၂၀၁၀ ပြည့်နှစ်တွင် အာရပ်နွေဦးတော်လှန်ရေးဟု ဆိုကြသည့် လှုပ်ရှားမှုကြီးသည် တူနီးရှားက အစပြု၍ အာရပ်နိုင်ငံ အတော်များများတွင် ဖြစ်ပွားခဲ့ပြီး အာရပ်နိုင်ငံများတွင် အစိုးရအပြောင်းအလဲများ ဖြစ်ခဲ့သည်ကို တွေ့ခဲ့ကြရ၏။
ပထမပိုင်းတွင် ဆီးရီးယား သမ္မတ အာဆတ်အစိုးရ ဆန့်ကျင်ရေးအဖွဲ့များ အားကောင်းခဲ့ပြီး အောင်ပွဲခံနိုင်ခဲ့သည်ကို တွေ့ခဲ့ရသဖြင့် အာရပ်နွေဦးတော်လှန်ရေးတွင် အခြား အာရပ်တိုင်းပြည်များကဲ့သို့ အာဆတ်အစိုးရ ပြိုကျသွားနိုင်မည့် အခြေအနေမျိုးကို မျှော်လင့်ခဲ့ကြ၏။ သို့သော်လည်း ၂၀၁၁ ခုနှစ်တွင် ဆန္ဒပြပြည်သူများကို အာဆတ်အစိုးရက ရက်ရက်စက်စက် နှိမ်နင်းရာမှ ဆီးရီးယားပြည်တွင်းစစ် အစပြုခဲ့၏။
အစောပိုင်းတွင် ဆီးရီးယား တော်လှန်ရေးအင်အားစုများ အားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် ရုရှား၊ အီရန်စသည့် မဟာမိတ်များ၏ ပံ့ပိုးမှုနှင့် အာဆတ်အစိုးရ ပြန်ရှင်သန်နိုင်ခဲ့သည်သာမက ပြန်လည်၍ အားကောင်းမောင်းသန် ဖြစ်လာခဲ့၏။ ရုရှားသည် ဆီးရီးယား၌ ၂၀၁၅ ခုနှစ်မှစ၍ စစ်ရေးအရ အတိအလင်း ပါဝင်ခဲ့သည်။
ဆီးရီးယား တော်လှန်ရေးတပ်ဖွဲ့များ၏ ပြဿနာမှာ လူမျိုးရေး၊ ဘာသာရေး အခြေခံများကြောင့် အုပ်စုကွဲ များပြားခြင်းဖြစ်သည်ဟု အများက ယူဆကြ၏။
ဆီးရီးယား တော်လှန်ရေးတပ်ဖွဲ့များ၏ ပြဿနာမှာ လူမျိုးရေး၊ ဘာသာရေး အခြေခံများကြောင့် အုပ်စုကွဲ များပြားခြင်းဖြစ်သည်ဟု အများက ယူဆကြ၏။ ဆီးရီးယား တော်လှန်ရေးအင်အားစု တခုမှာ Syria National Army (SNA) ဖြစ်ပြီး တူရကီထောက်ပံ့မှု ရရှိထား၏။ SNA သည် အာဆတ်ကို တိုက်သကဲ့သို့ တဖက်တွင် မြောက်ပိုင်းမှ ကာ့ဒ်လူမျိုး လက်နက်ကိုင်အဖွဲ့များကိုလည်း တိုက်၏။ SNA အတွင်းရှိ အဖွဲ့ငယ်များသည်လည်း တခါတရံ အချင်းချင်း တိုက်ခိုက်မှုများ ရှိကြ၏။
ထို့ပြင် Syrian National Coalition (SNC) နှင့် Syrian National Council (SNC) နှစ်ခုလည်း ရှိ၏။ အဝေးရောက်အစိုးရသဘောမျိုး ဖွဲ့စည်းထားခြင်းဖြစ်သည်။ SNC သည် အရင်က တဖွဲ့တည်းဖြစ်သော်လည်း ယခုတော့ နှစ်ဖွဲ့ကွဲနေကြ၏။ ထို့ပြင် အာဆတ်၏ စစ်တပ်ထဲမှ ဘက်ပြောင်းလာသူများကို အဓိက အခြေခံဖွဲ့စည်းထားသည့် Free Syrian Army (FSA) ရှိပြီး FSA က SNC နှင့် နီးစပ်သည်။
