တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာပြည် ခရီးစဉ်ကို ကြိုဆိုသော်လည်း ယင်းခရီးစဉ် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် တရုတ် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ကချင် အရပ်ဘက် အဖွဲ့အစည်းများနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီအချို့က စိုးရိမ်မကင်း ဖြစ်နေကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ကချင်အရပ်ဘက် အဖွဲ့အစည်း ၅၀ ကျော် ပူးပေါင်းကာ တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ ပေးမည့် အိတ်ဖွင့်ပေးစာကို လူမှုကွန်ရက် Facebook စာမျက်နှာတွင် ထုတ်ပြန်ခဲ့ရာတွင် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို မြင်တွေ့ ရသည်။
ကချင်အရပ်ဘက်အဖွဲ့များ၏ ထုတ်ပြန်ချက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဦးအင်ဝပ်နော်အောင် က “ကျနော်တို့ အပေါ်မှာ အိမ်နီးချင်း၊ နိုင်ငံကြီးကောင်း ပီသစွာ ရှိသင့်ရှိထိုက်တဲ့ စံချိန်စံညွှန်း၊ လူမှုရေး၊ လူ့အခွင့်အရေး သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ စံချိန်စံညွန်းတွေကို ချင့်ချိန်သုံးသပ်ပြီး ရင်းနှီးမြှုပ်နှံမှု ပေါ်လစီကို ချမှတ်ပေးပါပေါ့။ ငြိမ်းချမ်းရေးကို ရှေးရှု ပါဝင်ပြီး တော့မှ တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ပါဝင် ဆောင်ရွက်ပေးပါဆိုပြီး တောင်းဆိုချင်လို့ ထုတ်ပြန်ချက်ကို ထုတ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ အိတ်ဖွင့်ပေးစာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် ကချင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အရေးကြီးကြောင်း၊ ဒေသတွင် တရုတ်နိုင်ငံဘက်မှ လာရောက် အကောင်အထည်ဖော်မည့် စီမံကိန်းများစွာရှိပြီး မြစ်ဆုံစီမံကိန်း အပါအဝင် အခြားစီးပွားရေး စီမံကိန်းများ ရှိကြောင်း ဖော်ပြထားသည်။
မြစ်ဆုံစီမံကိန်းသည် ဒေသခံများ၊ သဘာဝပတ်ဝန်းကျင် ပညာရှင်များအပြင် လူပေါင်းများစွာက အစဉ်တစိုက် ကန့်ကွက် နေခဲ့သည့် တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁ ခု ဖြစ်သည်။ ထိုစီမံကိန်း ၁ ခုထဲ မဟုတ်ဘဲ အခြား ပြသနာများစွာလည်း ရှိနေသည်။ သို့ဖြစ်ရာ ကချင်အရပ်ဘက် အဖွဲ့များ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး မူဝါဒ မျှတရန် အပါအဝင် မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းပေးရန်လည်း တောင်းဆိုထားသည်။
ယင်းစီမံကိန်းများသည် စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ဒေသခံလူထု အကျိုးစီးပွား မြှင့်တင်ရန် အထောက်အကူ ဖြစ်နိုင်သော်လည်း လက်တွေ့မြေပြင်တွင် မြေယာဆုံးရှုံးမှု ပြဿနာများ၊ သဘာဝ ပတ်ဝန်းကျင် နှင့် သမိုင်းဝင်နေရာများ ပျက်ဆီးစေသည့် ပြဿနာများ ဖြစ်ပေါ်နေသည်။

