၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက မြန်မာ့ပြည်တွင်းစစ် စစ်ရှိန် မြင့်တက်လာခဲ့၏။ စစ်တပ်သည် မြို့များ၊ စခန်းများစွာကို စွန့်လွှတ်ခဲ့ရပြီး အဓိက ခံစစ်ဆင်ရသည်။ သို့သော်လည်း ၂၀၂၄ ခုနှစ်မှစ၍ စစ်ကောင်စီတပ်သည် ခံစစ်သေ သက်သက်ထက် လှုပ်ရှားခံစစ်နှင့် ပြန်လှန်ထိုးစစ် ကြီး/ငယ်များကို မြန်မာပြည်အနှံ့ ပြန်လည် ပြုလုပ်လာသည်ကို နယ်မြေအနှံ့တွင် အောက်ပါအတိုင်း တွေ့ရ၏။
ကချင်ပြည်နယ်
အဓိက ဗန်းမော်မြို့နှင့် မံစီတိုက်ပွဲများတွင် စစ်ကောင်စီတပ်သည် မံစီမြို့ရှိ တပ်ရင်းသုံးရင်းအား စွန့်လွှတ်ပြီး ဗန်းမော်တွင် ပူးပေါင်းခံစစ်ဆင်သည်။ ဗန်းမော်တွင် ခံစစ်ဆင်နေသော စစ်ကောင်စီတပ်သည် စကခ ၂၁ ဌာနချုပ်ကို ဗဟိုပြု ခံစစ်ဆင်နေပြီး လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များ စွန့်လွှတ်ရပါက ဒရုန်းနှင့် လေကြောင်းပစ်ကူ အများအပြား အသုံးပြုကာ ရလျှင်ရသလို ပြန်လှန်ထိုးစစ်ဆင် သိမ်းယူပြီး ခံစစ်သေ မကျင့်သုံးဘဲ ခံစစ်ရှင် ကျင့်သုံးနေသည်ကို တွေ့ရ၏။
ထိုးစစ်ဆင်နေသည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များသည် တပ်စခန်းတခုကို နှစ်ကျော့ပြန် သိမ်းနေရကြောင်း တွေ့ရပြီး ဗန်းမော်တိုက်ပွဲ အချိန်ကြာနေသည်ကို တွေ့ရသည်။
သို့ဖြစ်ရာ ထိုးစစ်ဆင်နေသည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များသည် တပ်စခန်းတခုကို နှစ်ကျော့ပြန် သိမ်းနေရကြောင်း တွေ့ရပြီး ဗန်းမော်တိုက်ပွဲ အချိန်ကြာနေသည်ကို တွေ့ရသည်။
ထို့ပြင် ကချင်ပြည်နယ်အတွင်း မိုးညှင်း၊ ဟိုပင်ဒေသ၊ ဖားကန့်ဒေသ၊ ဝိုင်းမော်ဒေသ၊ မြစ်ဆုံ တန်ဖရဲဒေသနှင့် တနိုင်းဒေသတို့တွင် စစ်တပ်သည် စစ်ကြောင်းငယ်များဖြင့် တိုက်စစ်ဆင်နေသည်ကို တွေ့ရ၏။ တနိုင်းဒေသတွင် KIA စခန်းငယ်တခုအား စီးနင်းသိမ်းပိုက်နိုင်သည်ကို တွေ့ရပြီး ကျန်ဒေသများတွင် ထူးခြားစွာ လုပ်ဆောင်နိုင်ခြင်း မရှိပေ။
စစ်ကိုင်းတိုင်း
စစ်ကိုင်း စစ်မျက်နှာတွင် ၂၀၂၄ ခုနှစ်အတွင်း ကောလင်းမြို့အား စစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်သော်လည်း ပင်လည်ဘူးအား ပြန်လည် လက်လွှတ်ရ၏။ အင်းတော်မြို့၌ ဂျပန်လိုဏ်ဂူတနေရာထဲတွင်သာ ခံစစ်ဆင်နေသော်လည်း ကာကင်းစခန်းများကျပါက ပြန်လည် ထိုးစစ်ဆင်သည်ကို တွေ့ရသည်။
