မြန်မာပြည်သတင်းတွေက အမျိုးမျိုးမို့ အဝေးကနေ ဘယ်ဟာမှန်တယ်၊ မှားတယ် ခွဲခြားမသိနိုင်ပါဘူး။ ကူမင်းဆွေးနွေးပွဲက ဘာမှမထူးဘူးဖတ်ရတော့ ဒါကလည်း အံဩစရာမဟုတ်ဘူးလို့ ထင်ပါတယ်။ ကမကထ လုပ်တဲ့သူကြောင့်သာ နှစ်ဖက်ထိုင် ဆွေးနွေးဟန်ဆောင်ကြပေမဲ့ စကတည်းက ဘာရလဒ်မှ မျှော်လင့်ထားကြဟန် မရှိတာမို့ စျေး တန်းမြှင့်သူနဲ့ စျေးနှိမ် အောက်စျေးနှိုက်ချင်သူတို့ သာမာန် တွေ့ကြတဲ့သဘောပါပဲ။
ကျားဖြန့်အရေး
ကရင်ပြည်နယ် ကျားဖြန့်ကတော့ ရယ်စရာပါ။ ရာဇဝတ်မှုကျူးလွန်သူကို ဘာမှမလုပ်ဘဲ ဖမ်းဆီးခံထားရတဲ့သူတွေ ပြန်လွှတ်ပေးလိုက်တာနဲ့ ပြီးသွားမယ်လို့ တာဝန်ရှိ နယ်မြေစိုးမိုးထားတဲ့ လက်နက်ကိုင်အဖွဲ့က ထင်ပုံရပါတယ်။ နဂါးမျက်စောင်း အကြောင်းသုံးပါး မရွေးဘူးဆိုရင် ဒီဒုစရိုက်လုပ်ငန်းကို ဦးစီးလုပ်ကိုင်သူတွေ တရားစီရင်ရေးမျက်မှောက်ရောက်ပြီး အပြစ်ပေးအရေးယူ မခံမရခြင်း ဒီကိစ္စ ဒီလိုနဲ့ ပြီးသွားမယ် မထင်ဘူး။ ကိုးကန့်နဲ့ ဝ နယ်တွေမှာ နဂါးကြီးအလိုကျ လိုက်လျောဆောင်ရွက်ပေးခဲ့ပေမဲ့ အဲ့ဒီလောက်နဲ့ ပြီးမသွားတာကို ကြည့်ပြီး တွေးမိတာပါ။
သို့သော် ရှမ်းပြည်နယ်နဲ့မတူတာက ကရင်ပြည်နယ်က ကျားဖြန့်မှာ တာဝန်ရှိလက်နက်ကိုင်အဖွဲ့ကိုပါ တနွယ်ငင်တစင်ပါရှင်းရင် မြဝတီဟာ လွတ်မြောက်နယ်မြေဖြစ်သွားမယ့် အလားအလာရှိနေပါတယ်။ ဒီမြို့ဟာ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အလွန်အရေးပါတဲ့မြို့ဖြစ်တာမို့ အဲဒီလို ဖြစ်သွားတာကို ထိုင်းရော တရုတ်ပါ မလိုလားဘူးလို့ ယူဆပါတယ်။
အထူးသဖြင့် တရုတ်အနေနှင့် စစ်ကောင်စီကို ကူညီဖေးမကာ ရွေးကောက်ပွဲကျင်းပနိုင်ရေးဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံခြားရေးမူဝါဒ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်နေတာမို့ စစ်ကောင်စီ အားနည်းပြီး ကစားပွဲ အပြောင်းအလဲ Game changer ဖြစ်သွားမယ့် အရေးကိုလည်း လိုလားဟန် မတူပါဘူး။

တဖက်မှာလည်း ကျားဖြန့်ကြောင့် တရုတ်နိုင်ငံသားတွေရဲ့ ဆုံးရှုံးနစ်နာမှုဆိုင်ရာ အကျိုးစီးပွားနဲ့ တခြားတဖက်မှာကလည်း ပထဝီဝင်နိုင်ငံရေးဆိုင်ရာ မဟာဗျူဟာမြောက် ကြိုးပမ်းဆောင်ရွက်ချက်တွေ ရှိနေတာမို့ ဘယ်လို ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်အောင်လုပ်မလဲ ဆိုတာကို စိတ်ဝင်စားမိတာကတော့ အမှန်ပါပဲ။ မြွေမသေ တုတ်မကျိုး ကျားဖြန့်လုပ်ငန်းတွေ အဲဒီနယ်မြေမှာ လုံးဝမရှိအောင်လို့ ရည်မှန်းလုပ်ဆောင်မယ်လို့တော့ ထင်မိတယ်။
နယ်ခြားစောင့်တပ် (BGF) အနေနဲ့ ကြားနေလိုလို ဟန်ဆောင်နေပြနေတာထက် ရှင်သန်ရပ်တည်ရေးအတွက် စစ်ကောင်စီကို ပေါ်ပေါ်ထင်ထင် ပြန်ပူးကပ်ရမယ့် သဘောတော့ရှိပါတယ်။ ဒီအခါမှာ ဝင်ငွေ ရပေါက်ရလမ်း ပိတ်သွားပြီမို့ များပြားတဲ့ သူ့ရဲ့နောက်လိုက်တွေကို ဘယ်လို ဆက်လက် ထောက်ပံ့ထားမှာလဲဆိုတဲ့ ပြဿနာ ရှိလာပါလိမ့်မယ်။ ရနေကျ ခံစားခွင့်တွေ မရှိတော့ရင် နောက်လိုက်တွေကလည်း စွန့်ခွာကြမှာ ဖြစ်ရိုးဓမ္မတာပါပဲ။ ထုံးစံအတိုင်း သဘာဝအရင်းအမြစ်တွေ ပိုမိုထုတ်ယူ ပြုန်းတီးစေတဲ့နည်းလမ်းနဲ့ပဲ ဆေးမြီးတို ရှာမယ်ထင်ပါတယ်။
နယ်ခြားစောင့်တပ် (BGF) အနေနဲ့ ကြားနေလိုလို ဟန်ဆောင်နေပြနေတာထက် ရှင်သန်ရပ်တည်ရေးအတွက် စစ်ကောင်စီကို ပေါ်ပေါ်ထင်ထင် ပြန်ပူးကပ်ရမယ့် သဘောတော့ရှိပါတယ်။ ဒီအခါမှာ ဝင်ငွေ ရပေါက်ရလမ်း ပိတ်သွားပြီမို့ များပြားတဲ့ သူ့ရဲ့နောက်လိုက်တွေကို ဘယ်လို ဆက်လက် ထောက်ပံ့ထားမှာလဲဆိုတဲ့ ပြဿနာ ရှိလာပါလိမ့်မယ်။ ရနေကျ ခံစားခွင့်တွေ မရှိတော့ရင် နောက်လိုက်တွေကလည်း စွန့်ခွာကြမှာ ဖြစ်ရိုးဓမ္မတာပါပဲ။ ထုံးစံအတိုင်း သဘာဝအရင်းအမြစ်တွေ ပိုမိုထုတ်ယူ ပြုန်းတီးစေတဲ့နည်းလမ်းနဲ့ပဲ ဆေးမြီးတို ရှာမယ်ထင်ပါတယ်။