အကြောင်းအရင်းမှာ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမည့် အဆိုပါ စီမံကိန်းများ မစတင်မီတွင် စီမံကိန်းကြောင့် ဖြစ်ပေါ်လာ နိုင်သည့် ကောင်းကျိုး၊ ဆိုးကျိုးကို လေ့လာရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် သုံးသပ်ပြထား သည်။
ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ပေးပို့သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကြောင့် ဒေသခံများ မြေယာ ဆုံးရှုံးကာ ထိုက်တန်သည့် လျော်ကြေးငွေ မရသည့် ပြဿနာများ နှင့် လက်ပံ့တောင်းတောင် ကြေးနီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ခဲ့သည့် ဖြစ်ရပ်များ အပေါ် ဒေသခံများ မကျေမနပ်ဖြစ်ရသည်ကို ရည်ညွန်းကာ ပြောဆိုခြင်း လည်းဖြစ်သည်။
စီမံကိန်းများသည် ဒေသခံများ၏ ထုံးတမ်းဓလေ့များ နှင့် တန်ဖိုးထားမှုများကို မလေးစားခြင်း၊ ဒေသခံလူထုနှင့် တိုင်ပင်မှု မရှိဘဲ အစိုးရနှင့်သာ ညှိနှိုင်းဆောင်ရွက်ခြင်း၊ လူထုထံ ရှင်းလင်းစွာ တင်ပြမှု မရှိခြင်း၊ တရုတ်နိုင်ငံ၏ နယ်စပ် ကုန်သွယ် ရေး မူဝါဒ မျှတမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ထိုပေးစာတွင် အရပ်ဘက် အဖွဲ့အစည်းများက ဝေဖန်ထောက်ပြထားသည် ကိုလည်း တွေ့ရသည်။
ယင်းထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်ရှိ ဌာနေဒေသခံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံဘက်က လေးစား လိုက်နာရန် တိုက်တွန်းချက် ၉ ချက် ပါဝင်ပြီး ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော်မည့် စီမံကိန်းများကြောင့် ဖြစ်ပေါ်လာနိုင်သည့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအား သုံးသပ်နိုင်သည့် ဒေသခံလူထု သဘော တူသော ကျွမ်းကျင်ပညာရှင်များဖြင့် ပုံမှန် ဆန်းစစ်ရန် ပါဝင်သည်။

ထို့ပြင် စီမံကိန်းများအတွက် မြေယာလျော်ကြေး ပေးပါကလည်း ကာလပေါက်ဈေးထက် မနည်းဘဲ ပွင့်လင်းမြင်သာစွာ ပေးရန်၊ ဒေသခံများ၏ ရေရှည် စားဝတ်နေရေး ပြေလည်မှုကို အာမခံသော ရပ်ဝန်းတခု ဖန်တီးရန်၊ တရုတ်နိုင်ငံအနေုဖြင့် မြန်မာနိုင်ငံ၏ လက်နက်ကိုင် နိုင်ငံရေး ပြဿနာကို ကူညီ ဖြေရှင်းရာတွင် လက်နက်ကိုင် ပြဿနာများ ပိုမို ပြင်းထန် လာစေမည့် လုပ်ရပ်များ၊ နိုင်ငံရေးပြဿနာဖြေရှင်းမှုအား ပျက်ပြားစေသည့် လုပ်ရပ်များကို ရှောင်ရှားရန်လည်း တိုက်တွန်း ထားသည်။
အဆိုပါ အိတ်ဖွင့်ပေးစာကို ဇန်နဝါရီလ ၁၈ ရက်နေ့၌ တရုတ်သမ္မတနှင့် ကချင်နိုင်ငံရေး ပါတီများ တွေ့ဆုံစဉ်တွင် အချိန်အတွင်း တရုတ်သမ္မတထံ ပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကချင်အရပ်ဘက်အဖွဲ့များ၏ ထုတ်ပြန် ချက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဦးအင်ဝပ်နော်အောင်က ရှင်းပြသည်။