ထီးချိုင့်တိုက်ပွဲကို တော်လှန်ရေးတပ်ဖွဲ့များက နားထားသဖြင့် စစ်တပ် လှုပ်သာလှည့်သာ ရှိနေသော်လည်း ပြန်လှန်ထိုးစစ်ဆင်နိုင်ခြင်း မရှိပေ။
ကျန်နေရာများတွင် စစ်တပ် စစ်ကြောင်းထိုးလှုပ်ရှားမှု ရှိသော်လည်း ဘုတလင်တိုက်ပွဲ၊ ဒီပဲယင်းတိုက်ပွဲ၊ ဝက်လက်တိုက်ပွဲ၊ ချောင်ဦး လမ်းဖြတ်တိုက်ပွဲများတွင် ချေမှုန်းခံရပြီး အထူးသတိထား လှုပ်ရှားသည်ကို တွေ့ရ၏။
ထို့ပြင် တမူးအထက်ပိုင်း၊ ကလေးအောက်ပိုင်းနှင့် ဖောင်းပြင်ဒေသတို့တွင် တော်လှန်ရေးအင်အားစုများ၏ စခန်းသိမ်းတိုက်ပွဲများ ရှိနေပြီး မုံရွာအနီး ဗောဓိတထောင်နားရှိ တာဝါတိုင်စခန်းပင် တိုက်ခိုက်သိမ်းပိုက်ခံရသည်။
စစ်ကိုင်းတိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခိုက်ခြင်း အပါအဝင် ပြောက်ကျားတိုက်ပွဲများ နေ့စဉ်ရှိနေရာ တကြောင်းထိုး စစ်ကြောင်းများဖြင့် တော်လှန်ရေးအင်အားစု ထောက်ခံသည့်ရွာများအား လိုက်လံမီးရှို့ဖျက်ဆီးခြင်းသာ အဓိက ပြုလုပ်နေပြီး စစ်တပ်နှင့် ရဲစခန်းငယ်များ တခုပြီးတခု ဆုတ်ခွာနေရဆဲဖြစ်၏။ အခိုင်အမာစခန်းများထက် လှုပ်ရှားစစ်ဆင်နေသည့် တော်လှန်ရေးတပ်ဖွဲ့များကို ပြန်လှန်ထိုးစစ်ဆင်ရန် ခက်ခဲနေပုံရ၏။
မန္တလေးတိုင်း
မန္တလေးမြောက်ပိုင်းတွင် မတ္တရာအထက်ပိုင်း၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်း၊ မဘိန်း၊ မိုးမိတ်၊ မိုးကုတ်တို့ကို တော်လှန်ရေးတပ်ဖွဲ့များ ၂၀၂၄ ခုနှစ်အတွင်း သိမ်းပိုက်ထားခဲ့သော်လည်း သပိတ်ကျင်းနယ်အတွင်း တပ်စခန်းကြီး သုံးခုနှင့် စစ်ဆေးရုံတခု ကျန်ခဲ့သည်။ စစ်ကောင်စီတပ်သည် ထိုတပ်ဖွဲ့များအား လေကြောင်းမှ ထောက်ပို့ပြီး ပြန်လည် ထိုးစစ်ဆင်ရာ ၂၀၂၅ ခုနှစ်အတွင်း တွင်းငယ်အား ပြန်လည် ထိန်းချုပ်လိုက်ပြီး မိုးကုတ်ဒေသသို့ ထပ်မံ ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟုဆိုသော်လည်း ယခုအထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပါ။