ပြည်တွင်းစစ် အခြေအနေ
တိုက်ပွဲသတင်းတွေကတော့ အမျိုးမျိုး တွေ့နေရပြီး တိုင်းရင်းသားနယ်တွေမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေက ထုလိုက် တိုက်စစ်ဆင်နေတာတွေ ဖတ်ရပါတယ်။ နှစ်ဖက် သတင်းတင်နေသူတွေကတော့ နိုင်နေတယ်လို့ပဲ တင်နေကြပြီး အဖြစ်မှန်ကို သိဖို့ခက်ပါတယ်။
ပြည်မမှာတော့ တိုင်းရင်းသားနယ်တွေမှာလို ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲကြီးတွေ ဖြစ်တာထက် ပျောက်ကျား သဘောမျိုးဆန်ဆန်ပဲ ဖြစ်နေတာလို့ မြင်မိတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သူ့မူလရည်မှန်းချက်ထက် သူ့အတွင်းပိုင်း ပြဿနာတွေ လိုက်ဖြေရှင်းနေရတာက ပိုများပြီး တိုင်ပတ်နေပုံရပါတယ်။
စစ်ကောင်စီအနေနှင့်ကလည်း ပြည်မဘက်ခြမ်းမှာ ပိုအလေးပေးပြီး စစ်ဆင်ရေးတွေ ဆောင်ရွက်နေပုံရပါတယ်။ လက်ရှိအနေအထားအရတော့ ပြည်မဘက်ခြမ်းမှာ တပေါင်းလ (မတ်လ) ရောက်သော်လည်း ထူးမခြားနား ဖြစ်နေဦးမယ့် သဘောရှိပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေက သူတို့ရဲ့ နယ်မြေပိုစိုးမိုးသွားနိုင်တဲ့ အလားအလာရှိပေမယ့် ပြည်မမှာတော့ ငွေအား၊ ကျည်အား ထောက်ပံ့နိုင်မှု အခက်အခဲတွေကြောင့် လက်ရှိစိုးမိုးထားတဲ့ နယ်မြေတွေ ပြန် လက်လွတ်မသွားရအောင်ကို အတော် ရုန်းကန်ရမယ် ထင်ပါတယ်။
စစ်ရေးနဲ့ နိုင်ငံရေး ချိန်ခွင်လျှာ
စစ်မှုထမ်းဥပဒေဟာ ဘာလိုလိုနဲ့ ၁၀ ကြိမ်မြောက်အထိ လူစုဆောင်းသွားနိုင်တာ တွေ့ရတာမို့ အင်အား ၅ သောင်းလောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဆန္ဒမပါဘဲ စစ်မှုထမ်းရတာမို့ တိုက်လိုခိုက်လိုစိတ် မရှိတာ၊ စွမ်းဆောင်ရည် မရှိတာ အစရှိသဖြင့် မည်သို့ပင် ဝေဖန်နေစေကာမူ ထွက်ပြေးသွားသူ၊ အဖမ်းခံရသူ၊ ကျဆုံးသွားတဲ့သူ ဘယ်ရွေ့ဘယ်မျှ ရှိနိုင်သလဲကို မှန်းဆကြည့်မိနေပါတယ်။

မဖြစ်မနေ စစ်မှုထမ်းရသူတွေထဲက အဲဒီလို လုပ်သွားတဲ့သူ ၅၀ ရာခိုင်နှုန်းရှိရင်တောင်မှ အင်အား ၂ သောင်းခွဲလောက် ကျန်ဦးမှာဖြစ်ပြီး သူတို့ဟာ စစ်တုရင်ခုံက နယ်ရုပ်စစ်သားတွေလိုပဲ ထိုးကျွေးခံသက်သက်ပဲလား၊ ဒီထက်ပိုမလား၊ ရေရှည်မှာ ဘယ်လိုတွေဖြစ်သွားမလဲကို တွေးမိနေပါတယ်။
ဘယ်သူမှ စစ်မှုမထမ်းလိုတာ ရှင်းရှင်းလင်းလင်း မြင်တွေ့ကြားသိနေရပေမဲ့လည်း စစ်မှုထမ်းစုဆောင်းတာကို စုဆောင်းလို့မရအောင် ရာနှုန်းပြည့် မတားဆီးနိုင်တာကလည်း အရှိတရားဖြစ်နေပါတယ်။
ဒီလိုနဲ့ပဲ အီလည်လည်ဖြစ်ကာ ရွေးကောက်ပွဲ ဖြစ်မြောက်သွားတဲ့အခါမှာ နိုင်ငံရေးအခင်းအကျင်းက ပုံစံတမျိုးဖြစ်သွားမယ်လို့ ထင်ပါတယ်။ ဒီအခါမှာရော ဘာတွေ ဆက်ဖြစ်လာမလဲ။
(၁) စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်နိုင်မလား
မဖြစ်နိုင်ပါ။ ဘာလို့လဲဆိုတော့ စစ်ကောင်စီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ ဖက်တွယ်လိုစိတ်ရှိပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ စဉ်းစားချက်နဲ့ ရပ်တည်ချက် လုံးဝမရှိတဲ့အတွက်ပါ၊ ‘တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်’ ဆိုတဲ့ အချက်အပေါ်မှာပဲ တရားသေ စွဲကိုင်ထားမှုကြောင့် စစ်ရေးနဲ့ နိုင်ငံရေး ခေါင်းဆောင်အပြောင်းအလဲ ဖြစ်ရင်တောင်မှ စစ်တပ်က နိုင်ငံရေးမှာ ဝင်ရောက် ပါဝင်ထိန်းချုပ်ထားနိုင်ရေးမူက အခိုင်အမာ သက်ဝင်ယုံကြည်မှု ရှိနေလို့ပဲဖြစ်ပါတယ်။
အလိုက်အထိုက် နိုင်ငံရေးအာဏာ ဖြေလျှော့မှု အပေးအယူ လုပ်ကောင်းလုပ်မည်ဖြစ်ပေမယ့် ဗဟိုချုပ်ကိုင်ရေးကိုပဲ ဆက်လက် ဆုပ်ကိုင်ထားဦးမယ်လို့ ခန့်မှန်းပါတယ်။
