စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုသည် ကိုယ်ချင်းစာတတ်သူများအတွက် ကြေကွဲဝမ်းနည်းစရာ ဖြစ်ရပ်အဖြစ် ခံစားမိစေခဲ့ရသည်။ စစ်အာဏာသိမ်းကာလအတွင်း ယခုကဲ့သို့ ဖြစ်စဉ်မျိုးကို စစ်ကောင်စီဘက်က မကြာမကြာ ကျုးလွန်တတ်ကြောင်းလည်း တွေ့ရတတ်သည်။
ထိုကျုးလွန်မှုများသည် စစ်တပ်၏ အညှာအတာမဲ့ ရက်စက်ကြမ်းကြုတ်သည့် ကျုးလွန်မှုများဟုလည်း ဆိုနိုင်သည်။ စစ်ကောင်စီသည် အာဏာသိမ်းကာလအတွင်း နေရာအနှံ့တိုက်ပွဲများတွင် စစ်ရှုံးလျက်ရှိသည်။ ထိုသို့စစ်ရှုံးမှုကြောင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို ညစ်တွန်း တွန်းသည့်သဘော တစိုက်မတ်မတ် လုပ်ဆောင်နေသည်။
ထို့ပြင် မြေပြင်စစ်ကြောင်း ထိုးနိုင်သည့်ဒေသများတွင် ကျေးရွာများရှိ ပြည်သူများကို အကြမ်းဖက်ခေါင်းစဉ်တပ်ပြီး ဖမ်းဆီး သတ်ဖြတ်မှုများ၊ ရွာလုံးကျွတ် မီးရှို့မှုများကိုလည်း ကျူးလွန်လျက်ရှိသည်။ စစ်ကောင်စီဘက်က စစ်ရှုူံးလေ ပိုအကြမ်းဖက်လေဟု ဆိုရမည်ထင်သည်။
ယခုကဲ့သို့ အကြမ်းဖက်မှုများကို မည်သို့မည်ပုံ စတင်ကျုးလွန်လာသည်ကို ခြေရာကောက်ကြည့်သည့်အခါ အာဏာသိမ်းကာလ တနှစ်ကျော်တွင် သိသိသာသာ ကျုးလွန်ခဲ့ကြောင်း တွေ့ရသည်။ အာဏာမသိမ်းမီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ရခိုင်ဒေသတွင် ဖြစ်ပွားခဲ့သည့် မွတ်စလင်များကို အစုအလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ်များအပြီး စစ်တပ်အတွင်း ဥပဒေကို ထည့်တွက်မှုအချို့ ရှိခဲ့သည်။
ထိုစဉ်က ရခိုင်ကို ကွပ်ကဲရသည့် စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး (ကစထမှူး)၊ တိုင်းမှူးနှင့် တပ်မမှူးများအထိ အဖြုတ်ခံခဲ့ရသည်။ မြေပြင်တပ်မှူးများနှင့် ကျုးလွန်သူများကို အရေးယူ ထောင်ချခဲ့ရသည်။ နိုင်ငံတကာဖိအားကို လျှော့ချရန်နှင့် ထိုအဆင့်များထက် ပိုသည့် စစ်ခေါင်းဆောင်များအထိ အရေးယူမှု ရောက်မလာအောင် တားဆီးခဲ့ခြင်းလည်း ဖြစ်သည်။ ထိုအရေးယူမှုများကြောင့် အထက်အောက် အမိန့်ပေးရာတွင် ကြောင့်ကြမှုများ ဖြစ်စေခဲ့သည်။
ဥပဒေနှင့်ငြိစွန်းနိုင်သည့် ကိစ္စများကို အထက်က အမိန့်ပေးလျှင် “အဘ အမိန့်ပေးတာနော်” ဟု လက်အောက်က ပြန်ပြောကြသလို အထက်ကလည်း “မင်းတို့ အထက်ကို ပြန်မချည်နဲ့လေ” ဆိုသည့်ပုံစံမျိုး များစွာဖြစ်ခဲ့သည်။ ဖြစ်စဉ်တခုခုဖြစ်ပြီဆိုလျှင်လည်း “အရေးယူခံရမယ်နော်” ဆိုသည့်စကားများ မကြာခဏ ကြားလာရသည်။