မတ္တရာမြို့နယ် အထက်ပိုင်းစခန်းများ ကျပြီးနောက် စစ်တပ်သည် အစောပိုင်းက မန္တလေး PDF များ ထိန်းချုပ်ထားသည့် မတ္တရာအနောက်ခြမ်း ဧရာဝတီမြစ်ရိုးတလျှောက် ထိုးစစ်ဆင်ပြီး ယခုအခါ မတ္တရာ အရှေ့မြောက်ဘက်တကြောသို့ပါ ထိုးစစ်ဆင်နေသည်ကို တွေ့ရပြီး နေ့စဉ် တိုက်ပွဲများ ပြင်ထန်နေသည်ကို တွေ့ရသည်။
မတ်လဆန်းတွင် မြင်းခြံနယ်၌ စစ်တပ်၏ စစ်ကြောင်းတကြောင်းကို PDF များက ဖြတ်တောက်ချေမှုန်းနိုင်သည်ကိုပင် တွေ့ရ၏။ စစ်တပ်၏ ထိုးစစ် စစ်ကြောင်းများ ထင်တိုင်းမပေါက်ပေ။
မန္တလေးတောင်ဘက် မြင်းခြံနယ်တွင် မြင်းခြံ-ပုဂံလမ်းကိုသာ စစ်ကောင်စီတပ် ထိန်းချုပ်ထားနိုင်ပြီး မြင်းခြံ အရှေ့ခြမ်းရှိ နွားထိုးကြီး၊ တောင်သာ၊ ဝဲလောင်များကို ထိန်းချုပ်နိုင်ခြင်းမရှိ၍ စစ်တပ်နှင့် ပျူစောထီးများ ပေါင်းကာ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားနေဆဲဖြစ်၏။ မတ်လဆန်းတွင် မြင်းခြံနယ်၌ စစ်တပ်၏ စစ်ကြောင်းတကြောင်းကို PDF များက ဖြတ်တောက်ချေမှုန်းနိုင်သည်ကိုပင် တွေ့ရ၏။ စစ်တပ်၏ ထိုးစစ် စစ်ကြောင်းများ ထင်တိုင်းမပေါက်ပေ။

ရှမ်းမြောက်
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကုန်မှ စတင်တိုက်ခိုက်ခဲ့သော တောင်ခမ်းတွင် အမြောက်တပ်ရင်း (အမတ) ဌာနချုပ်နှစ်ခုအား အစောပိုင်းက သိမ်းပိုက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်တပ်မှ စစ်အင်အားဖြည့်ပြီး ပြန်လည် ထိုးစစ်ဆင်ခဲ့ရာ ရှစ်လနီးပါးအကြာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းတွင် တောင်ခမ်းရှိ စစ်တပ် အမြောက်တပ်ဌာနချုပ်များကို ပြန်လည် သိမ်းပိုက်ခဲ့သည်ကို တွေ့ရ၏။
စစ်တပ်က ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် TNLA နှင့် ဓနုတပ်များ စခန်းမှ ဆုတ်ပေးထားသော်လည်း တောင်ခမ်းစခန်းများအနီးတွင် ပြောက်ကျားစနစ်နှင့် ရင်ဆိုင်ထားဆဲဖြစ်၏။ တောင်ခမ်းကို သိမ်းပြီးနောက် စစ်တပ်သည် တောင်ခမ်းအရှေ့မြောက်ရှိ ရွှေမုဋ္ဌောအထိ စစ်နယ်ချဲ့လာပြီး TNLA နှင့် ရင်ဆိုင်ထားသည်။ TNLA သည် အဓိက ခံစစ်ကို ရွှေမုဋ္ဌောမြောက်ဘက် ကံကြီးတွင် ပြင်ဆင်ထားပြီး နောင်ချို လုံခြုံရေးအား ရယူထား၏။