ကာ့ဒ်လူမျိုး လက်နက်ကိုင်အဖွဲ့များတွင် အမေရိကန်က ထောက်ပံ့ပေးထားသည့် Syria Democratic Forces (SDF) ဆိုသည်မှာ ထင်ရှား၏။ ထိုအဖွဲ့သည်လည်း အဖွဲ့ငယ်လေးများနှင့် စုဖွဲ့ထားပြီး ဖက်ဒရယ်၊ ဒီမိုကရေစီနှင့် ဘာသာရေး မရောယှက်သည့်နိုင်ငံတော် တည်ထောင်မည်ဟု ကြွေးကြော်သည်ကို တွေ့ရသည်။ SDF အဖွဲ့သည် အာဆတ်အစိုးရကို တိုက်သကဲ့သို့ SNA နှင့်လည်း တိုက်ခိုက်မှု ဖြစ်ပွားသည်ကို တွေ့ရ၏။
ကာ့ဒ်လူမျိုး လက်နက်ကိုင်တပ်ဖွဲ့တခုမှာ People’s Protection Units-YPG ဖြစ်ပြီး Kurdish Democratic Union Party-PYD နှင့် ချိတ်ဆက်မှုရှိသည်။
ထို့ပြင် မွတ်ဆလင်ဘာသာရေးအခြေပြု အဖွဲ့များစွာရှိသည်။ Jabhat al-Nusra (Nusra Front) အဖွဲ့အား အဘူ မိုဟာမက် အယ်လ် ဂျူလာနီ ခေါင်းဆောင်ပြီး အစောပိုင်းက အယ်လ်ကိုင်ဒါ၏ ဆီးရီးယားအဖွဲ့ခွဲ ခေါင်းဆောင်ဖြစ်သည်။ ISIS နှင့် မဟာမိတ်ဖြစ်ရာ ဂျူလာနီအား အကြမ်းဖက်သမားအဖြစ် အမေရိကန်က သတ်မှတ်ထားသည်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် Jabhat al-Nusra (Nusra Front) ၏ ခေါင်းဆောင် အဘူ မိုဟာမက် အယ်လ် ဂျူလာနီ ခေါင်းဆောင်ပြီး Jabhat al-Nusra, Ansar al-Din Front, Jaysh al-Sunna, Liwa al-Haqq, နှင့် Nour al-Din al-Zenki Movement အပါအဝင် အဖွဲ့များစွာ ပေါင်းစည်း၍ ဟာယတ် တာရီရာ အယ်လ်ရှမ် (HTS) ကို ဖွဲ့စည်းခဲ့၏။
ပြည်တွင်း၌ အဖွဲ့များ ရှုပ်သကဲ့သို့ ဆီးရီးယားပြည်တွင်းစစ်သည် လက်ဝေခံစစ်ပွဲမျိုး ဖြစ်လာ၏။ ရုရှား၊ အီရန်နှင့် ဟစ်ဇဘိုလာက အာဆတ်ကို ထောက်ပံ့၏။ တူရကီက SNA ကို အဓိက ထောက်ပံ့ပြီး အမေရိကန်က SDF ကို ထောက်ပံ့ကြောင်း တွေ့ရသည်။ ထောက်ပံ့ရုံသာမက စစ်စခန်းများလည်း ဖွင့်ထားကြ၏။

ရုရှားက လေတပ်စခန်းရော ရေတပ်စခန်းပါ စခန်း ၂၀ ကျော် ဖွင့်လှစ်ထား၏။ အီရန်ကလည်း ဆီးရီးယားထဲတွင် စစ်စခန်း ၅၀ ကျော် ဖွင့်ထား၏။ မြို့တော် ဒမတ်စကတ်နှင့် ဒုတိယမြို့တော် အလက်ပိုတို့တွင်ပါ စစ်စခန်းများ ဖွင့်ထား၏။
အမေရိကန်ကလည်း ဆီးရီးယားမြောက်ပိုင်းတွင် စစ်စခန်းများ ဖွင့်ထားသကဲ့သို့ တူရကီကလည်း ဆီးရီးယားမြောက်ပိုင်းတွင် စစ်စခန်း ၁၁၄ ခု ရှိသည်ဟု သိရသည်။ စစ်စခန်းများ ဖွင့်ထားရုံမကဘဲ သူတို့ပါ ဝင်ရောက်တိုက်ခိုက်ကြသည်။ ရုရှားနှင့် အီရန်က အာဆတ်ကို ကူတိုက်ပြီး ဟစ်ဇဘိုလာကလည်း အာဆတ်ဘက်က ဝင်တိုက်ပေး၏။ အမေရိကန်က SDF အားလည်းကောင်း၊ တူရကီက SNA ကိုလည်းကောင်း အဓိက ကူညီပံ့ပိုးပေး၏။
