင်းက တရုတ်တို့သည် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်တောင်းသည် သို့မဟုတ် လွှတ်ပေးရန် တောင်းဆိုသည်ဟူသည့် အတည်ပြုမရသောသတင်းများ ထွက်ပေါ်သည်။ အတည်ပြုရန် ခက်ခဲသော်လည်း ထိုဖြစ်ရပ် အမှန်ဆိုပါက တရုတ်လုပ်ရပ်ကို မြန်မာပြည်သူများ ကြိုဆိုသည်သာဖြစ်၏။
လက်ရှိတွင် တရုတ်က နယ်စပ်ရှိ တိုင်းရင်းသားတပ်ဖွဲ့များကို ဖြတ်လေးဖြတ်ဖြင့် ပိတ်ဆို့ဖိအားပေးနေစဉ် စစ်ကောင်စီအား သင့်တော်သည့် ဖိအားပေးပါ၏လော။ လက်တွေ့တွင် စစ်ကောင်စီသည် လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ မန်တုံ၊ သိန္နီ၊ နမ့်ခမ်းမြို့များအပါ တပြည်လုံးရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြို့များအား နေ့နေ့ညည လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေ၏။ အရပ်သားများ သေဆုံးနေ၏။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ဆင်နွှဲနေသည့် နှစ်လကျော်အတွင်း စစ်ကောင်စီတပ်က စစ်ဘက်နှင့် မသက်ဆိုင်သည့် အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်ရာ ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀၁ ဦး သေဆုံးကာ ၂၂၈ ဦး ဒဏ်ရာရခဲ့သည်ဟု တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC) က စက်တင်ဘာလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ လူနေအိမ်၊ ဈေး၊ စာသင်ကျောင်းနှင့် အဆောက်အဦ ၁၇၀ ကျော်လည်း ထိခိုက်မီးလောင်ပျက်စီးခဲ့သည်ဟု သိရ၏။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတွင် တရုတ်နယ်စပ်ရှိ နမ့်ခမ်းမြို့ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့က တိုက်ခိုက်သွားသည်ကို တွေ့ရသည်။ နယ်စပ်တွင် တိုက်ပွဲမဖြစ်ရေး တိုင်းရင်းသားတပ်ဖွဲ့များကို ဖိအားပေးနေသော တရုတ်တို့က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုအား ကန့်ကွက်သည်ကို မတွေ့ရပေ။ ထို့ပြင် စစ်ကောင်စီက မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့အား အကြမ်းဖက်အဖွဲ့ဟု ကြေညာပြီး ဆုံးရှုံးသွားသောနယ်မြေများကို ပြန်လည် ထိုးစစ်ဆင်မည်ဟု ဆိုနေ၏။ ဆွေးနွေးမည့်သဘောထား ပြသခြင်း မတွေ့ရပေ။
တရုတ်နယ်စပ်တလျှောက် ဖြတ်လေးဖြတ်ပြုလုပ်ပြီး တိုင်းရင်းသားတပ်ဖွဲ့များအပေါ် ဖိအားပေးနေခြင်းသည် မျှတမှု မရှိပေ။ နှစ်ဖက် လုံးထွေးသတ်ပုတ်နေသော ရန်ပွဲတွင် တဖက်အား နောက်ဘက်က ကူချုပ်ပေးပြီး တဖက်ကို ထိုးခိုင်းခြင်းနှင့်တူသည်။