(၂) တိုင်းရင်းသားလက်နက်ကိုင်တွေကရော ပြည်မ ဗဟိုအစိုးရကို စစ်ရေးနည်းလမ်းနဲ့ အောင်နိုင်ရေးကို ဆက်လက် လုပ်ဆောင်နိုင်မှာလား
မထင်ပါ။ ငွေအား၊ လက်နက်အင်အား အမြောက်အများလိုတာမို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေနဲ့ စစ်အာဏာရှင်စနစ် လုံးဝမရှိတော့မှ ၎င်းတို့ရဲ့ အခွင့်အရေးများ အပြည့်အဝ ရရှိမှာကို နားလည် သဘောပေါက်သော်လည်းပဲ ဆန္ဒရှိတိုင်း လုပ်ဆောင်နိုင်ဖို့ အလှမ်းဝေးကွာနေဦးမှာဖြစ်ပါတယ်။
အကယ်၍ အဲဒီလိုအပ်ချက်တွေ ရရှိပြီး ပြည်မက PDF များနဲ့ ပူးပေါင်းကာ ထိုးစစ်ဆင်နွဲပါကလည်း မြန်မာပြည် ပြိုကွဲသွားလို့မဖြစ်ဟု လက်ခံထားသူ တရုတ်နိုင်ငံက ဒီထက်တိုး၍ ငွေအားနဲ့ စစ်လက်နက်ပစ္စည်း ထောက်ပံမှုများ လုပ်လာမယ်လို့ ယူဆစရာရှိပါတယ်။
ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ကလည်း မြန်မာပြည် ပြိုကွဲသွားပါက သူတို့အပေါ် ပိုမို ဆိုးကျိုးကျရောက်လာမယ်လို့ တွက်ဆထားတာကြောင့် တနည်းနည်းနဲ့ ခြေထိုးကြဦးမယ် ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ရုရှားနဲ့ဆက်ဆံရေး ပြန်တည်ဆောက်နေတဲ့ကာလ ဖြစ်တာကြောင့် မြန်မာပြည်ကို ရုရှားရဲ့ နိုင်ငံရေးဩဇာသက်ရောက်ရာ နိုင်ငံတနိုင်ငံအဖြစ် ရှုမြင်မှာဖြစ်လို့ တတ်နိုင်သမျှ လက်ရှောင်နေမှာဖြစ်တယ်လို့ ယူဆမိပါတယ်။
ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ကလည်း မြန်မာပြည် ပြိုကွဲသွားပါက သူတို့အပေါ် ပိုမို ဆိုးကျိုးကျရောက်လာမယ်လို့ တွက်ဆထားတာကြောင့် တနည်းနည်းနဲ့ ခြေထိုးကြဦးမယ် ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ရုရှားနဲ့ဆက်ဆံရေး ပြန်တည်ဆောက်နေတဲ့ကာလ ဖြစ်တာကြောင့် မြန်မာပြည်ကို ရုရှားရဲ့ နိုင်ငံရေးဩဇာသက်ရောက်ရာ နိုင်ငံတနိုင်ငံအဖြစ် ရှုမြင်မှာဖြစ်လို့ တတ်နိုင်သမျှ လက်ရှောင်နေမှာဖြစ်တယ်လို့ ယူဆမိပါတယ်။
မဟာဗျူဟာ အကျိုးစီးပွား (Strategic Interest) အရ တော်လှန်ရေးကို ကူစရာမရှိဟု မြင်မိသည်။ တရုတ်ပါဝါကို အထိန်းအထေ လုပ်ရုံမျှ ခလောက်ဆန်တာ၊ အာဆီယံ မိတ်ဖက်နိုင်ငံများမှ တဆင့် ဖိအားပေးတာလောက်သာ ရှိနိုင်ပါသည်။
ဒီအခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အကောင်းဆုံး လုပ်ဆောင်မယ့် နည်းလမ်းကတော့ ဆက်စပ်နယ်မြေများမှ PDF များကို ထောက်ပံ့ပြီး စစ်ကောင်စီ ထိုးစစ်ပြန် မဆင်နိုင်အောင် စစ်ရေးကြားခံနယ်မြေ တည်ဆောက်ခြင်း၊ ဝ ပြည်နယ်ရဲ့ နမူနာကိုယူကာ စစ်အာဏာရှင် အပြီးသတ် မချေမှုန်းနိုင်သေးခင် ကာလအတွင်း လက်ရှိ ထိန်းချုပ်ထားတဲ့ နယ်မြေများအား နိုင်ငံရေး၊ စစ်ရေး အင်အားခိုင်မာအောင်လုပ်ခြင်း (power consolidation)၊ အဲဒီလိုလုပ်ဖို့ တရုတ်နိုင်ငံရဲ့ အကူအညီကိုယူကာ စစ်ကောင်စီကို ဟန့်တားနိုင်ဖို့ နိုင်ငံရေးကစားခြင်းတို့ လုပ်ရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီကလည်း ကူမင်းဆွေးနွေးပွဲ လုပ်နေစဉ်မှာပင် တအောင်း TNLA တို့ ထိန်းသိမ်းရာနယ်မြေများ ဗုံးကြဲသကဲ့သို့ပင် စစ်ရေးအားစမ်းမှုများလုပ်ကာ မီးစတဖက် ရေမှုတ်တဖက် နည်းလမ်းနဲ့ ခရီးဆက်ရင်း အခွင့်ကောင်းကို ဆက်ချောင်းနေမည်သာဖြစ်ပါတယ်။
(၃) ဘက်ကူးပြောင်း မှုတွေများလို့ စစ်တပ်ပြိုလဲသွားနိုင်မလား
ဘက်ကူးပြောင်းမှုတွေရှိခဲ့ပြီး ဆက်ရှိနေဦးမှာဖြစ်ပေမဲ့ လုံးဝ ပြိုကွဲသွားတဲ့အထိတော့ ဖြစ်နိုင်ခြေနည်းပါတယ်။ အကြောင်းရင်းကတော့ အောက်ခြေတပ်သားတွေအနေနဲ့ Boiling frog syndrome လိုပဲ ရေပူအိုးထဲကဖားတွေ ရေပူတာ ယဉ်ပါးနေပြီမို့ ရေထပ်ပွက်ပွက် ဆူပူလာလည်း ခုန်ထွက်နိုင်ဖို့ မကြိုးစားဘဲ ကြိုးစားဖို့လည်း အင်အားမရှိဘဲ ရေပူထဲမှာပဲ အသေခံသွားတတ်တဲ့ ဥပမာလို အများစုက ရွေးချယ်စရာမရှိတဲ့ဘဝမှာပဲ မထူးဇာတ်ခင်းသွားကြမယ့်ပုံ ပေါ်ပါတယ်။