ဆီးရီးယား ပြည်တွင်းစစ်က ကြာမြင့်လာလေ အခြေအနေက ပိုရှုပ်ထွေးလာ၏။ အာဆတ်ဆန့်ကျင်ရေးအဖွဲ့များ ကြားတွင်လည်း ပဋိပက္ခတွေများက ပို၍ကြီးလာသည်။
သို့ဖြစ်ရာ ဆီးရီးယားအခြေအနေကို ရှုပ်ထွေးလှသည်ဟု သုံးသပ်ကြ၏။ ဆီးရီးယား ပြည်တွင်းစစ်က ကြာမြင့်လာလေ အခြေအနေက ပိုရှုပ်ထွေးလာ၏။ အာဆတ်ဆန့်ကျင်ရေးအဖွဲ့များ ကြားတွင်လည်း ပဋိပက္ခတွေများက ပို၍ကြီးလာသည်။
ထိုအဖွဲ့များသည် နယ်မြေအနည်းငယ်စီသာ ထိန်းထားနိုင်ကြသော်လည်း အာဆတ်အစိုးရ ဖြုတ်ချနိုင်သည်အထိ အားမကောင်းကြဟု ယူဆကြ၏။ အာဆတ်သည် အဓိကမြို့တော်များနှင့် နေရာအများစုကို ထိန်းထားနိုင်ပြီး သူ့မဟာမိတ်များ၏ ထောက်ပံ့မှုနှင့် ပြန်လည် အားကောင်းလာသည်။
နောက်ပိုင်းတွင် နိုင်ငံတကာကလည်း မိမိနိုင်ငံပြဿနာကို အလေးထားလာသည့်အပြင် အခြေအနေ ရှုပ်ထွေးလွန်း၍ အာဆတ်အစိုးရ ဆက်လက်တည်ရှိရေးကို ပိုစဉ်းစားလာကြ၏။ အာဆတ်အစိုးရသာ ပြုတ်ကျသွားခဲ့လျှင် အခြေအနေ ပိုဆိုးမည်ဟု စဉ်းစားမှုမျိုးကိုပင် တွေ့လာရ၏။
နိုင်ငံတကာက အာဆတ်အစိုးရနှင့် ဆက်ဆံရေးလမ်းကြောင်းများ ပြန်ဖွင့်လာ၏။ တူရကီသည်ပင် ဆက်ဆံရေး ပုံမှန်ပြန်လုပ်ရန် ကြိုးစားလာသည်ကို တွေ့ရ၏။ ဆန္ဒပြပြည်သူများကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သည့် ၂၀၁၁ ခုနှစ် ကတည်းက ဆီးရီးယားကို ဆက်ဆံရေး ဖြတ်တောက်ထားသည့် ဥရောပသမဂ္ဂနိုင်ငံများထဲတွင်လည်း ဆီးရီးယားနှင့် ဆက်ဆံရေးကို ပြန်လည်စဉ်းစားရန် တိုက်တွန်းမှုများ ရှိလာ၏။
အမေရိကန်ကလည်း ဆီးရီးယားအနေဖြင့် အီရန်၊ ဟစ်ဇဘိုလာတို့နှင့် ဆက်ဆံရေး ဖြတ်တောက်ပါက ပိတ်ဆို့မှုများ ရုပ်သိမ်းဖို့အထိ စဉ်းစားချက်များ ရှိလာသည်ဟု ကြားသိလာရ၏။ ပြည်သူများကို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်ခဲ့သော်လည်း အာဆတ်အစိုးရသာ နောက်ဆုံး၌ အောင်ပွဲခံသွားမည်ဟု တွက်ဆလာကြသည်။ ၂၀၂၀ နောက်ပိုင်း၌ ဆီးရီးယားတွင် တိုက်ပွဲများ လျော့နည်းလာပြီး အာဆတ်၏ တရားဝင်မှုမှာလည်း ပို၍ အားကောင်းလာ၏။