သို့ဖြစ်ရာ တရုတ်နယ်စပ်တလျှောက် ဖြတ်လေးဖြတ်ပြုလုပ်ပြီး တိုင်းရင်းသားတပ်ဖွဲ့များအပေါ် ဖိအားပေးနေခြင်းသည် မျှတမှု မရှိပေ။ နှစ်ဖက် လုံးထွေးသတ်ပုတ်နေသော ရန်ပွဲတွင် တဖက်အား နောက်ဘက်က ကူချုပ်ပေးပြီး တဖက်ကို ထိုးခိုင်းခြင်းနှင့်တူသည်။ ထိုသို့ မျှတမှုမရှိသည့် လုပ်ရပ်သည် မြန်မာပြည်အရေး ဖြေရှင်းရေးအတွက် အထောက်အကူ မဖြစ်ပေ။ ထို့အတူ မမျှတသောဖိအားအောက်တွင် ဖိအားကြောင့် ပြားမသွားဘဲ ဖိအားကြောင့် ပြန်ကန်ထွက်နိုင်ခြေများနေ၏။
စစ်တပ် မပြိုကွဲလျှင် ဘာဖြစ်မည်နည်း
မြန်မာပြည်တွင်းရှိ ရင်းနှီးမြှုပ်နှံများအတွက်၊ အနာဂတ် ရင်းနှီးမြှုပ်နှံများအတွက် မြန်မာပြည်ကို အမြန်တည်ငြိမ်လိုသည့် တရုတ်တို့သာမက အနောက်တိုင်းမှ ပညာရှင်အချို့နှင့် ခေတ်ကာလ အဆက်ဆက်က နိုင်ငံရေးဇာတ်ပျက်များသည် စစ်တပ်အာဏာသိမ်းခါစက လူထုအုံကြွမှုများ ပေါ်လာသောအခါ နောက်ဆုံး စစ်တပ်ကသာ ထိန်းချုပ်နိုင်ပြီး ငြိမ်သက်သွားမည်ဟု ယူဆခဲ့ကြသည်။ ယခုအခါတွင် စစ်တပ်ပြိုကွဲနိုင်ခြေ ရှိလာသည့်အခါ မျက်ကလဲဆန်ပြာဖြစ်ပြီး စစ်တပ်ပြိုကွဲပါက တိုင်းပြည်ပြိုကွဲနိုင်သည်ဟု ပြောင်းလဲပြောဆိုနေသည်ကို တွေ့ရ၏။
ဧရာဝတီနှင့် အင်တာဗျူးတွင် အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ပြောသကဲ့သို့ စစ်တပ်မပြိုကွဲလျှင်ရော မြန်မာပြည် ဘာဖြစ်မည်နည်းဆိုသည်ကို အလေးထားသုံးသပ်သင့်သည်။ ဤသုံးသပ်ချက်အတွက် ခန့်မှန်သုံးသပ်ရန် မလိုအပ်ပါ။ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းကတည်းက ယနေ့အထိ အနှစ် ၇၀ ကျော် အတွေ့အကြုံများကို ပြန်လည်သုံး သပ်ကြည့်လျှင် သိနိုင်ပါသည်။
စစ်တပ်မပြိုကွဲပါက ပထမအချက်မှာ တိုင်းပြည်မူဝါဒ အပြောင်းအလဲ မကြာခဏဖြစ်မည်။ ဒုတိယအနေနှင့် တိုင်းပြည် မတည်မငြိမ်ဆက်ဖြစ်နေမည်ဟု အဓိကအချက်နှစ်ချက်ကို ထင်ရှားစွာမြင်နိုင်သည်။
စစ်တပ် ကာကွယ်ရေးဦးစီးချုပ်တယောက် ပြောင်းတိုင်း ထင်ရာစိုင်းသည်ဖြစ်ရာ စစ်တပ်မပြိုကွဲပါက တိုင်းပြည်မူဝါဒ မတည်ငြိမ်ဘဲ ကြီးကြီးမားမား ပြောင်းနေမည်သာ ဖြစ်သည်။ ဗိုလ်နေဝင်းက ဆိုရှယ်လစ်လမ်းစဉ်ဆိုသည်ကို ကျင့်သုံးပြီး တိုင်းပြည်မွဲသွားသည်။
ဗိုလ်သန်းရွှေက ဈေးကွက်စီးပွားရေး ကျင့်သုံးသည်ဆိုခါ တိုင်းပြည်သယံဇာတများကို သူခိုးဈေးနှင့်ရောင်းပြီး စစ်ဗိုလ်များနှင့် ခရိုနီများ ချမ်းသာကြွယ်ဝကာ တိုင်းပြည်ပို၍ မွဲကျန်ရစ်ခဲ့သည်။
မင်းအောင်လှိုင် အာဏာသိမ်းသောအခါ တိုင်းပြည်ရော၊ စစ်တပ်ပါ ပြိုကွဲပြီး ထိန်းမနိုင်သိမ်းမရဖြစ်၏။ မူဝါဒပင် တိတိကျကျမရှိဘဲ သမဝါယမစနစ် ကျင့်သုံးမည်ဟု ပါးစပ်ထဲတွေ့ရာအော်ပြီး ဆန်စင်ရာ ကျည်ပွေ့လိုက်နေသည်ကို တွေ့နိုင်သည်။
ဒုတိယအနေဖြင့် စစ်တပ်မပြိုကွဲပါက ပြည်မတွင်ရော တိုင်းရင်းသားဒေသများတွင်ပါ တည်ငြိမ်မှု ရှိနိုင်မည်မဟုတ်သည်ကို ပြီးခဲ့သောကာလများက တွေ့ခဲ့ရသကဲ့သို့ ဆက်လက်လည်း တွေ့နေမည်သာဖြစ်၏။
