မြန်မာပြည်နိုင်ငံရေးတွင် စစ်တပ်ကို ဗဟိုပြု၍ စဉ်းစားခဲ့သည်ကို ၂၀၁၁ မှ ၂၀၂၀ ကြား ဆယ်နှစ်ကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ကြားခဲ့ရသကဲ့သို့ ကျယ်ကျယ်လောင်လောင်လည်း ကြားခဲ့ရသည်ဟု ဆိုရမည်။
မြန်မာနိုင်ငံရေးမှ စစ်တပ်ကို ဖယ်ထုတ်၍ စဉ်းစား၍မရ၊ မြန်မာနိုင်ငံရေးပြဿနာ ဖြေရှင်းရာတွင် စစ်တပ်ကို ဗဟိုပြုစဉ်းစားရန် လိုသည်၊ စစ်တပ်သည် မြန်မာပြည်တွင် အတောင့်တင်း အခိုင်မာဆုံးသော အင်စတီကျူးရှင်း ဖြစ်၏၊ စစ်တပ်မပါဘဲ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် ကြိုးစားပါက မြန်မာပြည် တည်ငြိမ်မှုရှိမည်မဟုတ် စသည်ဖြင့် စစ်တပ်ကို ဗဟိုပြုစဉ်းစားကြသည့် သုံးသပ်ချက်များ များပြားခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။
ဤသုံးသပ်ချက်များသည် အကြောင်းအချက်နှစ်ခုပေါ်မှ လာသည်။ ပထမအချက်မှာ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက်မှ အစပြုသည့် ပြုပြင်ပြောင်းလဲရေး ရလဒ်ကြောင့်ဖြစ်၏။ ဒုတိယအချက်မှာ ပြုပြင်ပြောင်းလဲရေးတွင် စစ်တပ်ပါဝင်ပါက လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားစရာမလိုတော့ဘဲ ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်၍ဖြစ်သည်။
ဤသုံးသပ်ချက်များသည် အကြောင်းအချက်နှစ်ခုပေါ်မှ လာသည်။ ပထမအချက်မှာ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက်မှ အစပြုသည့် ပြုပြင်ပြောင်းလဲရေး ရလဒ်ကြောင့်ဖြစ်၏။ ဒုတိယအချက်မှာ ပြုပြင်ပြောင်းလဲရေးတွင် စစ်တပ်ပါဝင်ပါက လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားစရာမလိုတော့ဘဲ ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်၍ဖြစ်သည်။
ထိုသုံးသပ်ချက်ပေါ် အခြေခံ၍ ပြည်မ ဒီမိုကရက်တစ်အင်အားစုများ လွှတ်တော်နိုင်ငံရေးအတွင်း ပါဝင်လာကြသကဲ့သို့ လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တွန်းပို့ခဲ့ကြသည်။
ဤအမြင်သည် ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများအထိပါ သက်ရောက်မှုကြီးခဲ့၏။ ပြည်ပနိုင်ငံအစိုးရများနှင့် ထိုအစိုးရများအပေါ် ဩဇာသက်ရောက်သည့် ပညာတတ်များကြားတွင် မြန်မာစစ်တပ်ကို ဗဟိုပြုသည့် သွေးထွက်သံယိုမှုမရှိဘဲ ငြိမ်းချမ်းစွာ ပြောင်းလဲသည့်ဖြစ်စဉ်ကို အားပေးထောက်ခံကြ၏။ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအား စံပြုရမည့် အပြောင်းအလဲသစ်အဖြစ် စိတ်ဝင်စားကြ၏။