သို့သော် ဆီးရီးယား၌ တူရကီထောက်ပံ့သည့် အဖွဲ့လည်း မဟုတ်၊ အမေရိကန်ထောက်ပံ့သည့် အဖွဲ့လည်း မဟုတ်သည့် အဘူ မိုဟာမက် အယ်လ် ဂျူလာနီနှင့် HTS အဖွဲ့က ထိုးထွက်လာခဲ့သည်။ ဂျူလာနီသည် Al- Nusra Front ဆိုသည့် ဘာသာရေးအခြေခံအဖွဲ့တွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ပါဝင်ခဲ့ပြီး ထိုစဉ်က အယ်လ်ကိုင်ဒါ၊ ISIS များနှင့် ဆက်စပ်မှုရှိခဲ့သူဖြစ်၏။
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်တွင် သူ၏ Jabhat al-Nusra ကို Jabhat Fateh al-Sham (Front for the Conquest of Syria) အမည်ပြောင်းကြောင်း ကြေညာခဲ့ပြီး ပြင်ပအဖွဲ့အစည်းများနှင့် ဆက်နွှယ်မှုမရှိဟူ၍ ကြေညာခဲ့သည်။
အချို့ လေ့လာသုံးသပ်သူများက ဂျူလာနီသည် အယ်လ်ကိုင်ဒါမှ ခွဲထွက်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုသော်လည်း အချို့ကမူ ဂျူလာနီသည် အယ်လ်ကိုင်ဒါကို သစ္စာခံခြင်း ရှိ၊ မရှိ မရှင်းလင်းဟူ၍ ဆိုကြသည်ကို တွေ့ရ၏။
ဂျူလာနီက သူသည် အယ်လ်ကိုင်ဒါ၊ ISIS တို့နှင့် ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီဖြစ်ကြောင်း၊ အနောက်နိုင်ငံများကို ရန်မလိုကြောင်း၊ အာဆတ် ပြုတ်ကျရေးကိုသာ အဓိက ဦးတည်ကြောင်းတို့ကို အမြဲတမ်းပြောလာပြီး သူ့ပုံရိပ်ကို ပြန်လည် တည်ဆောက်လာသည်။
သို့သော်လည်း ဂျူလာနီက သူသည် အယ်လ်ကိုင်ဒါ၊ ISIS တို့နှင့် ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီဖြစ်ကြောင်း၊ အနောက်နိုင်ငံများကို ရန်မလိုကြောင်း၊ အာဆတ် ပြုတ်ကျရေးကိုသာ အဓိက ဦးတည်ကြောင်းတို့ကို အမြဲတမ်းပြောလာပြီး သူ့ပုံရိပ်ကို ပြန်လည် တည်ဆောက်လာကြောင်း တွေ့ရသည်။ သို့သော် သူ့အား ဘာသာရေးအစွန်းရောက်အဖြစ် အမေရိကန်အပါအဝင် အချို့က သံသယရှိနေဆဲဖြစ်၏။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလနှောင်းပိုင်းတွင် HTS က ဦးဆောင်ပြီး စစ်ဆင်ရေး စတင်ခဲ့ကာ နိုဝင်ဘာလ ၂၉ ရက်တွင် ဆီးရီးယား၏ ဒုတိယမြို့တော်ဖြစ်သည့် အလက်ပိုကို သိမ်းပိုက်နိုင်ခဲ့၏။ အားလုံး အံ့အားသင့်သွားသည်။ အာဆတ်၏ တပ်ဖွဲ့များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်နိုင်မည်ဟု တွက်ဆကြသည်။
HTS ဦးဆောင်သည့် တပ်ဖွဲ့များက အဝေးပြေးလမ်းမကြီးအတိုင်း တောင်ပိုင်းသို့ ထပ်ဆင်းလာပြီး ဒီဇင်ဘာလ ၅ ရက်နေ့တွင် အရေးပါသည့် ဟားမားမြို့ကို ထပ်မံသိမ်းပိုက်ခဲ့၏။ ထို့နောက် အများမထင်မှတ်လောက်အောင် မြန်ဆန်ပြီး ဒမတ်စကတ်သို့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့ ဝင်ရောက်လာခဲ့ပြီး အာဆတ်လည်း ဆီးရီးယားက ထွက်ပြေးသွားခဲ့ရသည်။