ထိပ်ပိုင်းအရာရှိတွေအနေနဲ့ ဘက်ကူးပြောင်းတာထက် ပိုနေမြဲကျားနေမြဲက ပိုအခွင့်ရေးသာနေတာလို့ အမြင်ရှိတဲ့အတွက် သိပ်ထူးထူးခြားခြား ပြောင်းလဲစရာမရှိဘူးလို့ မြင်မိပါတယ်။
အာဏာရှင်နိုင်ငံတွေ ပြောင်းလဲသွားမှုတွေကို လေ့လာတဲ့ ပညာရှင်တွေက အောက်ခြေနဲ့ ကြားနေအုပ်စုတွေ ဘက်ကူးပြောင်း ခိုလှုံမှုအတွက် Opportunity cost ရဲ့ အရေးပါပုံကို ထောက်ပြလေ့ရှိပါတယ်။ ဆန့်ကျင်တော်လှန်မှုတွေ အားကောင်းလာတဲ့အခါ အာဏာရှင်ဘက်မှာ ရှိနေတဲ့ ဘက်တော်သားတွေကို အာဏာရှင်ဘက်မှာ နေတာထက် ပိုကောင်းမွန်တဲ့ အခွင့်အရေးရှိတယ်ဆိုတာကို ယုံကြည်အောင် လုပ်နိုင်စွမ်းရှိမှ ဘက်ကူးပြောင်းမှုက ပိုမိုမြန်ဆန် အားကောင်းလာပြီး အပြောင်းအလဲကို ပိုဦးတည်စေမှာဖြစ်တယ်လို့ ဆိုကြပါတယ်။ လက်ရှိမှာ အဲဒီလို လုပ်နိုင်စွမ်းက လိုနေသေးတယ်လို့ ယူဆပါတယ်။
အပြောများတဲ့ အလှည့်အပြောင်း ဆုံမှတ် (Tipping point) ကလည်း အပြောစောနေသေးတယ်လို့ ထင်ပါတယ်။ လက်ရှိ ဘက်ကူးပြောင်းမှုတွေကို ကြည့်ရင်လည်း နောက်ဆုံး ကျဉ်းထဲကျပ်ထဲရောက်တော့မှ ဘက်ကူးတာ၊ လက်နက်ချတာတွေ များနေတာကို သုံးသပ်တွေ့ရှိနိုင်ပါတယ်။ မိမိခံယူချက်၊ ယုံကြည်ချက်အတိုင်း ရဲရဲဝံ့ဝံ့ ထွက်လာပြီး ဘက်ကူးပြောင်းမှုက ရာခိုင်နှုန်းနည်းပါတယ်။
အပြောများတဲ့ အလှည့်အပြောင်း ဆုံမှတ် (Tipping point) ကလည်း အပြောစောနေသေးတယ်လို့ ထင်ပါတယ်။ လက်ရှိ ဘက်ကူးပြောင်းမှုတွေကို ကြည့်ရင်လည်း နောက်ဆုံး ကျဉ်းထဲကျပ်ထဲရောက်တော့မှ ဘက်ကူးတာ၊ လက်နက်ချတာတွေ များနေတာကို သုံးသပ်တွေ့ရှိနိုင်ပါတယ်။ မိမိခံယူချက်၊ ယုံကြည်ချက်အတိုင်း ရဲရဲဝံ့ဝံ့ ထွက်လာပြီး ဘက်ကူးပြောင်းမှုက ရာခိုင်နှုန်းနည်းပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ လေးနှစ်အတွင်း လက်ရှိစစ်တပ်ရဲ့ ရာခိုင်နှုန်း ဘယ်ရွေ့ဘယ်မျှအထိ ကျဆုံးတာ၊ ဖမ်းဆီးခံရတာ၊ ဘက်ကူးပြောင်းသွားတယ်ဆိုတာကို ပြုစုထားတဲ့ စာရင်းဇယား လိုက်ရှာမိပေမဲ့ မတွေ့မိပါဘူး။ စစ်ရေးသတင်းတွေထဲတော့ တနေ့ကို စစ်သား ၅၀ လောက် သေဆုံးတာ၊ ဖမ်းဆီးခံရတာ၊ ဘက်ကူးပြောင်းတာစသဖြင့် ရေးသားနေတာ တွေ့ရပါတယ်။ ဒီသတင်းတွေရဲ့ စစ်မှန်ခိုင်မာမှုကို မသိပေမဲ့ ဒီကိန်းဂဏန်းကိုပဲ အခြေခံအဖြစ်ယူပြီး လေးနှစ်တာ ရက်ပေါင်း ၁,၄၅၀ နှင့်မြှောက်ရင် ၇၃,၀၀၀ ရပါတယ်။ ဒါက ပိုပိုသာသာ ခန့်မှန်းထားတာလို့ ယူဆနိုင်ပါတယ်။
စစ်တပ်ရဲ့အင်အားကလည်း အမျိုးမျိုး ခန့်မှန်းနေကြပြီး လက်ရုံးတပ်တွေပါမှ ၁ သိန်းခွဲလောက်ပဲရှိတယ်ဆိုတဲ့ စာရင်းကိုပဲ အတည်ယူရင် အထက်က ပိုပိုသာသာ ခန့်မှန်းထားတဲ့ ကျဆုံး၊ ဖမ်းဆီး၊ ဘက်ပြောင်း ဦးရေက စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းခန့် ရှိပြီလို့တော့ ပြောလို့ရပါတယ်။ အသစ်စုဆောင်းထားတဲ့ တပ်သား ၅ သောင်းရှိပြီး ဒီအထဲက တဝက်ထွက်ပြေးသွားတယ်လို့ ယူရင်ကို ၂ သောင်းခွဲက ကျန်ဦးမှာ ဖြစ်ပါတယ်။
ဒါကြောင့် အကြမ်းတွက်ရင်ကို စစ်တပ်အင်အားက ၁ သိန်းတော့ ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒီအင်အားအများစုဟာ တိုက်လိုစိတ် မရှိတာ၊ တိုက်စွမ်းရည် မရှိတာ မှန်ပါလိမ့်မယ်။ သို့သော် ဒီ ၁ သိန်းထဲမှာပင် ရန်လိုပြီးရမ်းကားတဲ့၊ စစ်ရေးအတွေ့အကြုံရှိတဲ့သူ ၁၀ ပုံ ၁ ပုံကျန်နေသေးရင် ဒီလူတွေကို အမြစ်ပြတ် ချေမှုန်းဖို့ဆိုတာကလည်း ငှက်ပျောသီးအမှည့်ခြွေသလို လွယ်ကူနေမယ့်ကိစ္စ မဟုတ်ပါဘူး။ ရှိနေဆဲဖြစ်တဲ့ တိုက်စွမ်းအားနဲ့ ပေါင်းလိုက်ရင် ရန်သူကို အထင်သေးမိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အခြေအနေက မကောင်းနိုင်ပါဘူး။