ယခင် အင်အားတောင့်တင်းခဲ့သော ကာလကပင် တော်လှန်ရေးအင်အားစုများကို အနိုင်မတိုက်နိုင်ခဲ့သော စစ်တပ်သည် ယခုကဲ့သို့ အင်အားချိနဲ့နေပြီး တော်လှန်ရေးအင်အားစုများက အားကောင်းလာသည့်အချိန်တွင် အနိုင်ရရှိရန် လုံးဝမဖြစ်နိုင်တော့ပေ။ စစ်တပ်မပြိုကွဲပါက တိုင်းပြည် လုံးဝတည်ငြိမ်မှုရှိမည် မဟုတ်ပေ။
ယခင် အင်အားတောင့်တင်းခဲ့သော ကာလကပင် တော်လှန်ရေးအင်အားစုများကို အနိုင်မတိုက်နိုင်ခဲ့သော စစ်တပ်သည် ယခုကဲ့သို့ အင်အားချိနဲ့နေပြီး တော်လှန်ရေးအင်အားစုများက အားကောင်းလာသည့်အချိန်တွင် အနိုင်ရရှိရန် လုံးဝမဖြစ်နိုင်တော့ပေ။ စစ်တပ်မပြိုကွဲပါက တိုင်းပြည် လုံးဝတည်ငြိမ်မှုရှိမည် မဟုတ်ပေ။
စစ်တပ် အသက်ဆက်နိုင်ပါမည်လော
တရုတ်တို့သည် စစ်တပ်ပြိုကွဲပါက တိုင်းပြည်ဗရမ်းဗတာဖြစ်ပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုများ ထိခိုက်မည် စိုးရိမ်၍ စစ်ကောင်စီတပ်ကို အသက်ဆက်ပေးရန် ဆောင်ရွက်နေသည်ဟု အများက ယူဆကြ၏။ စစ်တပ်ပြိုကွဲမှုကို တားဆီး၍ ရနိုင်ပါမည်လော။
စစ်တပ်ပြိုကွဲလျှင် အဓိက အကြောင်းအရင်းမှာ အတွင်းပိုင်းအကြောင်းရင်းကြောင့် ဖြစ်သည်။ ထိပ်ဆုံးမှ အောက်ခြေအထိ ကိုယ်ကျိုးစီးပွားရှာနေကြပြီး တိုက်စိတ်ခိုက်စိတ် မရှိကြတော့ပေ။ အမာခံအကြမ်းခံ တိုက်စိတ်ခိုက်စိတ်ရှိသည့် စစ်သားလုပ်မည်သူလည်း မရှိတော့ပေ။

ထို့ပြင် စစ်တပ်သည် စစ်စည်းကမ်း၊ လူထုစည်းကမ်း လိုက်နာခြင်းမရှိသည့် လူသတ်၊ လုယက်၊ မီးရှို့ ၊ မုဒိမ်းကျင့် စသည့် စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေသည့် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းတခုသာ ဖြစ်နေသည်သာမက လူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ လူထုအိုးအိမ် ၁ သိန်းခန့် မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ အကျဉ်းထောင်၊ စစ်ကြောရေးစခန်းများတွင် လူရာနှင့်ချီ ဥပဒေမဲ့ သတ်ဖြတ်ခဲ့ခြင်းတို့ကြောင့် လူထုထောက်ခံမှုလည်း မရရှိတော့ပေ။ နိုင်ငံတနိုင်ငံကိုယ်စားပြုသည့် စစ်တပ်ဂုဏ်သိက္ခာ လုံးဝမရှိတော့ပေ။
စစ်တပ်ထဲ ဝင်မည့်သူမရှိ၍ အတင်းအဓမ္မ လူဖမ်းပြီး စစ်သားသစ် စုဆောင်းနေသည်ကို တွေ့မြင်နိုင်၏။ တချိန်က စစ်တပ်၏ အမာခံစစ်သားများ ဖြစ်ခဲ့ကြသည့် အညာသားများနှင့် ကရင်၊ ကချင်၊ ရခိုင်၊ ချင်းစသည့် တိုင်းရင်းသားများသည် စစ်တပ်ကို ကျောခိုင်းသွားခဲ့ပြီ ဖြစ်၏။