နွေဦးတော်လှန်ရေးစပြီး ၁၄ နှစ်အကြာတွင် အများက မအောင်မြင်နိုင်တော့ဟု ယူဆပြီး အာဆတ်ကို အနိုင်ပေးထားခဲ့သည့် ဆီးရီးယားတော်လှန်ရေးသည် အားလုံးကို အံ့အားသင့်စေခဲ့ကြောင်း တွေ့ရသည်။
မြန်မာ့နွေဦးနှင့် နှိုင်းယှဉ်လျှင် အာရပ်နွေဦးက ဆယ်စုနှစ်တခု စောသည်။ အာရပ်နွေဦးနိုင်ငံများထဲတွင် ဆီးရီးယား၏ နွေဦးတော်လှန်ရေးသည် မြန်မာနွေဦးတော်လှန်ရေးနှင့် အတော်လေးတူသည်ဟု ဆိုရမည်။
လူထု၏ အံတုမှု၊ အာဏာရှင်တို့၏ ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်မှုများ၊ အာဏာရှင်ဘက်က နိုင်ငံကြီးများ ပါဝင်ကူညီခြင်းတို့သည် အတော်လေး တူကြသကဲ့သို့ ဆီရီးယားနွေဦးတော်လှန်ရေးမှ မြန်မာ့တော်လှန်ရေးအတွက် သင်ခန်းစာယူစရာများ၊ နှိုင်းယှဉ်သုံးသပ်စရာများ များစွာ တွေ့ရသည်။
ပထမအချက်မှာ လူထုလှုပ်ရှားမှု အားကောင်းစဉ်က အကောင်းမြင်ခဲ့ကြသော်လည်း အာဆတ်၏ စစ်တပ်က ရက်ရက်စက်စက် နှိမ်နင်းလိုက်သည့်အပြင် အချိန်ကြာလာသည့်အခါ တော်လှန်ရေး အောင်မြင်နိုင်မည် မဟုတ်ဘဲ အာဆတ်အစိုးရကသာ ဆီးရီးယားအခြေအနေကို ထိန်းချုပ်သွားနိုင်မည်ဟု ပြည်တွင်းကရော ပြည်ပနိုင်ငံများကပါ မြင်ကြခြင်းဖြစ်၏။
ဆီးရီးယားတွင် ဆီးရီယားတော်လှန်ရေးကို ကူညီနေကြသည့် အမေရိကန်၊ တူရကီတို့ပင် ဤအမြင် ဖြစ်လာသည်ကို တွေ့ရသည်။
ဤအမြင်မျိုးကို မြန်မာနွေဦးတွင်လည်း ထပ်တူတွေ့ရ၏။ မြန်မာစစ်တပ်ကို ဖယ်ထုတ်၍မရ၊ မြန်မာစစ်တပ်ကို ဗဟိုပြု၍ ညှိနိုင်းမှုများ ပြုလုပ်ရမည်။ ကျန်အင်အားစုများသည် မြန်မာစစ်တပ်၏ ပြိုင်ဘက်များ မဟုတ်၊ မြန်မာစစ်တပ် ချိနဲ့သွားပါက မြန်မာနိုင်ငံ ပြိုကွဲမည်၊ ဗရမ်းဗတာဖြစ်မည်ဆိုသည့် အမြင်များဖြစ်၏။
စစ်ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်ထားပြီး ပြည်သူလူထုက ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသည့် အာဆတ်အစိုးရဖြစ်စေ၊ မြန်မာစစ်ကောင်စီကိုဖြစ်စေ ဆန့်ကျင်သူများက အနိုင်မရနိုင်သဖြင့် ခေါင်းငုံ့နေပြီး အာဏာရှင်များ၏ အောက်တွင် ပေးတာယူ၊ ကျွေးတာစားဘဝနှင့် နေရုံသာရှိသည်ဟု ယူဆကြသည်။ ဤအချက်သည် မှားယွင်းကြောင်း ဆီးရီးယားတွင် သက်သေပြခဲ့သကဲ့သို့ မြန်မာပြည်တွင်လည်း တွေ့မြင်ရဦီးမည်ဖြစ်သည်။