မြန်မာပြည်နှင့် ကုန်သွယ်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ ရှိကြသည့်၊ ကုန်သွယ်လိုကြ၊ ရင်းနှီးမြှုပ်နှံလိုကြသည့် တရုတ်အပါအဝင် နိုင်ငံခြားတိုင်းပြည်ကလည်း စိတ်ဝင်စားကြသည်။ စစ်တပ်ကို ဗဟိုပြုစဉ်းစားကြောင်း စိတ်ရောကိုယ်ပါ ထောက်ခံကြသည်ကို တွေ့ခဲ့ရသည်။
သို့ဖြစ်ရာ စစ်တပ်သည် ၂၀၁၁ မှ ၂၀၂၀ အတွင်း ချုပ်ကိုင်ထားသည့် အာဏာအတော်များများကို လက်လွှတ်ခဲ့ရသော်လည်း မြန်မာနိုင်ငံရေးတွင် နိုင်ငံရေးအရ တရားဝင်နေရာတနေရာ အသိအမှတ်ပြုခံခဲ့ရ၏။
တကယ်တမ်းတွင် မြန်မာနိုင်ငံရေး၌ စစ်တပ်ကို ဗဟိုပြုစဉ်းစားသည့်အမြင်သည် မြန်မာပြည်အခြေအနေကို လက်တွေ့ကျကျ စဉ်းစားသည်ထက် တိုင်းပြည်အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရန် စစ်တပ်ကို ဆွဲသွင်း၍ နေရာပေးပြီး စဉ်းစားမှုဖြစ်သည်။
တကယ်တမ်းတွင် မြန်မာနိုင်ငံရေး၌ စစ်တပ်ကို ဗဟိုပြုစဉ်းစားသည့်အမြင်သည် မြန်မာပြည်အခြေအနေကို လက်တွေ့ကျကျ စဉ်းစားသည်ထက် တိုင်းပြည်အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရန် စစ်တပ်ကို ဆွဲသွင်း၍ နေရာပေးပြီး စဉ်းစားမှုဖြစ်သည်။
စစ်တပ်နှင့် မြန်မာပြည်လက်တွေ့
မြန်မာပြည်လက်တွေ့တွင် စစ်တပ်အခန်းကဏ္ဍနှင့်အခြေအနေကို ကြည့်ပါက အောက်ပါအတိုင်းတွေ့ရသည်။
အိမ်စောင့်အစိုးရခေတ်
အိမ်စောင့်အစိုးရခေတ်တွင် စစ်တပ်သည် ရှမ်းပြည်စော်ဘွားစနစ်ကို ဖျက်သိမ်းခဲ့၏။ စော်ဘွားစနစ် ဖျက်သိမ်းရာတွင် တွေ့ရသည့် အဓိကပြဿနာမှာ ရှမ်းပြည်စော်ဘွားစနစ်နေရာ အစားထိုးမည့် အုပ်ချုပ်ရေးပုံစံအား ရှမ်းပြည်နယ်ကိုယ်စားပြုသူများနှင့် အကျေအလည် ဆွေးနွေးခြင်းမရှိသကဲ့သို့ အုပ်ချုပ်ရေးပုံစံသစ်အား စနစ်တကျ ပြင်ဆင်ထားခြင်းမရှိဘဲ ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ခဲ့သည့်ရလဒ်ကြောင့် ရှမ်းပြည်တွင် လက်နက်ကိုင်တပ် ထိန်းချုပ်နိုင်သည့် မြို့မကြီးများမှအပ နယ်မြေအများအပြားအား ထိန်းချုပ်နိုင်ခြင်းမရှိဘဲ တည်ငြိမ်မှုရော ဖွံ့ဖြိုးတိုးတက်မှုရော မရှိခဲ့ပေ။
တော်လှန်ရေးကောင်စီနှင့် မဆလခေတ်
၁၉၆၂ ခုနှစ် မှ ၁၉၈၈ ခုနှစ်အတွင်း စစ်တပ်က အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီအမည်ဖြင့်လည်းကောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရအမည်ဖြင့်လည်းကောင်း အုပ်ချုပ်ခဲ့၏။ မဆလခေတ်၏ အားသာချက်ဟု ပြောပါဆိုလျှင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် လက်နက်ကိုင်ပုန်ကန်မှုများကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် ရှမ်း၊ ကချင်၊ ကရင်နီ၊ ကရင်နှင့် မွန် ပြည်နယ်ငါးခုတွင် လက်နက်ကိုင်ပုန်ကန်မှုများ ပိုများလာခဲ့၏။