“တရုတ်သမ္မတနဲ့ တွေ့မယ့် နိုင်ငံရေးပါတီတွေရှိတယ်လေ။ ပါတီခေါင်းဆောင်တွေ သူတို့ဆီကို ချဉ်းကပ်ပြီးတော့ ဒီနည်းအားဖြင့် လက်ထဲရောက်အောင် ကျနော်တို့ စီစဉ်နေပါတယ်။ အင်္ဂလိပ်လိုရော၊ ဗမာလိုရော၊ တရုတ်လိုရော ၃ မျိုးပို့မှာပေါ့” ဟု ၎င်းက ဆိုသည်။
ထိုသို့ စီစဉ်ထားသော်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင် အနေဖြင့် ကချင်ပြည်နယ် အရပ်ဘက်အဖွဲ့များ၏ သဘောထားကို သိရှိ ကြားမြင်နိုင်မည်မှာ မသေချာကြောင်း ပြောသည်။
“တရုတ်သမ္မတ ရောက်တဲ့အချိန်မှာ ကျနော်တို့ တောင်းဆိုခဲ့ပြီးပြီ။ နောက်ပိုင်း ဖြစ်လာတဲ့ ပြဿနာအပေါ်မှာတော့ ဘာမှမပြောဘဲ ဖြစ်တာ မဟုတ်ဘူး ဆိုတာမျိုးပေါ့။ သမိုင်းကျန်မယ့် အတိုင်းအတာရှိတဲ့ အခါကျတော့ အမဲအဖြူ တစ်ခါတည်း ပြောင်းလဲတာတော့ သိပ်တော့ မမျှော်လင့်ဘူး။ လူကြီး ၁ ယောက် လာတဲ့ အချိန်မှာ သူသိရှိခွင့်ရဖို့နဲ့ အသံထွက်ဖို့ ကျနော်တို့ မျှော်လင့်တယ်” ဟု ဦးအင်ဝပ်နော်အောင်က ပြောသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ကချင်နိုင်ငံရေး ပါတီများ တွေ့ဆုံရာတွင် ပါဝင်မည့် ကချင်ပြည်နယ်ပြည်သူ့ ပါတီဥက္ကဋ္ဌ ဒေါက်တာမနမ် တူးဂျာက “တရုတ်သမ္မတက နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ နှုတ်ဆက်ရုံပဲ နှုတ်ဆက်မယ်။ ဓာတ်ပုံလေး ဘာလေး နည်းနည်းပါးပါး ရိုက်မယ်။ ဒီလောက်ပဲ။ ဆွေးနွေးပွဲ မပါဘူး။ ဆွေးနွေးပွဲမပါတော့ အဲဒါက တင်ပြလို့ ရချင်မှ ရမှာ။ မပြောတတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ကချင်ပြည်နယ် အရပ်ဘက်အဖွဲ့များက အိတ်ဖွင့်ပေးစာပေးရန် ၎င်းကို ဆက်သွယ်ပြောကြားခြင်း မရှိခဲ့ကြောင်း ဒေါက်တာ မနမ်တူးဂျာက ပြောပြသည်။
ကချင်ပြည်နယ် အရပ်ဘက် အဖွဲ့အစည်းများ ကဲ့သို့ပင် တိုင်းရင်းသား နိုင်ငံရေးပါတီများဖြင့် စုဖွဲ့ထားသော စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ကလည်း ဇန်နဝါရီလ ၁၆ ရက်တွင် ကြေညာချက် ၁ စောင် ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်မှုသည် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူများဘက်က ရပ်တည်သည့် အနေဖြင့် ပြည်သူများကိုယ်စား ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိတ်ပင်နေခြင်း မဟုတ်ဘဲ ကြိုဆိုပြီး လုပ်နည်းလုပ်ဟန် မှန်ကန်ရန် ထောက်ပြနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကြေညာချက်တွင် မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဂေဟစနစ်ကို ထိခိုက်မှုမရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်စေရန် တိုက်တွန်းထားသည်။
ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြင့် အကောင်အထည်ဖော်မည့် စီမံကိန်းများသည် ဒေသခံလူထုနှင့် မတိုင်ပင်ဘဲ အကောင် အထည်ဖော်ပါက ဒေသခံလူထုအတွက် အကျိုးဖြစ်စေမည် မဟုတ်ကြောင်း၊ အနိမ့်ဆုံးအားဖြင့် စီမံကိန်း စတင်ချိန်တွင် ဒေသခံလူထုနှင့် လူထုကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများ၏ သဘောထားများကို ရယူသင့်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

UNA အတွင်းရေးမှူး အဖွဲ့ဝင် ဦးမျိုးကျော်က မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ လာသည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် ဒေသ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ လူထုအတွက် ဆုံးရှုံးမှုများ ရှိနေသဖြင့် ဒေသခံအများစုသည် တရုတ်စီမံကိန်းများကို မနှစ်သက် ကြကြောင်း၊ မြန်မာအစိုးရကလည်း ဒေသခံလူထုထံ ပွင့်လင်းမြင်သာစွာ တင်ပြမှု အားနည်းကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးမျိုးကျော် က “ဒီဟာတွေက ပြည်သူတွေအတွက် အကျိုးမရှိတော့ ပြည်သူတွေက မလိုလားဘူး။ ဒါပေမယ့် လိုလားတဲ့ တချို့လည်း ရှိတာပေါ့ဗျာ။ သူတို့နဲ့ နှီးနွယ်ပြီးတော့ အကျိုးကျေးဇူးရမယ့် ဟာတွေ။ သူတို့က သူတို့အနွယ်တွေနဲ့ ကြိုဆိုမယ်။ ထောက်ခံမယ်။ ဒါမျိုးတော့ ရှိကြမှာပဲ”ဟု ပြောသည်။
စီမံကိန်းများလုပ်ဆောင်မှုအပေါ်ကိုလည်း ဒေသခံများမှာ မသိရှိကြကြောင်း၊ အစိုးရ အပါအဝင် သက်ဆိုင်သူများက အသိပေးခြင်း မရှိကြောင်း ပြောပြီး “အသိမပေးနိုင်ဘူးလား။ ဘာကြောင့်အသိမပေးချင်ကြတာလဲ” ဟု ဦးမျိုးကျော်က မေးခွန်းထုတ်သည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် လူထု အသိပညာပေးနေသည့် အစိမ်းရောင်ကွန်ရက်၏ တာဝန်ခံ ဒေါ်ဒေဝီသန့်စင် ကမူ တရုတ်သမ္မတ ခရီးစဉ်မတိုင်မီတွင် နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့များက နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် တိုက်တွန်းနေခြင်းသည် မြန်မာအစိုးရနှင့် တရုတ် သဘောတူထားသော ပွင့်လင်းမြင်သာမှုမရှိသည့် စီမံကိန်းများကို ပြန်သုံးသပ်ရန် မီးမောင်း ထိုးပြနေခြင်း ဖြစ်ကြောင်း သုံးသပ်သည်။
“အထူးသဖြင့် ပြည်သူရဲ့ အသံတွေက အစိုးရပိုင်းထက် ဒေသခံပြည်သူတွေရဲ့ အသံက ပိုပြီးတော့ ကျယ်လောင်မယ်။ တောင်းဆိုတာများမယ်ပေါ့။ အဲဒါကို ကြည့်ခြင်းအားဖြင့် လက်ရှိအစိုးရနဲ့ လာပြီး ရင်းနှီးမြှုပ်နှံတဲ့ တိုင်းပြည်က ဒီဟာကို ညှိနှိုင်းပြီး ပြန်လည် လုပ်ဆောင်ပေးဖို့ လိုတယ်ဆိုတာကို မီးမောင်းထိုးပြနေတာပဲ” ဟု ဒေါ်ဒေဝီသန့်စင်က ပြောသည်။
မြစ်ဆုံရေကာတာ တည်ဆောက်မည့် စီမံကိန်းသည် ပြည်သူလူထုက မလိုလားသည့် စီမံကိန်းဖြစ်သဖြင့် တရုတ်သမ္မတနှင့် မြန်မာအစိုးရခေါင်းဆောင်များ တွေ့ဆုံစဉ်တွင် အဆိုပါစီမံကိန်း ရပ်ဆိုင်းရန် ဆွေးနွေးစေလိုကြောင်း ဒေါ်ဒေဝီသန့်စင်က တောင်းဆိုသည်။