ဥပဒေနှင့်ငြိစွန်းနိုင်သည့် ကိစ္စများကို အထက်က အမိန့်ပေးလျှင် “အဘ အမိန့်ပေးတာနော်” ဟု လက်အောက်က ပြန်ပြောကြသလို အထက်ကလည်း “မင်းတို့ အထက်ကို ပြန်မချည်နဲ့လေ” ဆိုသည့်ပုံစံမျိုး များစွာဖြစ်ခဲ့သည်။ ဖြစ်စဉ်တခုခုဖြစ်ပြီဆိုလျှင်လည်း “အရေးယူခံရမယ်နော်” ဆိုသည့်စကားများ မကြာခဏ ကြားလာရသည်။
ထို့ကြောင့်လည်း ရခိုင်ဒေသတွင် မွတ်စလင်များအပေါ် ကျူးလွန်သည့် ဖြစ်စဉ်များအတွက် အရေးယူမှု အခြေအနေများကို စစ်ဘက်အရာရှိ သင်တန်းများတွင် စစ်ဥပဒေချုပ်ရုံး (ကကဥ) က လိုက်လံ ရှင်းလင်းပြောပြခဲ့ရသည်။ ထိုက်သင့်သည့် အရေးယူမှုများ လုပ်ဆောင်ခြင်းဖြစ်ပြီး ကျုးလွန်သူများကို တပ်ချုပ် အစီအစဉ်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်များနှင့် ပြန်လွှတ်ပေးခဲ့ကြောင်း လာရောက် ရှင်းလင်းကြခြင်းဖြစ်သည်။
လိုလားချက်မှာ ‘လုပ်စရာရှိသည်ကို ရဲရဲလုပ်ပါ၊ တပ်ချုပ်က နိုင်ငံတကာဖိအားကြောင့်သာ အခုလို လုပ်တာ၊ ကျုးလွန်သူများကို ပြန်ကြည့်ပြီး လွတ်ငြိမ်းခွင့်ပေးပါသည်’ ဆိုသည်ကို ရှင်းပြခြင်း ဖြစ်သည်။ သို့သော် ထိုကာလတွင် အထက်အောက် အပြန်အလှန် ချည်နှောင်ပြီး မလုပ်-မရှုပ်-မပြုတ်နှင့် ခပ်တန်းတန်း ဖြစ်သွားခဲ့ခြင်းကိုတော့ ပပျောက်သည်အထိ ကုစားနိုင်ခြင်း မရှိခဲ့ပေ။
သို့သော် စစ်အာဏာသိမ်းမှု နောက်ပိုင်းကာလတွင် ကာလကြာလာသည်နှင့်အမျှ (တနှစ်ကျော် နောက်ပိုင်း) ထိုအခြေအနေမှာ ပြောင်းပြန်ဖြစ်သွားသည်။ သတ်ပစ်လိုက်၊ ရှင်းပစ်လိုက်၊ မီးရှို့ပစ်လိုက် စသည့် အမိန့်များကို အံ့အားသင့်စရာ ကြားလာရသည်။
စည်းရုံးရေးနယ်အတွင်း ဖြစ်သဖြင့်လည်းကောင်း၊ ဘာသာရေးအဆောက်အဦ ဖြစ်သဖြင့်လည်းကောင်း မလုပ်နိုင်ကြောင်း တင်ပြပါက အထက်၏ ဆဲဆိုကြိမ်မောင်းခြင်း ခံကြရသည်။ ထို့ပြင် ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းဓာတ်ပုံများကို ချက်ချင်း ပေးပို့စေသည်။ နေရာလွဲမှားမှု မရှိစေရန် GPS မှတ်တမ်း Screen shoots များနှင့်တကွ တင်ပြရသည်။