စစ်တပ်၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဆိုသည်ကမူ တိုင်းပြည်ကို မွဲပြာကျစေခဲ့၏။ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ဆန်ရှားပါးမှု၊ ကုန်ပစ္စည်းရှားပါးမှု စသည့် ပြဿနာပေါင်းစုံနှင့် ကြုံတွေ့ရပြီး စီးပွားရေးကျဆင်းကာ မြန်မာပြည်လည်း အဆင်းရဲဆုံးနိုင်ငံစာရင်း ဝင်ခဲ့သည်။ တိုင်းပြည် မတည်မငြိမ်ဖြစ်ခဲ့သည်။
၁၉၆၃ ငြိမ်းချမ်းရေး လူထုဆန္ဒပြပွဲ၊ ၁၉၆၆ ဆန်ပြဿနာ၊ ၁၉၆၇ တရုတ်-ဗမာအရေးအခင်း၊ ၁၉၆၉ ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇၄ ဇွန် အလုပ်သမားသပိတ်၊ ၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးတော်ပုံ၊ ၁၉၇၅ ဇွန် ကျောင်းသားသပိတ်၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် စသည့် လှုပ်ရှားမှုများ အဆက်မပြတ်ဖြစ်ပွားပြီး နောက်ဆုံး ၁၉၈၈ အရေးတော်ပုံဖြစ်ပွားကာ မဆလ အစိုးရ ပြုတ်ကျခဲ့သည်။
ပြည်မဒေသများတွင် လက်နက်ကိုင်မှုပုန်ကန်မှုများ ငြိမ်သက်သွားခဲ့သော်လည်း စီးပွားရေးကျဆင်းမှုနှင့် မဆလ တပါတီစနစ်ကြောင့် လူထုအုံကြွမှုများ၊ ဆန္ဒပြမှုများ မကြာခဏဖြစ်ပွားပြီး မဆလခေတ်ကာလ ၂၆ နှစ်တာကာလတွင် တည်ငြိမ်မှု မရှိပေ။
လွတ်လပ်ရေးရပြီးနောက် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) ခေတ်ကတည်းကရှိသည့် တရားစီရင်ရေးစနစ်နှင့် အစိုးရယန္တရားတွင်လည်း စစ်တပ်အရာရှိများ ဝင်ရောက်လာခြင်း၊ တရားစီရင်ရေးစနစ် ပြင်ဆင်ခြင်းနှင့် မဆလ စီးပွားရေးစနစ်ကြောင့် အကျင့်ပျက်မှု၊ အဂတိလိုက်စားမှုများ စတင်လာပြီဖြစ်သော်လည်း မဆလအစိုးရခေတ်တွင် အစိုးရဗျူရိုကရေစီယန္တရားနှင့် တရားစီရင်ရေးစနစ် ပုံမပျက်သေးဟုဆိုနိုင်သည်။
လွတ်လပ်ရေးရပြီးနောက် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) ခေတ်ကတည်းကရှိသည့် တရားစီရင်ရေးစနစ်နှင့် အစိုးရယန္တရားတွင်လည်း စစ်တပ်အရာရှိများ ဝင်ရောက်လာခြင်း၊ တရားစီရင်ရေးစနစ် ပြင်ဆင်ခြင်းနှင့် မဆလ စီးပွားရေးစနစ်ကြောင့် အကျင့်ပျက်မှု၊ အဂတိလိုက်စားမှုများ စတင်လာပြီဖြစ်သော်လည်း မဆလအစိုးရခေတ်တွင် အစိုးရဗျူရိုကရေစီယန္တရားနှင့် တရားစီရင်ရေးစနစ် ပုံမပျက်သေးဟုဆိုနိုင်သည်။