“ပြည်သူရဲ့ အဖြေကတော့ ရှင်းနေပြီ လူ ၁၀၀ မှာ ကြည့်လိုက်ရင် ၇၅ ရာခိုင်နှုန်းသည် အပြည့်အဝ ဧရာဝတီကို ဘယ်သူမှ မလုပ်စေချင်ဘူး။ အဲဒီစီမံကိန်းက လျှော့ချလို့ရတယ်။ အဲဒါကို အဓိကထား စေချင်ပါတယ်” ဟု ၎င်းက ပြောပြသည်။
ထ့ိုပြင် ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) စီမံကိန်းအရ မြန်မာနိုင်ငံတွင် တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု လာရောက် လုပ်ပါကလည်း တရုတ်နိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် ကြပ်မတ်ထားသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း လိုက်နာရန် တရုတ်သမ္မတအနေဖြင့် တရုတ်ကုမ္ပဏီများကို တိုက်တွန်းစေလိုကြောင်း ဒေါ်ဒေဝီသန့်စင်က ဆိုသည်။
ဒေသခံလူထု၏ အကျိုးစီးပွားကို ရှေးရှုပြီး သဘာဝပတ်ဝန်းကျင် မထိခိုက်ရန် ဆောင်ရွက်မှသာ မြန်မာနိုင်ငံသားများသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို အမြင်ကြည်မည် ဖြစ်ကြောင်း၊ ထိုသို့ မဟုတ်ပါက မလိုလားအပ်သော အကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း ဒေါ်ဒေဝီသန့်စင်က မှတ်ချက်ပေးသည်။
“မဟုတ်ရင်တော့ တရုတ်စီမံကိန်းတိုင်းကို ဆန့်ကျင်တာတွေနဲ့ ရင်ဆိုင်နေရမှာလေ။ မြန်မာနိုင်ငံမှာ လုပ်မယ့် Investor တွေ၊ ကုမ္ပဏီတွေကို သူတို့နိုင်ငံမှာ လုပ်သလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင်လုပ်ဖို့ ကြပ်ကြပ်မတ်မတ် မှာလိုက်စေချင်တယ်” ဟု ၎င်းက ဆိုသည်။
မြစ်ဆုံစီမံကိန်းကို သမ္မတ ရှီကျင့်ဖျင် ဒုတိယသမ္မတအဖြစ် မြန်မာနိုင်ငံကို လာရောက်သည့် ၂၀၀၉ ခုနှစ် မြန်မာခရီးစဉ်တွင် တပ်မတော်အစိုးရ ခေါင်းဆောင်များနှင့် စီမံကိန်း အကောင်အထည်ဖော်ရန် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
သို့သော်၂၀၁၁ ခုနှစ် စက်တင်ဘာတွင် မြန်မာလူထု၏ ကန့်ကွက်မှုများ ကြုံခဲ့ရသဖြင့် စီမံကိန်းကို ယနေ့အထိ ရပ်တန့် ထားရသည်။
တရုတ်– မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်အနေဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်အတွင်း BRI စီမံကိန်းဆိုင်ရာ လုပ်ငန်းများအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးမည်ဟု သတင်းများထွက်ပေါ်နေသလို အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို လိုလားနေသည့် ကိစ္စများအပေါ် မည်မျှ နားထောင်မည် ဆိုသည်ကိုမူ စောင့်ကြည့်ရမည် ဖြစ်သည်။
You may also like these stories:
တရုတ်စီမံကိန်းကြီးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများ စိုးရိမ်ရ
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စီမံကိန်းများ အောင်မြင်နိုင်သလား
တရုတ်သံအမတ် ဟုန်လျံကို မြစ်ဆုံနှင့် တွဲလျက် အမှတ်ရနေကြမည်
မြန်မာ့ ရေအားလျှပ်စစ် မူဝါဒကို တရုတ်နဲ့ရေးနေတယ် ဆိုပါလား