စစ်ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်ထားပြီး ပြည်သူလူထုက ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသည့် အာဆတ်အစိုးရဖြစ်စေ၊ မြန်မာစစ်ကောင်စီကိုဖြစ်စေ ဆန့်ကျင်သူများက အနိုင်မရနိုင်သဖြင့် ခေါင်းငုံ့နေပြီး အာဏာရှင်များ၏ အောက်တွင် ပေးတာယူ၊ ကျွေးတာစားဘဝနှင့် နေရုံသာရှိသည်ဟု ယူဆကြခြင်းဖြစ်သည်။ ဤအချက်သည် မှားယွင်းကြောင်း ဆီးရီးယားတွင် သက်သေပြခဲ့သကဲ့သို့ မြန်မာပြည်တွင်လည်း တွေ့မြင်ရဦီးမည်ဖြစ်သည်။
ဒုတိယအချက်မှာ ဆီးရီးယားတွင် အာဆတ်အစိုးရ ဆန့်ကျင်သူများတွင် နိုင်ငံရေးအရ၊ ဘာသာရေးအရ၊ လူမျိုးရေးအရ အုပ်စုကွဲများ များပြားသဖြင့် စုစည်းရန် မလွယ်သဖြင့် အာဆတ်အစိုးရကို အနိုင်မရနိုင်ဟု ယူဆကြခြင်းဖြစ်၏။ လက်တွေ့ ဆီးရီးယားတွင် အာဆတ်အစိုးရ ပြိုလဲသွားခြင်းသည် အာဆတ်ဆန့်ကျင်သည့် အင်အားစုများအားလုံး ပူးပေါင်းနိုင်၍ မဟုတ်ပေ။
ယခု တွေ့ရသည်မှာ HTS နှင့်အတူ တူရကီက ထောက်ပံ့သည့် SNA က ဝင်တိုက်နေသော်လည်း အမေရိကန်က ထောက်ပံ့သည့် SDF က အတူတကွ တိုက်ခိုက်ခြင်းမရှိပေ။ သို့သော်လည်း SDF အပါအဝင် အခြားအဖွဲ့များသည် ယခုအခြေအနေကို အခွင့်ကောင်းယူပြီး အာဆတ်တပ်များကို မိမိနယ်အလိုက် နယ်မြေအနှံ့ တိုက်ပွဲဖော်သည်ကို တွေ့ရ၏။ ထိုအခြေအနေကိုပင် အာဆတ်အစိုးရ မခံနိုင်ဘဲ ပြုတ်ကျသွားသည်။
မြန်မာပြည်တွင် ဆီးရီးယားကဲ့သို့ပင် အဖွဲ့ပေါင်းစုံသည်က အမှန်ပင်ဖြစ်၏။ အဖွဲ့အားလုံးကို တစုတစည်းတည်း ကွပ်ကဲရန် မဖြစ်နိုင်သည်ကလည်း အမှန်ပင်ဖြစ်သည်။ သို့သော်လည်း မြန်မာပြည်တွင် ဘာသာမတူညီမှုများ ရှိသော်လည်း ဘာသာရေးအစွန်းရောက်များ မရှိပေ။

လက်ရှိနွေဦးတွင် ပြည်မနှင့် တိုင်းရင်းသားများကြား တစုတစည်းတည်း ကွပ်ကဲမှု မရနိုင်သေးသော်လည်း အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုသည် ယခင်ထက် များစွာမြင့်တက်နေသည်။ လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား လက်နက်ကိုင်ပဋိပက္ခ အနည်းငယ်ရှိသော်လည်း ဆီးရီးယားလောက် မများပေ။
တိုင်းရင်းသားအဖွဲ့များအနေဖြင့် မြောက်ပိုင်းသုံးဖွဲ့နှင့် ကချင် KIA, ကရင် KNU, ကရင်နီ KNPP, ချင်း CNF အခြေခံအုပ်စုနှစ်စုသာ ရှိ၏။ NUG / PDF ကမူ ထိုအုပ်စုနှစ်ခုလုံးနှင့် တွဲလျက်တည်ရှိ၏။