နဝတ/နအဖ ခေတ်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ခေတ်ကာလတွင် ၁၉၈၈ အရေးတော်ပုံကို စစ်အင်အားအသုံးပြု၍ အကြမ်းဖက်နှိမ်နင်းခြင်း၊ ၁၉၉၀ ရွေးကောက်ပွဲပြီး အာဏာလွှဲပြောင်းမပေး၍ မတည်မငြိမ်ဖြစ်မှု၊ အုံကြွမှုများ၊ တက္ကသိုလ်ကျောင်းများ သုံးနှစ်ခန့် ပိတ်ထားရမှု၊ ၁၉၉၆ လှုပ်ရှားမှု၊ ၂၀၀၃ ဒီပဲယင်းလူသတ်ပွဲ၊ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှု၊ ၂၀၀၈ နာဂစ်နှင့် နာဂစ် အခြေခံဥပဒေဆန့်ကျင်မှုများကို ၂၀၁၀ ပြည့်နှစ်အထိ ၂၂ နှစ်တာ ကြုံတွေ့ခဲ့ရ၏။ မဆလခေတ်ထက် နိုင်ငံရေးအကျဉ်းသား များပြားသည်ကို တွေ့နိုင်သည်။
နဝတ/နအဖ ခေတ်တွင် ပြည်တွင်းစစ်အနေဖြင့် ကချင်၊ ရှမ်း၊ ချင်း၊ ကရင်နီပြည်နယ်များတွင် စစ်ပွဲများ တဖြည်းဖြည်း ရပ်တန့်နေသော်လည်း ကရင်၊ မွန်နှင့် တနင်္သာရီတို့တွင် စစ်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့၏။ ကရင်ပြည်နယ်တွင် ဘာသာရေးအကြောင်းပြုပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) အား ဖြိုခွဲနိုင်သော်လည်း ပြဿနာကို အရင်းအမြစ်က ဖြေရှင်းနိုင်ခြင်း မရှိပေ။
၁၉၉၃ မှ စတင်သည့် ငြိမ်းချမ်းရေးညီလာခံသည်လည်း နိုင်ငံရေးအင်အားအများစု၊ တိုင်းရင်းသားလက်နက်ကိုင် အများစု၏ သဘောထားကို ရယူနိုင်ခဲ့ခြင်း မရှိကြောင်း တွေ့မြင်နိုင်သည်။
နဝတ/နအဖ ခေတ်တွင် စီးပွားရေးအား ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးသည်ဆိုသော်လည်း လက်တွေ့တွင် တိုင်းပြည်စီးပွားရေးကို စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ လက်ဝေခံခရိုနီများက ချုပ်ကိုင်၍ အကျိုးအမြတ်များ ရယူသွားသည်။
ထို့ပြင် စစ်ဗိုလ်ချုပ်များ၏ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်မှုကြောင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုခံရ၏။ သို့ဖြစ်ရာ တိုင်းပြည်အာဏာချုပ်ကိုင်ထားသည့် နဝတ/နအဖ တို့ ရှင်သန်ခွင့်ရသော်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း မရှိပေ။ တိုင်းပြည်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်း မရှိပေ။ တိုင်းပြည်စီးပွားရေး မကောင်းသဖြင့် ငွေကြေးဖောင်းပွခြင်း၊ ကုန်ဈေးနှုန်းတက်ခြင်းတို့ကြောင့် တိုင်းပြည်တည်ငြိမ်မှု မရှိပေ။
နဝတ/နအဖ ခေတ်တွင် ဆိုးဆိုးဝါးဝါး ပျက်စီးသွားသည်မှာ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးယန္တရားများဖြစ်၏။ အဆိုပါယန္တရားများသို့ ‘မိုးကျရွှေကိုယ်’ ဟု ခေါ်သည့် စစ်ဗိုလ်အများအပြား ရောက်လာပြီး ရုံးလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို ပစ်ပယ်၍ စစ်တပ်ပုံစံအတိုင်း အမိန့်ကို အကောင်အထည်ဖော်လာကြသည်။