ပြင်ဦးလွင်ဘက်မှ နောင်ချိုသို့ ရင်ဆိုင်ထားသည့် စစ်တပ်သည် ဘန့်ဘွေးတွင် ဗျူဟာရုံးထိုင်ထား၏။ ရှေ့တန်းအား ဂန့်ဂေါရွာအထိ လှုပ်ရှားပြီး ဂန့်ဂေါရွာတွင် TNLA နှင့် ရင်ဆိုင်ထားသည်။ TNLA က အုမ္မသီးတွင် အခြေပြုပြီး ဂန့်ဂေါရှိ စစ်တပ်ကို ရင်ဆိုင်ထား၏။
စစ်တပ်၏ ရည်ရွယ်ချက်မှာ ဘန့်ဘွေးနှင့်တောင်ခမ်း နှစ်ဖက်မှ နောင်ချိုအား ပြန်လည် ထိုးစစ်ဆင်ရန် ရည်ရွယ်ပုံရ၏။ သို့သော် TNLA ခံစစ်ကြောင်းများဖြတ်ရန် လိုအပ်နေသေး၏။ လောလောဆယ်တွင်မူ တောင်ခမ်းတွင် တပ်များစုဖွဲ့ရန်၊ အခြေပြုရန် နေရာရသွားသည်။ TNLA အတွက် သတိပြုရန် လိုအပ်သည့် စစ်မျက်နှာဖြစ်၏။
ရှမ်းတောင်
ရှမ်းတောင်တွင် စစ်တပ်သည် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ပြည်သူ့စစ်နှင့် ပူးပေါင်း၍ ပထမ စစ်မျက်နှာတွင် ပင်လောင်းနယ်မြေ၌ ခြေကုပ်ယူပြီး ဖယ်ခုံမှတဆင့် မိုးဗြဲကို ထိုးစစ်ဆင်နေသည်။
ရှမ်းတောင် ဒုတိယစစ်မျက်နှာဖြစ်သည့် ဆီဆိုင်တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များ ပူးပေါင်းပြီး ဆီဆိုင်မြို့နယ်ကို ထိန်းချုပ်ကာ လွယ်လင်လေးမှ လွိုင်ကော်သို့ ထောက်ပို့လမ်းကြောင်း ဖွင့်ထားသကဲ့သို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) တပ်များကို ဆီဆိုင်ဝန်းကျင်သာမက မဲနယ်တောင်နှင့် မောက်မယ်ဒေသအထိ လိုက်လံ ထိုးစစ်ဆင်နေသည်ကို တွေ့ရ၏။ ရှမ်းတောင်ရှိ စစ်တပ်၏ ထိုးစစ်သည် အဓိက ကရင်နီပြည်နယ် ထိုးစစ်အား အထောက်အကူပြုသည်။
မကွေးတိုင်း
အမ်းမြို့ ကျပြီး အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် ပဒါန်းအနီးအထိ ရောက်လာပြီး စစ်တပ်သည် နတ်ရေကန်နှင့် ပဒါန်းတဝိုက်တွင် ခံစစ်ပြင်ပြီး ခုခံနေ၏။ ပြန်လှန်ထိုးစစ်ဆင်နိုင်ခြင်း မရှိပေ။ အမ်း၊ နတ်ရေကန်မှ ဆုတ်ပြေးနေသော စစ်တပ်အား ဒေသခံ နွေဦးတော်လှန်ရေးတပ်ဖွဲ့များက ကောင်းစွာ ဖြတ်တောက်ချေမှုန်းနိုင်သည်ကို တွေ့ရ၏။
နတ်ရေကန်တွင် ပြန်လှန်ထိုးစစ်ဆင်နိုင်ခြင်း မရှိသော်လည်း နောက်ကျော မလုံသည့်အတွက် ပခုက္ကူ၊ မင်းဘူး၊ သရက်ခရိုင်များတွင် စစ်တပ်က စစ်ကြောင်းများ စေလွှတ်၍ စစ်ဆင်ရေး အသေးစားများ ပြုလုပ်နေသည်ကို တွေ့ရသည်။ ဒေသခံတပ်ဖွဲ့များ ပြောက်ကျားစနစ်ဖြင့် ပြန်လည် တိုက်ခိုက်နေပြီး ဒေသခံတပ်များ၏ ဌာနချုပ်များမှာလည်း ရွှေ့ပြောင်းလွယ်သဖြင့် ထိခိုက်မှု မကြီးမားပေ။