တကယ် မလုပ်ချင်၍ မှတ်တမ်းများကို လိမ်လည် တင်ပြသူများအား စံနမူနာပြ အရေးယူပြခဲ့သည်။ ကြောက်ပြီး ခိုင်းသည့်အတိုင်း လိုက်လုပ်ရန် ဖြစ်သည်။ ခိုင်းသည့်အတိုင်း လုပ်သူများကိုလည်း ရာထူးရာခံများ ချီးမြှောက်ခဲ့သည်။ ဥပမာ စစ်ကိုင်း၊ ချင်းနှင့် မကွေးမြောက်ပိုင်းကို တာဝန်ယူရသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်ကို စစ်ဦးစီးအရာရှိချုပ် (ကြည်း) အဖြစ် ခန့်အပ်မှုဖြစ်သည်။
စစ်ခေါင်းဆောင်များအနေဖြင့် စစ်ရှုံးမှုကို လက်မခံနိုင်သည့်အဆုံး ရနိုင်သမျှသော ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များဖြင့် ချောင်ပိတ် ရိုက်ခံရသည့်တိရစ္ဆာန်လို ပြည်သူကို တုံ့ပြန်ခြင်းဟု ယူဆနိုင်သည်။
ထိုသို့ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ကျူးလွန်နေသော စစ်ခေါင်းဆောင်များသည် တဖက်ကလည်း သူတို့၏ ရက်စက်ကြမ်းကြုတ်မှုကို ဖုံးကွယ်ရန်အတွက် ဝါဒဖြန့်မှု (Propaganda) များကို အားပေးခဲ့သည်။ စစ်လော်ဘီများကတဆင့် ရည်ရွယ်ချက်ရှိရှိ သူတို့လုပ်သမျှကို ဖုံးကွယ်ကြရန် စနစ်တကျ ဆောင်ရွက်လာကြသည်။
ထိုသို့ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ကျူးလွန်နေသော စစ်ခေါင်းဆောင်များသည် တဖက်ကလည်း သူတို့၏ ရက်စက်ကြမ်းကြုတ်မှုကို ဖုံးကွယ်ရန်အတွက် ဝါဒဖြန့်မှု (Propaganda) များကို အားပေးခဲ့သည်။ စစ်လော်ဘီများကတဆင့် ရည်ရွယ်ချက်ရှိရှိ သူတို့လုပ်သမျှကို ဖုံးကွယ်ကြရန် စနစ်တကျ ဆောင်ရွက်လာကြသည်။
ပြီးခဲ့သည့် ၂၀၁၆-၂၀၂၁ ခုနှစ်ကြား NLD အစိုးရ လက်ထက်ကတည်းကပင် ဝါဒဖြန့်မှုကိစ္စရပ်များကို အသေးစိတ် လုပ်ကိုင်ဆောင်ရွက်လာခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။ ထိုကာလ အရှေ့ပိုင်း၌ ရဲမိုး (ဗိုလ်ကြီးဟောင်း) ကဲ့သို့ ထောက်လှမ်းရေးဟောင်း အချို့ကို ထောက်ပံ့ပြီး ဆိုရှယ်မီဒီယာတွင် စစ်တပ်ကောင်းကြောင်း မရှိ ရှိတာ ရှာကြံ၍တမျိုး လုပ်ကြံဇာတ်ဖြင့်တဖုံ ဝါဒဖြန့်မှု ဆောင်ရွက်စေခဲ့သည်။
ကက (ကြည်း) အောက်မှ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွန်ပြူတာနှင့် နည်းပညာညွှန်မှူးရုံး (ကက – ကွန်) နှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (ကက – ပြည်) တို့တွင် အဖွဲ့များဖွဲ့၍ စစ်တပ်ဆန့်ကျင်ရေးအဖွဲ့များ၏ ဆိုရှယ်မီဒီယာ အကောင့်များကို စောင့်ကြည့်ခြင်း၊ ပစ်မှတ်ထား၍ တန်ပြန် ပုံဖျက်ရေးသားမှုများနှင့် စစ်တပ်ဘက်ကလိုက်ပြီး ဂုဏ်ဖော်ရေးသားမှုများကို ဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရသည်။