နဝတ/နအဖ ခေတ်တွင် ဆိုးဆိုးဝါးဝါး ပျက်စီးသွားသည်မှာ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးယန္တရားများဖြစ်၏။ အဆိုပါယန္တရားများသို့ ‘မိုးကျရွှေကိုယ်’ ဟု ခေါ်သည့် စစ်ဗိုလ်အများအပြား ရောက်လာပြီး ရုံးလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို ပစ်ပယ်၍ စစ်တပ်ပုံစံအတိုင်း အမိန့်ကို အကောင်အထည်ဖော်လာကြသည်။
နဝတ/နအဖ ထိပ်ဆုံးစစ်ဗိုလ်ချုပ်များကိုယ်တိုင် ဗြောင်အတိအလင်း ကိုယ်ကျိုးရှာနေသည်ဖြစ်ရာ အစိုးရယန္တရားတခုလုံး လာဘ်ပေးလာဘ်ယူ ပြုလုပ်ကြ၏။ တရားစီရင်ရေးစနစ်တွင်လည်း နိုင်ငံရေးအမှုများနှင့် ပတ်သက်၍ စီရင်ချက်အား စစ်ဗိုလ်များပို့ပေးသည့် စာအိတ်ကို တရားသူကြီးများက ဖွင့်ဖတ်ရသည့် အခြေအနေရောက်သွားပြီး ကျန်အမှုအားလုံး လာဘ်ပေးလာဘ်ယူနှင့် ပြည့်နေသည်။ သို့ဖြစ်ရာ နဝတ/နအဖ ခေတ်တွင် တရားစီရင်ရေး၊ အုပ်ချုပ်ရေးယန္တရားများ အဂတိလိုက်စားခြင်းဖြင့် ယိုယွင်းပျက်စီးခဲ့သည်။
အသွင်ကူးပြောင်းရေးကာလ
၂၀၁၁ မှ ၂၀၂၀ ပြည့်နှစ်အထိ သမ္မတ ဦးသိန်းစိန်ကာလနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကာလကို အသွင်ကူးပြောင်းရေးကာလဟု ခေါ်ကြ၏။ ဤကာလတွင် နိုင်ငံရေးအရ ပြည်တွင်း၌ တင်းမာမှုများ လျော့ကျသည်။ နိုင်ငံရေးအရ ပွတ်တိုက်မှုများရှိသော်လည်း ပြင်းထန်သည့် အတိုက်အခံဖြစ်မှုနှင့် ဖိနှိပ်မှု လျော့ကျသွားသည်။ NLD အစိုးရခေတ်တွင် လူထုက အစိုးရကို ဝန်းရံသည်ကို တွေ့ရ၏။ ၁၉၆၂ စစ်တပ်အာဏာသိမ်းကတည်းက မတွေ့ရသည့်အချက်ဖြစ်သည်။
စီးပွားရေးအရ ထိုကာလတွင် နိုင်ငံခြားကြွေးမြီများ ပေးလျော်ခြင်း၊ နိုင်ငံခြားစီးပွားရေးပိတ်ဆို့များ ဖယ်ရှားပေးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်ဝင်လာခြင်းတို့ တွေ့ရ၏။ နိုင်ငံခြားရောက် မြန်မာများ ပြန်ဝင်လာသဖြင့် အရင်းအနှီးနှင့် အတတ်ပညာလည်း ဝင်ရောက်လာသည်။
နဝတ/နအဖ ခေတ်က အပစ်ရပ်ထားသည့်အဖွဲ့များနှင့် နိုင်ငံရေးပြဿနာ မဖြေရှင်းနိုင်သဖြင့် ရှမ်း၊ ကချင်၊ ရခိုင်တို့တွင် စစ်ပွဲများ ပြန်လည်မြင့်တက်လာ၏။
တစုံတရာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရှိသဖြင့် အစိုးရယန္တရားနှင့် တရားစီရင်ရေးယန္တရားတို့၏ အကျင့်ပျက်ခြစားမှုများကို ကျယ်ကျယ်လောင်လောင် ဝေဖန်ပြစ်တင်မှုများ ရှိလာသည်။ သို့ဖြစ်ရာ အကျင့်ပျက်ခြစားမှုများ ရှိနေသေးသော်လည်း နဝတ/နအဖ ခေတ်လောက် ဗြောင်မကျတော့။ အရေးယူကိုင်တွယ်မှုများလည်း ရှိလာ၏။
