မြန်မာနိုင်ငံတွင် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို လက်ကိုင်ထားနေဆဲ ဖြစ်သဖြင့် အမျိုးသမီးများ၏ အခွင့်အရေး အပြည့်အဝ ရရှိရန် အလှမ်း ဝေးနေဆဲ ဖြစ်သည်ဟု အမျိုးသမီးများဘက်မှ လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသည့် အရှိုအမျိုးသမီးများ အဖွဲ့အစည်း တည်ထောင် သူ လည်း ဖြစ်သလို ဒါရိုက်တာလည်းဖြစ်သည့် မိုင်သန့်စီဦးက ဆိုသည်။
၎င်းက “အမျိုးသမီး အခွင့်အရေး အပြည့်အဝ ရရှိဖို့ လိုက်ပြီးဆောင်ရွက်တဲ့ အခါမှာ ယဉ်ကျေးမှုက အရမ်းလွှမ်းမိုးနေတယ်။ အဲဒီတော့ အမျိုးသားတွေ ကိုယ်တိုင်ကလည်း လက်တွေ့မှာ ကျင့်သုံးဖို့ ခက်ခဲတယ်။ အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း ဒီထဲမှာ နေသား တကျ ဖြစ်နေတာကလည်း တွန်းအားပေးစရာလို ဖြစ်နေတာပေါ့လေ” ဟု ပြောသည်။
လူအခွင့်အရေးနှင့် အမျိုးသမီးများ ရသင့် ရထိုက်သည့် အခွင့်အရေးကို ကျေးလက်နေ အမျိုးသမီးများကိုယ်တိုင် အခွင့်အရေးဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို နားမလည်ကြဘဲ ၎င်းတို့ ကိုယ်တိုင် ရသင့် ရထိုက်တဲ့ အခွင့်အရေးများ ဆုံးရှုံးနေသည်ကို မသိသူ များလည်း များစွာ ရှိနေသည်ကိုတွေ့ ရသည်။
ရေတာရှည် မြို့နယ်၊ကျွန်းကုန်းကျေးရွာမှ အိမ်ထောင်ရှင်မ တဦးဖြစ်သူ မခင်မေဦး ကလည်း “ အမ ယောကျာၤးကို မြင်ရင် အလိုလို ကြောက်နေရတာ။ စကားပြောတာမှ အစ ဆင်ခြင်နေရတယ်။ ကလေးတွေလည်း ရှိတော့ အမြဲတမ်း သည်းခံနေရတယ်။ အရင်ဘဝက ဝဋ်ကျွေး လို့ဘဲ သဘောထားပြီးနေနေရတယ်” ဟု ပြောသည်။
အမျိုးသမီးများ၏ အခွင့်အရေး အပြည့် အဝ ရရှိစေရန် အတွက် လူတိုင်း လိုက်နာကျင့်သုံးရန် အရေးကြီးကြောင်း၊ အမျိုးသားများကို နေရာတကာတွင် ဦးစားပေးသည့် ကိစ္စမျိုးတွင်လည်း အမျိုးသမီးများ ကိုယ်တိုင်က ယင်းကဲ့သို့ အတွေးအခေါ်များကို ဖျောက်ဖျက်သင့်ပြီ ဖြစ်ကြောင်း၊ အကြောက်တရားနှင့် ကြီးပြင်းခဲ့သည့် အမျိုးသမီးများ၏ စိတ်ဓာတ်ကိုပင် စတင် ပြုပြင်မှသာလျှင် အမျိုးသမီးများ၏ အခွင့်အရေးမှာ ရရှိမည်ဟု မိုင်သန့်စီဦးက သုံးသပ်သည်။
မကွေးတိုင်းဒေသကြီး အတွင်းရှိ အိမ်ထောင်ရှင် အမျိုးသမီးတဦးမှာ အိမ်ထောင်ဖက်နှင့် ကွာရှင်းချင်နေသော်လည်း အမျိုးသားဘက်မှ ခွင့်မပြုပေးဘဲ နေ့စဉ်နဲ့ အမျှ နှိပ်စက်နေကြောင်း၊ အမျိုးသမီးဖြစ်သူ အလုပ်သွားပါက ကလေး အရင်း ဖြစ်သူကို တံခါးသော့ပိတ်၍ နှိပ်စက်ကြောင်း၊ ထိုကဲ့ သို့ ဖြစ်စဉ်မျိုးကို အမျိုးသမီးအရေး လိုက်ပါဆောင်ရွက်နေသည့် အဖွဲ့အစည်းထံသို့ တိုင်ကြားသည်ကို သူ၏ အမျိုးသား မသိအောင် ခိုး၍ လာရောက်တိုင်ကြားရသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း မိုင်သန့်စီဦးက ရှင်းပြသည်။
အမျိုးသမီးများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နည်းမျိုးစုံဖြင့် နှိပ်စက် ခံနေရမှုများမှာ ရှေးယခင် လက်ထက်တည်းက အစဉ်အလာ အနေဖြင့် ရှိနေခဲ့ပြီး ယခု ခေတ်မှာပင် မဖော်ထုတ်ဘဲ ဖုံးဖိထားသည့် ကိစ္စရပ်များ ရှိနေဆဲဖြစ်သည်။
၎င်းက “ဒီလို ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အမှုတွေက မပေါ်ပေါက်တာ နေ့စဉ်နဲ့ အမျှကတော့ ဖြစ်စဉ်တွေကတော့ ရှိနေတုန်းပါ။ ပြောရမှန်း မသိတာရယ်။ မပြောရဲတာရယ် အကြောင်း အမျိုးမျိုးကြောင့် မကြားရတဲ့ ဖြစ်စဉ်မျိုးတွေ အများကြီး ရှိနေပါတယ်” ဟု ပြောသည်။