ထို့ပြင် ကစထမှူးများက သူတို့ကွပ်ကဲရသည့် စစ်တိုင်းများရှိ စစ်ဘက်ရေးရာလုံခြုံရေးဌာန (စရန) များ၏ ကြီးကြပ်မှုဖြင့် တပ်နယ်အလိုက် ဒေသတွင်း သတင်းဌာနများ၏ ဆိုရှယ်မီဒီယာများကို စောင့်ကြည့်ခြင်း၊ နယ်အလိုက် လူသိများ ကျော်ကြားသူများ၏ ကိုယ်ပိုင်အကောင့်များကို စောင့်ကြည့်ခြင်း၊ တပ်တွင်းရှိ အရာရှိ၊ စစ်သည်များ၏ ဆိုရှယ်မီဒီယာအကောင့်များကို စောင့်ကြည့်ခြင်းနှင့် တန်ပြန်ဝါဒဖြန့်ခြင်းများကို ဆောင်ရွက်စေခဲ့သည်။
ဆိုရှယ်မီဒီယာကို စိတ်ဝင်စားသော ကစထမှူး အချို့သည် သက်ဆိုင်ရာ ဒေသအလိုက် တန်ပြန်ဝါဒဖြန့်နိုင်မှု စာရင်းကို အပတ်စဉ် တင်ပြစေခဲ့ကြောင်း သိရသည်။ ထိုကာလတွင် NLD အစိုးရကို စစ်တပ်အတွင်းက ထောက်ခံမှုမရှိစေရန်အတွက် ဦးစားပေး လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ တပ်တွင်း မဲရုံများကို တပ်ပြင်ထုတ်ပြီး နောက်ပိုင်းတွင် ပိုမို အသေးစိတ် ဆောင်ရွက်ခဲ့ကြောင်း တွေခဲ့ရသည်။
ထို့နောက် NLD ပါတီ ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်၏ ဘတ်ဂျက်အသုံးစရိတ် တင်ပြမှုကြောင့် စစ်တပ်အသုံးစရိတ် ဖြတ်တောက်မှုအပြီးတွင် ပို၍ ဆိုးရွားစွာဖြင့် ခေါင်းဆောင်ပိုင်းနှင့် အစိုးရအပေါ် အနုတ်လက္ခဏာဆောင်သည့် ဝါဒဖြန့်မှုများ ပိုမို ဆောင်ရွက်လာခဲ့ကြသည်။
စစ်တပ်တွင်း၌လည်း NLD ပါတီ ကိုယ်စားလှယ် စစ်အသုံးစရိတ် ဖြတ်တောက်သဖြင့် ရှေ့တန်းစခန်းများအတွက် ရိက္ခာကို ရဟတ်ယာဉ်နှင့် ရိက္ခာပို့ရမည့်အစား စစ်ကြောင်းများမှ လူဖြင့်ထမ်းပြီး ရိက္ခာပို့ရကြောင်း စနစ်တကျ ဟောပြောသကဲ့သို့ တပ်မိသားစုများသုံးသည့် ဆိုရှယ်မီဒီယာဂရုများတွင်ပါ ဖြန့်စေခဲ့သည်။
ထိုဝါဒဖြန့်မှုများသည် အာဏာသိမ်းကာလတွင် PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်များကို အကြမ်းဖက်များအဖြစ် ပုံဖော်ကာ စစ်တပ်ကို ‘ဒို့တာဝန်အရေး (၃) ပါးအရ မဖြစ်မနေ တိုက်နေရသည့် တပ်မတော်’ အဖြစ် ပုံဖော်သည်။ စစ်တပ်က ကျုးလွန်သမျှ တရားပြီး စစ်ကောင်စီကို ဆန့်ကျင်သူမှန်သမျှ အကြမ်းဖက်တံဆိပ် ကပ်သည်။