ပြောရလျှင် စစ်တပ်က အုပ်ချုပ်ရေးယန္တရားမှ ထွက်သွားရပြီးနောက် တိုင်းပြည်တွင် တစုံတရာ အသက်ရှူချောင်ခဲ့၏။ နိုင်ငံရေးဖိနှိပ်မှု လျော့ကျခဲ့ပြီး စီးပွားရေးအရ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး စသည့် အခြေခံအဆောက်အအုံများ တည်ဆောက်လာနိုင်သည်။
ပြောရလျှင် စစ်တပ်က အုပ်ချုပ်ရေးယန္တရားမှ ထွက်သွားရပြီးနောက် တိုင်းပြည်တွင် တစုံတရာ အသက်ရှူချောင်ခဲ့၏။ နိုင်ငံရေးဖိနှိပ်မှု လျော့ကျခဲ့ပြီး စီးပွားရေးအရ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး စသည့် အခြေခံအဆောက်အအုံများ တည်ဆောက်လာနိုင်သည်။
မော်တော်ယဉ်များ တင်သွင်းခွင့်မူဝါဒ ပြောင်းလဲလိုက်၍ မော်တော်ယဉ်များ တင်သွင်းခွင့် လွယ်ကူပြီး ဈေးနှုန်းကျဆင်းလာသည်။ မဆလ လမ်းစဉ်ခေတ်ကာလက စီးပွားရေးစီမံခန့်ခွဲမှုအလွဲများ မတွေ့ရသကဲ့သို့ နအဖခေတ် ကြက်ဆူပင် စိုက်သကဲ့သို့ အဓိပ္ပာယ်မဲ့ စိတ်ရူးပေါက်ရာ လုပ်ဆောင်ချက်များ မတွေ့ရတော့ပေ။
သို့သော် ဥပဒေဆိုင်ရာ အပြောင်းအလဲ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးပြဿနာတို့တွင် စစ်တပ်က သဘောမတူသဖြင့် မည်သည့်အပြောင်းအလဲမှ လုပ်၍မရခဲ့။ ထို့ပြင် ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်ပြီး စစ်တပ်အာဏာပိုင်များ ထင်တိုင်းကြဲ၍ ပြဿနာကြီးတက်ခဲ့၏။
သို့သော်လည်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး ပြဿနာတို့မှာ တစုံတရာတည်ငြိမ်သည်ဟု ဆိုနိုင်သော်လည်း ၁၉၆၂ ခုနှစ်ကတည်းက တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားခဲ့သော စစ်တပ်ခေါင်းဆောင်များ၏ အာဏာရူးသွပ်မှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးလောက်နှင့်မျှ မကျေနပ်နိုင်ခဲ့ပေ။
စစ်ကောင်စီခေတ်
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းကတည်းက ယခု ၂၀၂၅ ခုနှစ်အထိ ငါးနှစ်တာကာလတွင်မူ စစ်တပ် အုပ်ချုပ်ခဲ့သည့် သမိုင်းတလျှောက်တွင် အဆိုးဝါးဆုံးဖြစ်၏။ နိုင်ငံရေးမတည်ငြိမ်မှု၊ ဖိနှိပ်ခံမှု၊ နိုင်ငံရေးအကျဉ်းသား ဖမ်းဆီးခံရမှုတွင် စံချိန်တင်သည်။ တတိုင်းပြည်လုံးတွင် ပြည်တွင်းစစ် ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီး စစ်ကြောင့် အရပ်သားသေဆုံးမှု၊ မြို့ပြ ကျေးရွာ အိုးအိမ်ပျက်စီးမှု စံချိန်တင်သည်။ စစ်ဘေးဒုက္ခသည် စံချိန်တင်သည်။ စစ်ပွဲပြင်းထန်မှု စံချိန်တင်သည်။