ပြီးခဲ့တဲ့ လေးနှစ်တာကာလမှာ မျှော်လင့်ချက်အမှားတွေ တော်တော်များများဟာ စိတ်ဓာတ်မြှင့်တင်ရေး အကြောင်းပြချက်နှင့် ဆိုရှယ်မီဒီယာတွေအပေါ်မှာ ပလူပျံခဲ့ပါတယ်။ အကျိုးနဲ့အကြောင်းနဲ့ ထောက်ပြပြောဆိုရင်တောင်မှ ပြောဆိုရေးသားသူကို အုံနဲ့ကျင်းနဲ့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပါတယ်။
Motivation theory အရ စိတ်ဓာတ်တက်ကြွခြင်းနဲ့ စိတ်ဓာတ်ကျဆင်းခြင်း (motivation and frustration) ဆိုတာ ငွေဒင်္ဂါးရဲ့ ခေါင်းနဲ့ပန်းလိုပဲ ဟိုဘက်ဒီဘက် ကပ်နေတာမို့ စိတ်ဓာတ်တက်ကြွအောင် မျှော်လင့်ချက်အမှားတွေနဲ့ စည်းရုံးမိလို့ အမှန်တကယ် လက်တွေ့မှာ ထင်သလိုမဖြစ်ခဲ့ရင် စိတ်ဓာတ်ဟာ ဝုန်းကနဲ ဗိုင်းဗိုင်းလဲကျသွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ဒီသင်ခန်းစာကိုယူပြီး ပိုလည်းမတွက် လိုလည်းမတွက်ဘဲ မှန်မှန်ကန်ကန် တွက်ချက်ပြီး ရေရှည်ခရီးဆက်နိုင်ဖို့ ပြင်ဆင်ကာမှ တော်ကာကျမယ်ဆိုတာကို သတိလက်လွတ် မဖြစ်ရေးအတွက် အခုလို သုံးသပ်ချက်ကို ရေးရတာဖြစ်ပါတယ်။ လူတိုင်းကတော့ မနက်ဖြန် အိမ်ပြန်ချင်ကြသူတွေချည်းပါပဲ။ သို့သော် လက်တွေ့ကျပါမှလည်း အိမ်ပြန်ခရီးက နီးနိုင်ပါလိမ့်မယ်။
တခါပြန်ကောက်ပြီး ဘက်ကူးပြောင်းမှုနဲ့ ပတ်သက်လို့ ဆွေးနွေးရရင် ဘက်ကူးပြောင်းမှုဟာ ခံယူချက်၊ တန်ဖိုးထားမှုတွေအပေါ်မှာ ဖြစ်ပေါ်နေတာ မဟုတ်ဘဲ စစ်ရေးဖိအား များလာတဲ့ တခုတည်းအပေါ်မှာပဲ ဖြစ်ပေါ်နေတာမို့ စစ်ရေးဖိအား ဘယ်လောက်ပေးနိုင်မလဲ ဆိုတာကိုပဲ အလေးထား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပင်ကိုယ်အသိစိတ်နဲ့ ဘက်ပြောင်းသူက ကြာလေရှားလေ ဖြစ်လာမှာပါ။
နေပြည်တော်ကို တော်လှန်ရေးတပ်တွေ အလုံးစုံ ဝိုင်းပတ်ပိတ်ဆို့ထားနိုင်တဲ့ တနေ့မှာတော့ ဘက်ကူးပြောင်းမှုက များပြီး မြန်လာမှာပါ။ ဒီလို ဝိုင်းပတ်ပိတ်ဆို့နိုင်မှု ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကတော့ ပြည်တွင်းက လူတွေ ပိုမို သိရှိမှာမို့ ဘက်ကူးပြောင်းမှု စိတ်ကူးယဉ်သင့်၊ မယဉ်သင့် ကိုယ်တိုင် ဆုံးဖြတ်နိုင်မယ်လို့ ထင်ပါတယ်။ ဖြစ်စေချင်တဲ့စိတ် လွန်ကဲတဲ့အတွေး Wishful thinking တွေ စိတ်ဓာတ်ကြံ့ခိုင်ရေးအတွက် ဒီကာလမှာ ဖယ်ရှားသုတ်သင်သင့်ပါတယ်။
(၄) ပြည်မ လက်နက်ကိုင် PDF တွေ လုံးဝ ပြိုကွဲသွားမှာလား
မဖြစ်နိုင်ပါ။ စုစည်းကြဖို့ အားလုံးက တဖွဖွပြောနေတဲ့ကြားက ပြည်မက PDF တွေဟာ ဝါးအစည်းပြေသလို တနေ့တခြား ပိုခွဲထွက်တာတွေ ကြားနေရပါတယ်။ အဓိက ကတော့ နိစ္စဓူဝ ရှင်သန်ရပ်တည်ရေးအတွက် ငွေကြေး၊ လက်နက် ထောက်ပံ့မှု နည်းပါးလာတာနဲ့အမျှ ဒီပြဿနာက ပိုကြုံတွေ့နေရမယ်လို့ ထင်ပါတယ်။
ရပ်တည်ရေးအတွက် ဆက်ကြေးကောက်ရေးဘက်ကို ဦးတည်လာကြပြီး ဒီအတွက် နယ်မြေလုကြတာတွေကလည်း မြန်မာ့တော်လှန်ရေးသမိုင်းမှာ ဖြစ်ရိုးဖြစ်စဉ်တခုပဲလို့ ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီကာလတွေမှာ ဒီလိုဖြစ်ရပ်တွေ ဖြစ်နေတာကို တွေ့ရပေမဲ့ စစ်ကောင်စီက အားလုံးကို ရွေးကောက်ပွဲ မတိုင်ခင် ရှင်းလင်းရေးကတော့ လုံးဝ မဖြစ်နိုင်ဘူးလို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။