တယ်လီဂရမ်ချန်နယ်များ အပြိုင်အဆိုင် ပေါ်လာပြီး ရုပ်သံများနှင့်ပင် စစ်ကောင်စီဘက်က ကာကွယ်ပြောဆိုသူ လော်ဘီ အမြောက်အများလည်း ထွက်ပေါ်လာခဲ့သည်။ မိုးဟိန်း (သူရိယနေဝန်း) နှင့် အောင်မင်းတို့ကဲ့သို့ ဘက်ပြောင်းလာသူများကို နေရာပေး ထောက်ပံ့ပြီး စင်တင်ပေးခဲ့သည်။
နောက်ပိုင်းတွင် စစ်ဗိုလ်ချုပ်များ ကျောထောက်နောက်ခံပေးထားသည့် ကျော်မျိုးမင်း (NP News)၊ ကျော်စိုး (People Midea)၊ ဇော်ဘုန်းဟိန်း၊ သဇင်ဦး (သူရိယနေဝန်း) တို့မှာ လူသိများသည့် စစ်လော်ဘီများ ဖြစ်လာခဲ့သည်။
နောက်ပိုင်းတွင် စစ်ဗိုလ်ချုပ်များ ကျောထောက်နောက်ခံပေးထားသည့် ကျော်မျိုးမင်း (NP News)၊ ကျော်စိုး (People Midea)၊ ဇော်ဘုန်းဟိန်း၊ သဇင်ဦး (သူရိယနေဝန်း) တို့မှာ လူသိများသည့် စစ်လော်ဘီများ ဖြစ်လာခဲ့သည်။
လတ်တလော ဖြစ်ပေါ်ခဲ့သည့် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်လော်ဘီများသည် လေကြောင်းဗုံးကြဲမှု မဟုတ်ဘဲ PDF များ၏ လက်လက်ဗုံးများ ပေါက်ကွဲမှုဖြစ်စဉ်အဖြစ် ပုံဖော်နေကြောင်းတွေ့ရသည်။
ထို့ပြင် တိုင်းရင်းသားဒေသအချို့တွင် ကလေးများ လက်နက်အချို့ ကိုင်ဆောင်ရိုက်ကူးထားသည့် ဓာတ်ပုံများကို ဖော်ပြ၍ ထင်ယောင်ထင်မှားဖြစ်အောင်လည်း ဆောင်ရွက်နေကြောင်း တွေ့ရသည်။
အိုးထိန်းတွင်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး သဇင်ဦး၊ ဇော်ဘုန်းဟိန်းနှင့် ကျော်စိုးဦးတို့ သုံးယောက် အတူရိုက်ကူးထားသည့် ဗီဒီယိုတခုကို တွေ့ရသည်။ သဇင်ဦးက ယခုအချိန်သည် အဖြူအစိမ်းဝတ်ပြီး ကျောင်းတက်ရသည့်ကာလ မဟုတ်ကြောင်း ကျောင်းပိတ်သည့် ရာသီဖြစ်ကြောင်း၊ Grade 12 စာမေးပွဲ ပြန်ဖြေမည့်သူ မရှိကြောင်း၊ တမင်သက်သက် လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်း ပြောသည်။
ဇော်ဘုန်းဟိန်းက နိုင်ငံရေးအမြတ်ထုတ်ရန်အတွက် စာသင်ကျောင်းကို ဗုံးကြဲကြောင်း အောက်တန်းဆန်စွာ ပြုလုပ်သည့် သတင်းအမှားဖြစ်ကြောင်း ပြောသည်။
ကျော်စိုးဦးက ဒီပဲယင်းတွင် ပညာရေးယန္တယား ရပ်တန့်နေကြောင်း၊ ကျောင်းထဲတွင် ဗုံးသီးများ ထုတ်နေကြောင်း၊ မြို့ပေါ်က လုံခြုံရေးတပ်ဖွဲ့များကို တိုက်ရန် ခြေကုပ်ယူနေခြင်းဖြစ်ကြောင်း၊ စစ်သွေးကြွများရှိ၍ ရှင်းတာဖြစ်ကြောင်း ပြောသည်။
သဇင်ဦးက TikTok တွင် ကျောင်းအတွင်း ဗုံးသီးထုတ်လုပ်သည့် ရုပ်သံဗီဒီယိုကို နောက်တွင် တွဲ၍တင်ပြမည်ဟုပြောဆိုပြီး လက်လုပ်ဗုံးသီးထုတ်သည့် TikTok ဗီဒီယိုတခုကို ဖော်ပြခဲ့သည်။