စီးပွားရေးအရ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းတက်မှု၊ အလုပ်ကိုင်ရှားပါးမှု စံချိန်တင်သည်။ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးယန္တရားများ၌ လာဘ်ပေးလာဘ်ယူ ပြုလုပ်မှုသည် တရားဝင်သဖွယ်ဖြစ်လာသည်။ ထို့အကြောင်းများကြောင့် တိုင်းပြည်တည်ငြိမ်မှု မရှိပေ။ စစ်ကောင်စီသည် တိုင်းပြည်၏ နယ်မြေအတော်များများနှင့် နယ်စပ်ဒေသများကို ထိန်းချုပ်နိုင်ခြင်း မရှိပေ။
စစ်တပ် အာဏာချုပ်ကိုင်ထားသရွေ့
၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းကတည်းက မဆလခေတ်၊ နဝတ/နအဖ ခေတ်၊ စစ်ကောင်စီခေတ် အားလုံးတွင် စစ်တပ်သည် တိုင်းပြည်ကို တည်ငြိမ်အောင်၊ ဖွံ့ဖြိုးတိုးတက်အောင် အုပ်ချုပ်နိုင်ခြင်းမရှိသည့်အပြင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးယန္တရားများကို ဖျက်ဆီးခဲ့သည်။ အသွင်ကူးပြောင်းရေးကာလ ၁၀ နှစ်တွင် အလားအလာကောင်းများ ရှိသော်လည်း စစ်တပ်က ဖျက်ဆီးပစ်ခဲ့၏။
စစ်တပ်ကသာ ဖျက်ဆီးခြင်းမပြုပါက ၂၀၂၁-၂၀၂၅ ကြား ရွေးကောက်ခံအစိုးရသက်တမ်းကာလတွင် တိုင်းပြည်များစွာ တိုးတက်မည့်ကာလဖြစ်၏။ ယခု စစ်တပ် အာဏာသိမ်းခဲ့သဖြင့် တိုင်းပြည်အခြေအနေ ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့သည်။
စစ်တပ်ကသာ ဖျက်ဆီးခြင်းမပြုပါက ၂၀၂၁-၂၀၂၅ ကြား ရွေးကောက်ခံအစိုးရသက်တမ်းကာလတွင် တိုင်းပြည်များစွာ တိုးတက်မည့်ကာလဖြစ်၏။ ယခု စစ်တပ် အာဏာသိမ်းခဲ့သဖြင့် တိုင်းပြည်အခြေအနေ ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့သည်။
သို့ဖြစ်ရာ လက်တွေ့အခြေအနေတွင် ၁၉၆၂ ခုနှစ်မှစ၍ စစ်တပ်က တိုင်းပြည်အာဏာချုပ်ကိုင်ခဲ့သည် နှစ်ပေါင်း ၆၀ ကျော်အတွင်း တိုင်းပြည်တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မရှိသည်ကို ရှင်းလင်းစွာ တွေ့မြင်ရမည်ဖြစ်၏။ မြန်မာပြည်အရေးတွင် စစ်တပ်ကို ဗဟိုပြုစဉ်းစားနေသရွေ့ မြန်မာပြည် ရေရှည်တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရှိမည်မဟုတ်ပေ။
စစ်တပ် အာဏာချုပ်ကိုင်ထားသရွေ့ ဖိနှိပ်မှု၊ အုံကြွမှု၊ မတည်ငြိမ်မှုများနှင့်အတူ ဆင်းရဲနွမ်းပါးမှုတို့ကို ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
စစ်အုပ်ချုပ်ရေးကို အသက်ကယ်ဆေး မထိုးပေးပါနဲ့
စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင် ရွှေမန်းသူလေး
စစ်အုပ်ချုပ်ရေးအောက်က ဖရိုဖရဲ ဘဝများ
မြန်မာပြည်တွင်းစစ် မည်သို့ အဆုံးသတ်မည်နည်း
ဖြုတ်ထုတ်ရှင်းတတ်တဲ့ မြန်မာအာဏာရှင်တွေရဲ့ ရက်စက်တဲ့ ကစားကွက်