စစ်ရေးအရ လောလောဆယ် ကိုးကန့် MNDAA နှင့် တအာင်းပလောင် TNLA စစ်ရှိန်ချထားစဉ်တွင် မြောက်ပိုင်းနှင့် အနောက်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်တော်လှန်ရေး အင်အားစုများက စစ်မျက်နှာတခု၊ ကချင်၊ ချင်းနှင့် PDF များက စစ်မျက်နှာတခု၊ တောင်ပိုင်းတွင် ကရင်နီနှင့် PDF များက စစ်မျက်နှာတခု၊ ကရင်၊ မွန်နှင့် PDF များက စစ်မျက်နှာတခုဖြစ်ပြီး တစစီ အစိတ်စိတ်အမွှာမွှာ ကွဲပြားနေမှုမျိုး မဟုတ်ပေ။
လောလောဆယ် ဆီးရီယားထက် သာလွန်သည့် စုစည်းမှုဖြစ်၏။
ဆီးရီးယားကဲ့သို့ မြန်မာတွင် တစုတစည်းတည်း ခေါင်းဆောင်မှု မတည်ဆောက်နိုင်သော်လည်း နေရာအနှံ့ ဝိုင်းဝန်းတိုက်ခိုက်မှုများ၊ အပြန်အလှန် နားလည်မှု တည်ဆောက်ခြင်းများ၊ အပြန်အလှန် ကူညီမှုများကြောင့် စစ်တပ်အထိနာနေပြီး စစ်တပ်အတွင်း စိတ်ဓာတ်ရေးရာအရ ကျဆင်းမှုကြောင့် စစ်တပ်ပြိုကွဲမှုကို တားဆီး၍ မရနိုင်ပေ။
ဆီးရီးယားကဲ့သို့ မြန်မာတွင် တစုတစည်းတည်း ခေါင်းဆောင်မှု မတည်ဆောက်နိုင်သော်လည်း နေရာအနှံ့ ဝိုင်းဝန်းတိုက်ခိုက်မှုများ၊ အပြန်အလှန် နားလည်မှု တည်ဆောက်ခြင်းများ၊ အပြန်အလှန် ကူညီမှုများကြောင့် စစ်တပ်အထိနာနေပြီး စစ်တပ်အတွင်း စိတ်ဓာတ်ရေးရာအရ ကျဆင်းမှုကြောင့် စစ်တပ်ပြိုကွဲမှုကို တားဆီး၍ မရနိုင်ပေ။
တတိယအချက်မှာ ဆီးရီးယားတွင် ရုရှားက လေတပ်၊ ရေတပ်ပါ စေလွှတ်ပြီး အာဆတ်ဘက်က ပါဝင်ကာ စစ်ရေးအရ တိုက်ခိုက်မှုရှိ၏။ မြန်မာပြည်တွင် ယခုနှစ်ကုန်ပိုင်းမှစ၍ တရုတ်၏ စွက်ဖက်မှုနှင့် ဖိအားရှိသော်လည်း အကန့်အသတ်နှင့် ဖြစ်၏။ တရုတ်က ပုဂ္ဂလိကလုံခြုံရေးတပ်ဖွဲ့ စေလွှတ်မည်ဟု ဆိုနေသော်လည်း ရုရှားက ဆီးရီးယားမှာကဲ့သို့ လေတပ်ရော၊ ရေတပ်ပါ ဝင်ကူသည့်အထိ ဆိုးဝါးမည့်အနေအထား ယခုချိန်အထိ မတွေ့ရသေးပေ။
စတုတ္ထအချက်မှာ ဆီးရီးယားတွင် အာဆတ် အာဏာတည်မြဲရေးအတွက် မည်သို့ပင် ကျားကန်ပေးနေကြသူများဖြစ်စေ၊ အယူအဆအရ အာဆတ်အား အသိအမှတ်ပြုရန် လိုသည်ဟု ဆိုနေကြသူများဖြစ်စေ အာဆတ် အာဏာတည်မြဲနိုင်သည်ဟု ယူဆသည့်အချိန်ထိသာ သူတို့ အာဆတ်ဘက်က ရပ်တည်ကြသည်။
သို့သော် အာဆတ် တကယ်ကျရှုံးသောအခါ အသည်းအသန်ကူညီမှု မပြုတော့ဘဲ လက်ပိုက်ကြည့်နေကြသည်သာ ဖြစ်၏။ မြန်မာစစ်ကောင်စီသည်လည်း ဤကဲ့သို့သော ကံကြမ္မာမျိုးကို မုချကြုံရမည်သာ ဖြစ်၏။