အဆိုပါဗီဒီယိုဖိုင်နှင့် ပတ်သက်၍ လေ့လာကြည့်သည့်အခါ ဗုံးကြဲခံခဲ့ရသည့် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းနှင့် အဆောက်အဦ ဖွဲ့စည်းမှု မတူညီကြောင်း ဆောက်လုပ်ရေးအင်ဂျင်နီယာတဦးက ထောက်ပြသည်။ ထို့ကြောင့် စစ်လော်ဘီများ ထောက်ပြသည့် ရုပ်သံဗီဒီယိုသည် အခြားနေရာတခုတွင် ရိုက်ကူးထားသည့်ရုပ်သံ ဖြစ်နိုင်ခြေများသည်ဟု ဆိုနိုင်သည်။
နယ်ခံအချို့ထံမှ ကြားရသည့် သတင်းများအရ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးစနစ်ဖြင့် လည်ပတ်နေသည့် ကျောင်းဖြစ်ပြီး သင်္ကြန်ပိတ်ရက်တွင်သာ ပိတ်ခဲ့ကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားသည့်နေ့က ကျောင်းဖွင့်လျက်ရှိကြောင်း သိရသည်။ တပ်တွင်းသတင်းအရ ဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင် ရှမ်းတဲလေတပ်မှ တိုက်ခိုက်ရေးလေယာဉ်တစင်း ယင်းမာပင်ဘက်သို့ ဦးတည်ပျံသန်းမှုရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ လုပ်ကြံ ဝါဒဖြန့်ကြောင်း၊ စစ်လော်ဘီများက ဖုံးကွယ်ရန် ကြိုးစားနေကြသော်လည်း ဖြစ်စဉ်မှာ မှန်ကန်ကြောင်း မြေပြင်သတင်းများအရ အတည်ပြုနိုင်ကြောင်း တွေ့ရသည်။
စစ်ကောင်စီဘက်က အစပိုင်းတွင်း လက်လုပ်မိုင်း ပေါက်ကွဲခြင်းဟု ဝါဒဖြန့်သည်။ ညာမရသည့်အခါ ကျောင်းတက်ချိန်မဟုတ်၊ စစ်သွေးကြွများကိုသာ ရှင်းလင်းခြင်းဖြစ်ပြီး ကျောင်းသူ ကျောင်းသားများ သေဆုံးမှုမှာ လုပ်ကြံမှုဟု ပြောင်း၍ ဝါဒဖြန့်ခဲ့သည်။
ရှေ့က လုပ်ချင်တိုင်းလုပ်သမျှ နောက်က မဟားတရား ဖုံးကြသော်လည်း စစ်လော်ဘီများ၏ တန်ပြန် လုပ်ကြံဇာတ်လမ်းများမှာ ရှေ့ကဖုံး နောက်ကပေါ်လျက်ရှိ နေသည်ကို တွေ့ရပေသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး
ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)
ကလေးတွေက သူတို့ ကွယ်လွန်သွားတယ်ဆိုတာ သိလိုက်ကြပါ့မလား (ရုပ်/သံ)
စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)
အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)
ကလေးများ ပြန်ပြောပြသော လက်ယက်ကုန်း လူသတ်ပွဲ
မျက်ရည်တွေ မခမ်းခြောက်သေးတဲ့ ပဇီကြီး ဖြစ်ရပ်ဆိုး