နတ်ရေကန်တွင် ပြန်လှန်ထိုးစစ်ဆင်နိုင်ခြင်း မရှိသော်လည်း နောက်ကျော မလုံသည့်အတွက် ပခုက္ကူ၊ မင်းဘူး၊ သရက်ခရိုင်များတွင် စစ်တပ်က စစ်ကြောင်းများ စေလွှတ်၍ စစ်ဆင်ရေး အသေးစားများ ပြုလုပ်နေသည်ကို တွေ့ရသည်။ ဒေသခံတပ်ဖွဲ့များ ပြောက်ကျားစနစ်ဖြင့် ပြန်လည် တိုက်ခိုက်နေပြီး ဒေသခံတပ်များ၏ ဌာနချုပ်များမှာလည်း ရွှေ့ပြောင်းလွယ်သဖြင့် ထိခိုက်မှု မကြီးမားပေ။ ထိုဒေသအတွင်း ထိုးစစ်ဆိုသည်ထက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) စက်ရုံများ လုံခြုံရေးအတွက် ရှေ့ကာအဖြစ် ထွက်၍ လှုပ်ရှားခံစစ် ဆင်နေသည်ဟု ဆိုရမည်။
ချင်းပြည်နယ်
ချင်းပြည်နယ် အများစုမှာ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်အောက်တွင်ရှိနေပြီး ဟားခါး၊ ထန်တလန်၊ တီးတိန်တို့တွင်သာ စစ်တပ် အခြေပြုနိုင်သည်။ ဖလမ်းကို ချင်းတပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိပြီး တပ်ရင်းဌာနချုပ်တခုမှအပ ကျန်မြို့များအား ထိန်းချုပ်ထားနိုင်၏။ ချင်းပြည်နယ်တွင် စစ်တပ်သည် ထန်တလန်တွင် ပြန်လည် ထိုးစစ်ဆင်သော်လည်း ဘတပြန် ကျားတပြန် ဖြစ်နေသည်ကို တွေ့ရ၏။

ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မှအပ ကျန်မြို့နယ်များအား AA က ထိန်းချုပ်ထားပြီး စစ်တပ်က မြေပြင်မှ ပြန်လှန်ထိုးစစ် ဆင်နိုင်ခြင်း မရှိပါ။ စစ်တွေနှင့် ကျောက်ဖြူတို့တွင် ယခုအခါ AA က ထိုးစစ်ဆင်တိုက်ခိုက်မှုများ စတင်လာသည်ကို တွေ့ရပြီး ထိုမြို့နှစ်ခုတွင် စစ်ကောင်စီတပ်က လှုပ်ရှားခံစစ်ဖြင့် ခုခံနေသည်ကို တွေ့ရ၏။
ပြည်မသို့ AA ထိုးစစ်ဆင်သည့် မင်းဘူး၊ ပဒါန်း၊ နတ်ရေကန်တွင်လည်းကောင်း၊ ပန်းတောင်း၊ ဥသျှစ်ပင်၊ ညောင်ကျိုး၊ ပန်းကန်ကွဲတွင်လည်းကောင်း စစ်ကောင်စီတပ်က ပြန်လှန် ထိုးစစ်ဆင်သည်ကို မတွေ့ရပါ။ ဧရာဝတီတိုင်း ပုသိမ်၊ သာပေါင်းအနီး AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် တောင်နှင့်ရွာများအား စစ်တပ်က ပြန်လည် ထိုးစစ်ဆင်နေသည့် သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြု၍ မရပေ။