တိုင်းပြည် ဗရမ်းဗတာဖြစ်သည့်အခြေအနေများမှာ စစ်အာဏာရှင်များ ဖန်တီးခဲ့ခြင်းသာဖြစ်ပြီး ရှောင်လွှဲ၍ မရနိုင်ပါ။ ရင်ဆိုင်ကျော်လွှားရမည်သာ ဖြစ်၏။ နွေဦးအင်အားစုများအနေဖြင့် မိမိပန်းတိုင်သို့ မဆုတ်မနစ် ဇွဲရှိရှိ ချီတက်ရန်သာ လိုအပ်ပေသည်။
သို့ဖြစ်ရာ ဆီးရီးယား၏ အာရပ်နွေဦး အတွေ့အကြုံများအရ မြန်မာ့နွေဦးသည် ဆီးရီးယားကဲ့သို့ အခက်အခဲများ၊ နိုင်ငံတကာစွက်ဖက်မှုများ ခံရနိုင်သည်။ အဆိုးမြင်ဖြင့် ကြည့်မြင်ခံရနိုင်သည်။ သို့သော် အားတက်ဖွယ် အခြေအနေများရှိပြီး ဆီးရီးယားကဲ့သို့ အောင်ပွဲခံနိုင်သည့် အခြေအနေရှိသည်ကို တွေ့နိုင်၏။
မြန်မာစစ်တပ်သည် မည်သည့်အကူအညီ ရသည်ဖြစ်စေ ဆီးရီးယားစစ်တပ်ကဲ့သို့ပင် လူထုအား ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်အုပ်ချုပ်သည့် အစိုးရဖြစ်ပြီး လူထု၏ ရွံရှာမုန်းတီးမှုကိုခံရနေ၏။ နေရာအနှံ့ တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခံနေရပြီး ရှုံးပွဲဆက်နေကာ ပြိုကွဲနေပြီဖြစ်သည်ကို စစ်မြေပြင်တွင် ရှင်းလင်းစွာ မြင်နိုင်သည်။
ဆီးရီးယား၌ အာဏာရှင် အာဆတ် ပြုတ်ပြီးနောက် တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရန် အခက်အခဲရှိသည်ဟု ဆိုနေသကဲ့သို့ မြန်မာပြည်တွင်လည်း စစ်အာဏာရှင်အုပ်စု ပြုတ်ကျသွားပါက တိုင်းပြည် ပြန်လည်တည်ဆောက်ရန် ခက်ခဲမည်ဟု ဆိုနေကြသည်ကို တွေ့ရသည်။
ဤပြဿနာကို ဆီးရီးယား၌ ကြုံတွေ့ရသကဲ့သို့ မြန်မာပြည်၌လည်း ကြုံတွေ့ရမည် ဖြစ်သော်လည်း မြန်မာပြည် စစ်အာဏာရှင်များ၊ စစ်ရာဇဝတ်ကောင်များ ပြုတ်ကျမည်ကို ရှောင်လွှဲ၍ မရနိုင်ပေ။
ဤသို့သော တိုင်းပြည် ဗရမ်းဗတာဖြစ်သည့်အခြေအနေများမှာ စစ်အာဏာရှင်များ ဖန်တီးခဲ့ခြင်းသာဖြစ်ပြီး ရှောင်လွှဲ၍ မရနိုင်ပါ။ ရင်ဆိုင်ကျော်လွှားရမည်သာ ဖြစ်၏။ နွေဦးအင်အားစုများအနေဖြင့် မိမိပန်းတိုင်သို့ မဆုတ်မနစ် ဇွဲရှိရှိ ချီတက်ရန်သာ လိုအပ်ပေသည်။
(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
ဘယ်သူတားတား တော်လှန်ရေး အရှိန်ရပ်သွားမှာ မဟုတ်ဘူး (ရုပ်/သံ)
ဒမတ်စကတ်မှ နေပြည်တော်သို့ တော်လှန်ရေးသင်ခန်းစာများနှင့် မျှော်လင့်ချက်
မြန်မာ့ပြည်တွင်းစစ်သည် ဆီးရီးယားနှင့် မတူ
ဆီးရီးယား သူပုန်ခေါင်းဆောင် ဂိုလာနီ ဘယ်သူလဲ
ဆီးရီးယားတွင် FBR မြန်မာဆေးဝန်ထမ်း သေဆုံး