စစ်ကြောင်းထိုးစဉ်ခဏ ရှင်းလင်းကောင်း ရှင်းလင်းမှာဖြစ်ပေမဲ့ အထိုင်တပ်စခန်းတွေ ပြန်မထားနိုင်သရွေ့၊ စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည် လည်ပတ်နိုင်အောင် မလုပ်နိုင်သရွေ့ ကာလပတ်လုံး ပြည်သူ့တော်လှန်မှုက ရှိနေဦးမှာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းတခုလုံးမှာ ကျေးလက်အုပ်ချုပ်ရေးယန္တရား တခုလုံးကို (နေရာတချို့ကလွဲပြီး) တော်လှန်ရေးအဖွဲ့တွေက စိုးမိုးချုပ်ကိုင်လိုက်နိုင်ပြီမို့ အလွယ်တကူ ပြန်လည် တည်ထောင်နိုင်ဖို့ မဖြစ်နိုင်ပါလို့ပဲ ရှုမြင်ပါတယ်။
တချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အထောက်အပံ့ကို ရယူထားတဲ့ ပြည်မ PDF တွေအနေနဲ့က ပိုမို အားကောင်းပြီး စစ်ရေးအရ နယ်မြေထိန်းချုပ်မှုတွေ ပိုလုပ်လာနိုင်မယ့် အနေအထားကိုလည်း တွေ့ရပါတယ်။ NUG လက်အောက်ခံအဖွဲ့တွေထဲမှာ ကွဲထွက်နေတဲ့အဖွဲ့တွေရှိသလို အမိန့်ပေးကွပ်ကဲမှုကွင်းဆက် (Chain of Command – COD) အားကောင်းကောင်းနဲ့ လည်ပတ်နေတဲ့ အဖွဲ့တွေလည်း ရှိနေသေးတာဖြစ်လို့ ဦးထောင်ပဲ့နင်းဆိုသလိုပါပဲ၊ ဟိုနေရာတမျိုး ဒီနေရာတမျိုးတော့ ဖြစ်နေဦးမှာ ဖြစ်ပါတယ်။
အညာဒေသတချို့မှာတော့ မြို့နာမှာစိုးလို့၊ ကျည်ပြုန်းမှာစိုးလို့ မြို့တက်မသိမ်းပေမယ့် စစ်ရေး၊ အုပ်ချုပ်ရေးကောင်းကောင်းနဲ့ ကျစ်လစ်ခိုင်မာစွာ တည်ဆောက်ထားနိုင်တဲ့ အမာခံနယ်မြေတွေလည်း ရှိနိုင်ပါတယ်။
တိုင်းရင်းသားလူမျိုးစုတွေရဲ့ လူဦးရေက ၃၊ ၄ သန်းထက် မပိုတာမို့ စုစည်းရတာ မခက်ပေမဲ့ လူဦးရေ ၃၅ သန်းလောက်ရှိတဲ့ ဗမာလူမျိုးစုတွေအကြား စည်းလုံးညီညွတ်ရေး အပြည့်အဝ မတည်ဆောက်နိုင်တာကလည်း အပြစ်ပြောလို့တော့ မရပါဘူး။ စုစည်းရနိုင်သလောက်နဲ့ အချိန်ပေး တည်ဆောက်မှသာ ကျယ်ပြန့်တဲ့အင်အားစု ဖြစ်လာမှာပါ။ ခက်တာက မနက်ဖြန် အားလုံးကောင်းသွားမှာလို့ ပြောလုံးကြွယ်နေတာ ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးစုတွေရဲ့ လူဦးရေက ၃၊ ၄ သန်းထက် မပိုတာမို့ စုစည်းရတာ မခက်ပေမဲ့ လူဦးရေ ၃၅ သန်းလောက်ရှိတဲ့ ဗမာလူမျိုးစုတွေအကြား စည်းလုံးညီညွတ်ရေး အပြည့်အဝ မတည်ဆောက်နိုင်တာကလည်း အပြစ်ပြောလို့တော့ မရပါဘူး။ စုစည်းရနိုင်သလောက်နဲ့ အချိန်ပေး တည်ဆောက်မှသာ ကျယ်ပြန့်တဲ့အင်အားစု ဖြစ်လာမှာပါ။ ခက်တာက မနက်ဖြန် အားလုံးကောင်းသွားမှာလို့ ပြောလုံးကြွယ်နေတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ရွေးကောက်ပွဲအလွန်ကာလ ဒီလိုစုစည်းနိုင်ဖို့ ပိုခက်ခဲသွားမလား၊ လွယ်နိုင်မလားကို သုံးသပ်ဖို့ပါပဲ။ စစ်ပွဲတွေကြာလာတာနဲ့အမျှ စစ်ဒဏ်နဲ့အနိဋ္ဌာရုံကြောင့် လူထုက စစ်ကို ငြီးငွေ့ရွံမုန်းကာ အမြန်ပြီးဆုံးလိုစိတ်တွေ ဖြစ်တတ်စမြဲပါပဲ။ ဒီအပေါ်မူတည်လို့ လူထုထောက်ခံမှု ကျဆင်းသွားတဲ့အဖွဲ့ဟာ အနိုင်ရဖို့ ပိုခက်လာမှာ ဧကန်အမှန်ပဲဖြစ်ပါတယ်။
ဒီ အန္တရာယ်ကို စီမံခန့်ခွဲနိုင်ဖို့အတွက်ကတော့
(၁) လူထုရဲ့ အားတင်းတောင့်ခံ နာလန်ပြန်ထနိုင်မှု (Community resilience) ကို ပြုစုပျိုးထောင်ထားနိုင်ခြင်း၊
(၂) စစ်ပွဲရဲ့အနိဋ္ဌာရုံတွေကို ကောင်းကောင်း တုံ့ပြန်စီမံဆောင်ရွက်ထားနိုင်ခြင်း – အထူးသဖြင့် ကိုယ့်အချင်းချင်း မတရားပြုကျင့်မှုတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်ခြင်း၊ ထိခိုက်ခံစားရသူတွေကို လိုအပ်သလို ကုစားပေးနိုင်ခြင်း၊