ကရင်နီပြည်နယ်
၂၀၂၄ ခုနှစ်အတွင်း စစ်တပ်သည် ဆီဆိုင်၊ လွယ်လင်လေး လမ်းကြောင်းမှ ပြန်လည် ထိုးစစ်ဆင်ပြီး လွိုင်ကော်မြို့ နယ်မြေအများစုအား ပြန်လည် ထိန်းချုပ်နိုင်ခဲ့၏။ ကရင်နီအင်အားစုများအနေဖြင့် လက်နက်ခဲယမ်း မလုံလောက်၍ ဆုတ်ခွာပေးပုံရ၏။
ယခုအခါ စစ်တပ်သည် ပင်လောင်းကို ချုပ်ကိုင်ထားပြီး ဖယ်ခုံကို အပြည့်အဝ မချုပ်ကိုင်နိုင်သေးသော်လည်း ဖယ်ခုံမှတဆင့် မိုးဗြဲတွင်လည်း တပ်ရင်းဌာနချုပ်တွင် အခြေပြုပြီး မိုးဗြဲမြို့အား ထိုးစစ်ဆင်နေသည်။ မိုးဗြဲထိုးစစ်သည် လအနည်းငယ်ရှိပြီဖြစ်ပြီး တိုက်ပွဲ ရက်ဆက် ပြင်းထန်ကာ နှစ်ဖက်အကျအဆုံးများနေ၏။ လက်ရှိအချိန်အထိမူ ကရင်နီတပ်များက ခုခံနိုင်သေး၏။
သို့သော် ဖားဆောင်း၊ ဘောလခဲ၊ ဖရူဆို၊ ဒီးမော့ဆိုဘက်တွင် စစ်တပ်သည် ခံစစ်သေဖြင့်သာ ခုခံနေသည်။
ကရင်ပြည်နယ်
ကရင်ပြည်နယ်တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ စစ်တပ်သည် တပ်မ ၅၅ ကို အဓိကအားပြုပြီး အင်အားထောင်ချီပါသည့် စစ်ဆင်ရေးတရပ်၊ ထိုးစစ်တရပ်ကို ဆင်နွှဲခဲ့၏။ အဆိုပါ အောင်ဇေယျစစ်ဆင်ရေးသည် အခြားဒေသများကဲ့သို့ ခံစစ်အနေအထားမှ ပြန်လှန်ထိုးစစ်ဆင်သည် မဟုတ်သကဲ့သို့ အင်အားအနည်းအပါးဖြင့် စစ်ကြောင်းထိုးသည် မဟုတ်ပေ။ အင်အားထောင်ချီ အသုံးပြုပြီး ထိုးစစ်ဆင်ခြင်းဖြစ်၏။
ကော့ကရိတ်နှင့် မြဝတီကြား ဆက်သွယ်ရေးလမ်းကြောင်းနှင့် မြဝတီကို ထိန်းချုပ်ရန် ရည်ရွယ်သည့် အဆိုပါထိုးစစ်သည် တနှစ်ပြည့်ခါနီးသော်လည်း ဒေါနတောင်ခြေတွင် အကျအဆုံးများစွာဖြင့် အခြေအနေဆိုးနေ၏။
ကော့ကရိတ်နှင့် မြဝတီကြား ဆက်သွယ်ရေးလမ်းကြောင်းနှင့် မြဝတီကို ထိန်းချုပ်ရန် ရည်ရွယ်သည့် အဆိုပါထိုးစစ်သည် တနှစ်ပြည့်ခါနီးသော်လည်း ဒေါနတောင်ခြေတွင် အကျအဆုံးများစွာဖြင့် အခြေအနေဆိုးနေ၏။ အောင်မြင်မှုမရသော်လည်း စစ်တပ်သည် အင်အားထပ်မံဖြည့်တင်းပြီး ဆက်လက် ထိုးစစ်ဆင်နေသည်ကို တွေ့ရသည်။
ကရင်ပြည်နယ် အခြားဒေသများတွင် လှုပ်ရှားခံစစ်ကဲ့သို့ ပြန်လှန်ထိုးစစ်ပင် မဆင်နိုင်ဘဲ ခံစစ်သေဖြင့်သာ အင်အားဖြည့်တင်း ခုခံနေ၏။
ပဲခူးတိုင်း၊ တနင်္သာရီတိုင်း
ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းများတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ပြောက်ကျားလှုပ်ရှားမှုများ ပုံမှန်ရှိနေပြီး စစ်တပ်၏ စစ်ကြောင်းများ၏ ထိုးစစ်၊ စစ်ဆင်ရေးများလည်း ပုံမှန်ရှိသည်။ သို့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များက နေရာယူ စစ်ဆင်နွှဲသည် မဟုတ်သည့်အပြင် ဌာနချုပ်များမှာလည်း ပြောင်းလွယ်၊ ရွှေ့လွယ်ဖြစ်သဖြင့် စစ်တပ်၏ စစ်ဆင်ရေးများသည် ပြောက်ကျားတပ်ဖွဲ့များအား ချေမှုန်းနိုင်ခြင်း မရှိပေ။
ပဲခူးတိုင်း၊ တနင်္သာရီတိုင်းသာမက စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းများတွင်လည်း စစ်ကောင်စီသည် ဖြတ်လေးဖြတ် ပြုလုပ်၍ ထိုးစစ်ဆင်နိုင်ခြင်း မရှိဘဲ လေကြောင်းအားကိုးဖြင့် တကြောင်းထိုး စစ်ဆင်ရေးသာ ပြုလုပ်နေရာ ပြောက်ကျားတပ်ဖွဲ့များကို တိုက်ခိုက်ခြင်းထက် ပြောက်ကျားတပ်ဖွဲ့များအား ထောက်ခံသည်ဟု သူတို့ယူဆသည့် အရပ်သားများကိုသာ ဦးတည်တိုက်ခိုက်နေသည်ကို တွေ့ရ၏။

နိဂုံး
၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ကို စစ်တပ်သည် ခံစစ်သေ သက်သက်နှင့်သာမက လှုပ်ရှားခံစစ်ဖြင့်လည်းကောင်း၊ ပြန်လှန်ထိုးစစ်များဖြင့်လည်းကောင်း တုံ့ပြန်လာသည်ကို တွေ့ရ၏။ တပြည်လုံး အတိုင်းအတာအရ ကောလင်း၊ ဆီဆိုင်၊ တွင်းငယ်နှင့် တောင်ခမ်းကိုသာ ပြန်လည် ရယူထားနိုင်သည်ကို တွေ့ရ၏။
ဤသို့ပြန်လည်ရယူနိုင်၍ စစ်တပ်က အကြီးအကျယ် ဝါဒဖြန့်နေသော်လည်း ၎င်းတို့ ပြန်လည်ရယူနိုင်သည့် စခန်းများဆိုသည်မှာ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားခဲ့သည့် နယ်မြေများ၊ မြို့များ၊ စခန်းများ၏ ၁ ရာခိုင်နှုန်းပင် မရှိပေ။ ထို့ပြင် ထိုနေရာများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည် ဝိုင်းပတ်ထားသည်ကို တွေ့မြင်ရသည်။
မန္တလေးမြောက်ဘက်တွင်မူ KIA နှင့် ပူးတွဲလှုပ်ရှားနေသည့် PDF, မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့များနှင့် TNLA နှင့် တွဲဖက်လှုပ်ရှားနေသည့် PDF တပ်ဖွဲ့ကြား ကွပ်ကဲမှုဆိုင်ရာ ညှိနှိုင်းမှု မရှိသည်က အားနည်းချက်ဖြစ်နေပြီး လက်ရှိအခြေအနေတွင် TNLA နှင့် KIA ကြား ပဋိပက္ခက မန္တလေးမြောက်ဘက် စစ်ရေးအခြေအနေကို ထိခိုက်ခြင်း မရှိရေး သတိပြုရန် လိုအပ်နေ၏။