လက်နက်အင်အား တောင့်တင်းသော်လည်း တူမီးကိုင်ပြီး စတင်ခဲ့သည့် တိုက်စိတ်ခိုက်စိတ် ပြင်းပြသော တော်လှန်ရေးတပ်ဖွဲ့များကို အနိုင်မယူနိုင်သည့်အပြင် တိုင်းစစ်ဌာနချုပ်တခုအပါ တပ်ရင်းတပ်ဖွဲ့ ၁၀၀ ကျော် စစ်အင်္ဂါစဉ်ထဲမှ ပျောက်ကွယ်သွားပြီး ကျန်တပ်အများစုမှာလည်း အထိနာနေ၏။ မြို့ပေါင်း ၈၀ ခန့် လက်လွှတ်ခဲ့ရပြီ ဖြစ်၏။
ဗိုလ်ချုပ် ထွန်းမြတ်နိုင် စကားကို ကိုးကားဆိုရလျှင် အင်္ဂါဂြိုဟ်က လာကယ်လျှင်တောင်မှ စစ်ကောင်စီတပ် ပြိုကွဲမှုကို တားဆီးနိုင်မည် မဟုတ်ပေ။
သို့ဖြစ်ရာ ဗိုလ်ချုပ် ထွန်းမြတ်နိုင် စကားကို ကိုးကားဆိုရလျှင် အင်္ဂါဂြိုဟ်က လာကယ်လျှင်တောင်မှ စစ်ကောင်စီတပ် ပြိုကွဲမှုကို တားဆီးနိုင်မည် မဟုတ်ပေ။
အောင်ပွဲရခါနီးလေ
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်တိုက်ပွဲသည် ခက်ခဲသည်။ အောင်ပွဲရခါနီးလေ အခက်အခဲကြီးလေဖြစ်၏။ စစ်တပ်သည် ၂၀၁၆ ခန့်အထိ မြောက်ပိုင်းသုံးဖွဲ့ လက်နက်စွန့်ရမည်ဟု မောက်မာခဲ့သည့် အခြေအနေမှ ယနေ့ကာလတွင် နယ်မြေ၊ တပ်ဖွဲ့ အများအပြား ဆုံးရှုံးသွားခဲ့ပြီး ဆုံးရှုံးသွားသည့်နေရာများ ပြန်တိုက်ယူရမည်ဟု ဆိုက်ဝါးစစ်ဆင်ရေး ဆိုနေရသည့်ဘဝသို့ ရောက်သွားပြီဖြစ်၏။
ယခင်က စစ်တပ်ကပင် နောက်ဆုံးနိုင်မှာပါဟု မှတ်ယူထားကြသူများလည်း ယခုအခါ မြန်မာစစ်တပ် ပြိုကွဲနိုင်သည်၊ စစ်တပ်ပြိုကွဲပါက တိုင်းပြည်ပြိုကွဲနိုင်သည်ဟု ဆိုနေကြပြန်သည်။ စစ်တပ်ကို ကိုယ်ကျိုးစီးပွားပေါ် အခြေပြု၍ အသက်ဆက်ပေးရန် ကြံစည်လာကြသည်ကို တွေ့နေရ၏။
သို့သော် မြန်မာပြည်တိုင်းရင်းသား လူမျိုးစုံ ပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ တပြည်ထောင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ကို ဗိုလ်ချုပ် ထွန်းမြတ်နိုင် ပြောသကဲ့သို့ပင် အင်္ဂါဂြိုဟ်က ဆင်းတားလည်း ရမည်မဟုတ်ပေ။
မိမိထက် အင်အားကြီးမားသည့် အင်္ဂလိပ်နှင့် ဂျပန်တို့ကို ခေါင်းငုံ့မခံဘဲ တော်လှန်ခဲ့ကြသော မြန်မာပြည်တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူများသည် အင်္ဂါဂြိုဟ်က လာရောက်ပြီး ဗိုလ်ကျစိုးမိုးရေးဝါဒ ကျင့်သုံးပါကလည်း ခေါင်းငုံ့ခံကြလိမ့်မည် မဟုတ်ပေ။
(ဝတ်ရည်ခိုင်မာသည် နိုင်ငံတကာဆက်ဆံရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
တရုတ်ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ကတိပြု
အိန္ဒိယ၊ တရုတ်နှင့် အာဆီယံတို့သည် မြန်မာ အကြမ်းဖက် ဗုံးကြဲသတ်ဖြတ်နေမှု ကြံရာပါများ ဖြစ်ကြသည်
စစ်ကောင်စီကို တရုတ်က ဘဏ္ဍာရေး အသက်ဆက်မပေးရန် လိုသည်
မြန်မာတွင် လှေနံနှစ်ဖက်နင်းသည့် တရုတ် အကုန်ဆုံးရှုံးနိုင်ခြေ ရှိသလား
အပယ်ခံဗိုလ်ချုပ်များနှင့် တရုတ်ဆက်ဆံခြင်းက မြန်မာအတွက်ဆိုးကျိုး
တရုတ်ဆန့်ကျင်ရေးကို စွန့်လွှတ်ပြီး စစ်ခေါင်းဆောင်လေသံပြောင်း