(၃) နိုင်ငံရေးဆိုင်ရာ ခံယူချက်ကို ရှင်းလင်းပြတ်သားစွာ ဆက်လက် တည်တန့်ခိုင်မြဲအောင် လုပ်ဆောင်ထားနိုင်ခြင်း တို့တွေက အရေးကြီးမယ်လို့ ထင်ပါတယ်။ ရွေးကောက်ပွဲ ပြီးသွားတဲ့အခါ ဘယ်လို အစိုးရပုံစံမျိုး ပေါ်လာမယ်ဆိုတာ မသိနိုင်ပေမည့် အခုလို တသွေးတသံတမိန့် လုပ်တာမျိုးကတော့ အနေအထားတမျိုး ဖြစ်သွားနိုင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အရပ်သားတပိုင်းအစိုးရပုံစံမျိုး ဖမ်းရတော့မှာ ဖြစ်ပါတယ်။ တရုတ်အနေနဲ့ကလည်း စစ်အစိုးရထက် အရပ်သားတပိုင်း ရွေးကောက်ခံအစိုးရပုံစံ ပေါ်ထွက်လာရေးကို လိုလားတဲ့အတွက် ယခင်ကြားနေပုံစံ ဆက်ဆံရေးကနေ သွေဖည်ပြီး သိသိသာသာ စစ်ကောင်စီကို ဘက်လိုက်ပြီး ပံပိုးကူညီပေးနေတာလည်း ဖြစ်ပါတယ်။ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ကလည်း ဒီလိုသဘောထားပဲ ရှိတယ်လို့ယူဆပါတယ်။

ဒါမှလည်း သူတို့အနေနဲ့ သံတမန်ရေး အကျပ်အတည်းက လွန်မြောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အနှစ်သာရအားဖြင့် တသွေးတသံတမိန့် အစိုးရမျိုးပုံစံနဲ့ အထက်က လုံးဝချုပ်ကိုင်နိုင်တဲ့အစိုးရ ပေါ်ထွက်လာအောင် ကြိုးစားမှာ ဖြစ်ပေမဲ့ တဖက်မှာလည်း အသွင်သဏ္ဍန်အားဖြင့် အရပ်သားတပိုင်း အစိုးရပုံစံ ဟန်ဆောင်ရဦးမှာ ဖြစ်ပါတယ်။
ဒီအခင်းအကျင်းကပဲ အာဏာလေဟာနယ် (Power vacuum) ကို ဖြစ်စေမှာဖြစ်ပြီး စီမံခန့်ခွဲမှုအမှားတွေ များစေမှာ ဖြစ်ပါတယ်။ ရွေးကောက်ခံအစိုးရ ထွက်လာမှပဲ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်အတိုင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်ဖို့နဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီ စင်္ကြံတွေ ပေါ်ပေါက်လာဖို့ တရုတ်နဲ့ အာဆီယံက ပိုတွန်း ဖိအားပေးနိုင်မှာမို့ ပြည်တွင်းမှာ လူမှုရေး၊ စီးပွားရေး သက်သာခွင့်တချို့ ပေါ်ထွက်လာနိုင်စရာ အကြောင်းရှိပါတယ်။ ဒါကပဲ မရှိမဖြစ် အရေးကြီးတဲ့ ‘လူထုရဲ့ အားတင်းတောင့်ခံ နာလန်ပြန်ထနိုင်မှု’ ကို ဆက်ထိန်းထားနိုင်မယ့် အခွင့်အလမ်းကောင်းတခုအဖြစ် ပြောင်းလဲနိုင်ပါတယ်။
ရွေးကောက်ပွဲအလွန် ပေါ်လာမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကလည်း ငြိမ်းချမ်းရေးထက် တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် ၎င်းတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အားပိုကောင်းအောင် လုပ်သွားနိုင်ဖို့ အခွင့်အလမ်းတရပ်အဖြစ်လည်း ပေါ်ထွက်လာစရာ အကြောင်းရှိပါတယ်။
ရလဒ်အနေနှင့် စစ်ရေး၊ အုပ်ချုပ်ရေး ခိုင်မာတောင့်တင်းလာရုံတင်မက စီးပွားရေးပါ တောင့်တင်းလာမယ့် ဝ လက်နက်ကိုင်အဖွဲ့လို တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့တွေပိုပေါ်ပေါက်လာစရာအကြောင်းရှိပါတယ်။ သူတို့ရဲ့ ထောက်ပံ့မှုနဲ့ ပြည်မအတွင်းက မဟာမိတ်ဒေသခံ PDF တွေလည်း ပိုမိုခိုင်မာ အားကောင်းလာနိုင်ပါတယ်။ NUG လက်အောက်ခံ PDF တွေအနေနဲ့ကတော့ သူတို့ရဲ့ စွမ်းဆောင်ချက်အပေါ် မူတည်ပြီးတော့ပဲ အခြေအနေတွေက ဖြစ်ပေါ်လာနိုင်စရာ ရှိပါတယ်။ ပိုကွဲပြဲ ချေမှုန်းခံရတာဖြစ်နိုင်သလို ပိုကျစ်လစ်ခိုင်မာ အားကောင်းလာတာ ဆိုပြီး အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဦးဆောင်တဲ့သူတွေအပေါ်မှာပဲ မူတည်ပါတယ်။
ရှိလာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကလည်း ထုံးစံအတိုင်း ရေရှည်ခံမှာ မဟုတ်ပါ။ အစပထမသာ တိုက်ပွဲတွေ ငြိမ်သက်သယောင် ရှိကောင်းရှိပေမဲ့ တကျော့ပြန် အပြန်အလှန် တိုက်ပွဲတွေကလည်း အနှေးနဲ့အမြန် ပြန်လည် ပေါ်ပေါက်လာဦးမှာပါ။
ဒီအခါ အင်အားတည်ဆောက်ထားသူက အနိုင်ပွဲဆက် နယ်မြေထိန်းချုပ်မှုတွေ ပိုရလာဦးမှာ ဖြစ်ပါတယ်။ နယ်မြေစိုးမိုးနိုင်မှု အခြေအနေကပဲ ပေါ်လာမယ့် ရွေးကောက်ခံ ရုပ်သေးအစိုးရရဲ့ ကံကြမ္မာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