ထိုသို့ စစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်သည့်အထဲ၌ တွင်းငယ်နှင့် တောင်ခမ်းသည် TNLA ထိန်းချုပ်ရာနေရာများဖြစ်ခဲ့ပြီး ဆက်လက်၍ TNLA ထိန်းချုပ်ရာနေရာများအား ခြိမ်းခြောက်နေသည်ကို တွေ့ရ၏။
သို့ဖြစ်ရာ TNLA အနေဖြင့် အထူးသတိပြု ပြင်ဆင်ရန် လိုအပ်ပေလိမ့်မည်။
လွိုင်ကော်ကို ပြန်လည် ထိန်းချုပ်ထားသော်လည်း စစ်တပ်သည် အင်အားကောင်းသည့် ကရင်နီအင်အားစုများနှင့် ရင်ဆိုင်ထားရဆဲဖြစ်၏။ ရှမ်းတောင် ဆီဆိုင်နယ်တွင်သာ ပအိုဝ်းပြည်သူ့စစ်များ၏ အကူအညီဖြင့် စစ်တပ် အသာရနေသည်ဟု ဆိုနိုင်သည်။
ချုပ်၍ဆိုရလျှင် စစ်တပ်သည် ၂၀၂၄၊ ၂၀၂၅ ခုနှစ်များအတွင်း လှုပ်ရှားခံစစ်၊ ပြန်လှန်ထိုးစစ်များဖြင့် တော်လှန်ရေးတပ်ဖွဲ့များအား ရင်ဆိုင်နေသော်လည်း တခုလုံးအရကြည့်လျှင် ပြောပလောက်သည့် အောင်မြင်မှု မရရှိသေးပေ။
ချုပ်၍ဆိုရလျှင် စစ်တပ်သည် ၂၀၂၄၊ ၂၀၂၅ ခုနှစ်များအတွင်း လှုပ်ရှားခံစစ်၊ ပြန်လှန်ထိုးစစ်များဖြင့် တော်လှန်ရေးတပ်ဖွဲ့များအား ရင်ဆိုင်နေသော်လည်း တခုလုံးအရကြည့်လျှင် ပြောပလောက်သည့် အောင်မြင်မှု မရရှိသေးပေ။
သို့သော်လည်း ဒေသအသီးသီးရှိ တော်လှန်ရေးများအနေဖြင့် စစ်တပ်၏ ဒရုန်းသုံးစွဲမှု၊ စက်တပ်လေထီး သုံးစွဲမှုများအား ဂရုစိုက် အလေးထားရန်အပြင် နယ်မြေတခုချင်းအရ စစ်တပ်၏ လှုပ်ရှားခံစစ်နှင့် ပြန်လှန်ထိုးစစ်တို့အား မပေါ့မဆ အလေးအနက် ဂရုပြုပြီး ၎င်းတို့ကို ရင်ဆိုင်ရန်အတွက် နည်းလမ်းများကို စဉ်းစားပြင်ဆင်ထားရန် လိုအပ်ပေလိမ့်မည်။
(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
၂၀၂၄ ကျော်လို့ ၂၀၂၅ ထဲဝင်လာခဲ့သော မြန်မာ့တော်လှန်ရေးခရီး
မြင်းခြံဝန်းကျင် စစ်ကြောင်းထိုး၍ တိုက်ပွဲများဖြစ်
မိုးဗြဲ-လွိုင်ကော်လမ်း ထိန်းချုပ်ရန် စစ်တပ် အလုံးအရင်းဖြင့် စစ်ဆင်
စစ်ကောင်စီကို တော်လှန်ရေးတပ်တွေ ဝိုင်းလာနေပြီလား
ကူမင်းဆွေးနွေးပွဲအပြီး တောင်ခမ်းတိုက်ပွဲ ပိုပြင်းထန်လာ
စစ်အင်အား ဖြည့်တင်းရေး စစ်ကောင်စီ အကျပ်အတည်းဆိုက်နေသည်
အာဏာသိမ်း ၄ နှစ်အကြာ စစ်တပ် ချောက်ထဲထိုးဆင်းနေသည်