ယခုနောက်ပိုင်းတွင် ထိုကဲ့သို့ အမျိုးသမီး အခွင့် အရေး အပြည့်အဝ ရရှိစေရန် အတွက် အမျိုးသမီးရေးလှုပ်ရှားနေသည့် NGO ၊ INGO အဖွဲ့အစည်းများ ပေါ်ပေါက်လာပြီး အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များကလည်း အမျိုးသမီး အခွင့်အရေး အပြည့်အဝ ရရှိစေရန် အတွက် လွှတ်တော် အတွင်း ဆွေးနွေးမှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။
လွှတ်တော် ရပ်နားထားသည့် ကာလများတွင် အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ် များဖြစ်သည့် ဆပ်ပြာလုပ်ငန်း၊ မုန့်လုပ်သည့် လုပ်ငန်းများ သင်ကြားပေးသည့် အပြင် နိုင်ငံရေး အပိုင်းကိုပါ စိတ်ပါဝင်စားနိုင်ရန် နှင့် နိုင်ငံရေးကို ရေရှည် လုပ်ကိုင် ဆောင်ရွက်မည်ဆိုပါက မိမိကိုယ်ကို ရပ်တည် နိုင်ရန် အရေးကြီးကြောင်းများကို ဆွေးနွေးပွဲတရပ် အနေနဲ့ ဆောင်ရွက်လျက် ရှိကြောင်း ကျောက်တန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး က ပြောသည်။
ဒေါ်အေးမြမြမျိုး က “ သင်တန်းပေးတာ အလှည့်နဲ့ ပေးတာပါ။ လောလောဆယ်အောင်မြင်တယ် ပြောရမယ်။ တချို့ဆို စီးပွားဖြစ် လုပ်လာနိုင်တာလည်း တွေ့ရတယ်။ အမျိုးသမီးတွေ သိထားသင့်တဲ့ ဥပဒေတွေလည်း ဆွေးနွေးပွဲတွေ လည်း လုပ်တယ်။ အသက်မွေးဝမ်းကျောင်းသင်တန်းကိုလည်း လုပ်တယ်။ အဲဒီ ၂ ခု ကို မျှပြီး လုပ်ပါတယ် ” ဟု ရှင်းပြသည်။
ထို့ကြောင့် အမျိုးသမီး အရေးကို အမျိုးသမီးကိုယ်တိုင်သာမက ပတ်ဝန်းကျင်တွင် နေထိုင်သည့် အမျိုးသားများပါ သိရှိရန် လိုအပ် ကြောင်း၊ အမျိုးသမီးများကိုလည်း အကြမ်းဖက်မှုများ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ မပြုလုပ်ရန် အမျိုးများ ကိုယ်တိုင် ပါဝင် ကူညီဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အမျိုးသမီးရေး လှုပ်ရှားသူ အများစုက တောင်းဆိုကြသည်။
မြန်မာ အမျိုးသမီးများ အနေဖြင့် အမျိုးသမီးများ အပေါ် နည်းမျိုးစုံ နှင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ဆိုင်ရာ သဘောတူ စာချုပ် ( CEDAW) စီဒေါ ကို ၁၉၉၇ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
၂၀၁၅- ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ လူနေမှု ဘဝနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက် စစ်တမ်းအရ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မှာ အမျိုးသမီး ၇ ဦးတွင် ၁ ဦးမှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံနေရကြောင်း၊ အိမ်ထောင်ဖက်မှ ထိန်းချုပ်လွှမ်းမိုးခြင်းမှာ ၁၀ ဦးလျှင် ၃ ဦးမှာ ခင်ပွန်းသည်မှ ထိန်းချုပ် လွှမ်းမိုးမှု ခံနေရကြောင်း၊ အိမ်ထောင်ဖက်မှ အကြမ်းဖက်မှု ခံနေရခြင်းမှာ အမျိုးသမီး ၅ ဦးတွင် ၁ ဦး ခံနေရကြောင်း၊ အိမ်ထောင်ဖက်မှ အကြမ်းဖက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ဦးတွင် ၄ ဦးက ဒဏ်ရာများ ရရှိနေခြင်း ဖြစ်သည်ဟု သိရသည်။
ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားခဲ့ရသူများထဲမှ ၂၂ ရာခိုင်နှုန်းကသာ အကူအညီများ ရယူခဲ့ပြီး၊ ၃၇ ရာခိုင်နှုန်းမှာ ဖွင့်ဟ ပြောဆိုမှု မရှိခဲ့ကြခြင်း၊ ကျန် ၄၁ ရာခိုင်နှုန်းမှာ ဖွင့်ဟ ပြောဆိုသော်လည်း အကူအညီ များ မရခဲ့ကြောင်း စစ်တမ်း အရ သိရ သည်။