တိုက်ပွဲတွေ ခတ္တခဏရပ်ဆိုင်းမှုကပဲ စစ်ကောင်စီတပ်သားတွေ နောက်တန်းပြန် အနားရချိန် ပိုရလာခဲ့ရင် အခြေအနေမပေးလို့ မပြေးရတဲ့ အောက်ခြေတပ်သားတွေက ဒီအခါ ပိုတပ်ပြေး လုပ်ကြမလားလို့လည်း တွေးမိပါတယ်။ သွေးပူတုန်းမှာ မနာတဲ့အနာတွေက သွေးအေးသွားရင် ပိုနာလာပါလိမ့်မယ်။
ဒါကတော့ တော်လှန်ရေးဘက်က စွမ်းဆောင်နိုင်မှုအပေါ် မူတည်ပြီး သူတို့မျှော်မှန်းရာ ဖြစ်နိုင်၊ မဖြစ်နိုင် သုံးသပ်တာပါ။ ပါးနပ်မှုကြောင့် ပိုစုစည်းနိုင်ရင် အောင်ပွဲကို အချိန်တခုအတွင်း ထပ်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ သို့သော် အခြားတဖက်မှာလည်း စစ်ကောင်စီက ရွေးကောက်ပွဲအလွန် အင်အားပြန်စုစည်းပြီး ဆုံးရှုံးသွားတဲ့ နယ်မြေတွေ ပြန်လည်သိမ်းယူသွားနိုင်အောင် လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်းရှိတယ်လို့ မြင်မိပါတယ်။
အထူးသဖြင့် နိုင်ငံရေးဇာတ်ခေါင်းကွဲအောင် မြန်မာနိုင်ငံရေးအင်အားစုတွေအကြား ထိုးခွဲပြီး တော်လှန်ရေးကို ပြည်သူထောက်ခံမှု လျော့ကျသွားအောင် လုပ်နိုင်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ကာ စည်းလုံးမှု ပျက်ပြားအောင် လုပ်ဆောင်ခြင်းပါ။
ဖမ်းဆီးခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်တွေ ပြန်ထွက်လာတဲ့အခါ လူထုဟာ စစ်ပန်းတာနဲ့ရောပြီး တွေဝေသွားမလား၊ ဆက်ပြီး ပြတ်သားသွားမလား ကြည့်ရပါမယ်။ ရွေးကောက်ပွဲ လုပ်နိုင်လိုက်တာဟာ ပြည်သူ့တော်လှန်ရေး ကျဆုံးသွားတာ မဟုတ်ဘဲ ဘောလုံးပွဲ ပထမပိုင်း အချိန်ပိုင်းအနားပေးသလို ဒုတိယပိုင်း အနိုင်ကန်ဖို့ အခွင့်ကောင်းလို့ပဲ မြင်တဲ့အခါမှာတော့ လူထုက ဆက်ပြတ်သားနေမှာလို့ ထင်မိပါတယ်။
သို့သော် NUG လက်အောက်ခံ အဖွဲ့အစည်းတွေဟာ လေသက်သက်သာရှိပြီး လက်တွေ့ရလဒ် မယ်မယ်ရရ မပြနိုင်သလို နာမည်ပျက်အမျိုးမျိုးနဲ့ နာမည်ထွက် သွေးကွဲနေမယ်ဆိုရင်တော့ လူထုက စိတ်ပျက်မှုတွေ ပိုလာမှာ ဖြစ်ပါတယ်။
ဒီတော့ NUG အနေနဲ့ ရွေးကောက်ပွဲကို လုံးဝ ဟန့်တားနိုင်စွမ်းမရှိရင် လူထုနိုင်ငံရေးအမြင် တည့်မတ်အောင် လုပ်နိုင်စွမ်းရှိ၊ မရှိဆိုတဲ့ စိန်ခေါ်ချက် ရှိပါတယ်။ ဒါကလည်း လေထိုးလေလျော် မဟုတ်ဘဲ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက မြင်သာတဲ့ရလဒ် တည်ဆောက်ထားနိုင်မှ ဖြစ်မှာပါ။ လောလောဆယ်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ စစ်ရေးတိုးတက်မှုအပေါ်မှာပဲ မစားရအညှော်ခံ ခြေအေးဝမ်းရောင်နေတဲ့အဆင့် ဖြစ်နေပါတယ်လို့ ဆိုချင်ပါတယ်။
အချုပ်အားဖြင့် ဆိုရရင်တော့ မဖြစ်မနေ ပေါ်လာမယ့် ရွေးကောက်ပွဲဟာ မိမိတို့ရဲ့ မျှော်မှန်းချက်တွေ ဇာတ်ခေါင်းကွဲစေမယ့် ခြိမ်းခြောက်မှုလား၊ ဒါမှမဟုတ် ဘောလုံးပွဲ ဒုတိယပိုင်း အနိုင်ကန်နိုင်မယ့် အခွင့်အလမ်းလား၊ ဆင့်ကဲဖြစ်စဉ် ပြောင်းလဲရေးလားဆိုတာကတော့ မိမိတို့ရဲ့ ဝမ်းစာအသိနဲ့ စွမ်းဆောင်နိုင်ရည်အပေါ်မှာ ပဲမူတည်ကြောင်းပါ။
(ဝင်းမျိုးသူသည် သဘာဝပတ်ဝန်းကျင်ရေးရာ ဝါရင့်ပညာရှင်ဖြစ်ပြီး အောက်စဖို့ဒ် တက္ကသိုလ်တွင် အကြီးတန်း လက်ထောက် ပညာရှင်လုပ်ခဲ့သည်။ ဦးဝင်းမျိုးသူသည် အခုအခါ အမေရိကန်ရှိ ဂျော့ဂျ် ဝါရှင်တန် တက္ကသိုလ်တွင် ဧည့် သုတေသီ ဖြစ်သည်။)
You may also like these stories:
ကျားဖြန့်၊ အောက်ဆိုက်ဝင်ငွေနဲ့ အကျင့်ပျက် စစ်တပ်
ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ
ကျားဖြန့်၊ အကျင့်ပျက် စစ်ကောင်စီနဲ့ တရုတ် ဖိအား
လူပြန်ပေးဖြစ်လာသည့် စစ်မှုထမ်းဥပဒေ
ပရမ်းပတာ စစ်သားစုဆောင်းမှုက စစ်ကောင်စီ အင်အားချိနဲ့နေကြောင်း ပြသ
၂၀၂၄ ကျော်လို့ ၂၀၂၅ ထဲဝင်လာခဲ့သော မြန်မာ့တော်လှန်ရေးခရီး
အထိနာ စစ်ကောင်စီနှင့် အလံဖြူ စစ်တပ်အပေါ် ၂၀၂၄ လည်ပြန် သုံးသပ်ချက်














