လယ်သမားတို့၏ ဘဝမှာ တလျှောက်လုံး လယ်သိမ်း၊ မြေသိမ်းခံရသကဲ့သို့ အာဏာရှင်အောက်က လွတ်မြောက်ခါစ၊ ဒီမိုကရေစီ ရောင်နီသန်းခါစ လမ်းခုလတ်တွင်ပင် နောက်ထပ် စစ်တပ်က အာဏာသိမ်းလိုက်သည့်အတွက် တပြည်လုံး မငြိမ်မသက်ဖြစ်ကာ ကျောမွဲ လယ်သမားတို့ဘဝမှာ အထွေထွေ အကျပ်ရိုက်မှုက တစတစ ကြီးထွားလျက်ရှိနေသည်။
စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်ကပ်ရောဂါ၏ အကျိုးဆက်များကြောင့် လယ်ယာလုပ်ငန်းအတွက် အဓိက သွင်းအားစုများ ဖြစ်ကြသည့် ဓာတ်မြေသြဇာဈေး အဆမတန် မြင့်တက်ခြင်း၊ စက်သုံးဆီဈေးများ ထိုးတက်ခြင်း၊ စက်ပစ္စည်းများ ဈေးကြီးခြင်းနှင့်အတူ ဘဏ်လုပ်ငန်း လည်ပတ်မှုမှာလည်း အသက်ငင်နေသည့် အနေအထားများကြောင့် လက်ရှိကာလသည် လယ်သမားတို့အတွက် အခက်ခဲဆုံး အချိန်တခုကို ရောက်ရှိနေကြသည်။
မြန်မာ့စပါးကျီဟု ခေါ်တွင်သည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ လယ်သမားတို့သည် သွင်းအားစု စရိတ်များ အဆမတန် မြင့်တက်သည့်ဒဏ်ကို မခံနိုင်တော့သည့်အတွက် ဖိရိုးဖလာ လုပ်ကိုင်လာသော လယ်ယာ လုပ်ငန်းခွင်ကိုပင် စွန့်ပစ်ချင်လောက်အောင်အထိ စိတ်ပျက်လာကြောင်း ထုတ်ဖော်ပြောကြားလာကြသည်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ညီနောင်ဝ ကျေးရွာမှ တောင်သူ ဦးဟိန်းလတ်စိုးဆိုလျှင် ထွက်ရှိလာသည့် စပါးနှင့် ကုန်ကျသည့် သွင်းအားစုစရိတ်များ လုံးဝ မကာမိသဖြင့် မိမိပိုင် လယ် ၁၀ ဧကထဲတွင် နှစ်ဧက လောက်ကိုသာ စပါးစိုက်မျိုးတော့မည်ဟု စဉ်းစားနေသည်။

“နိုင်ငံရေးလည်း မကောင်းဘူး။ ကိုဗစ်ဒဏ်ကိုလည်း ခံရတော့ ဒီနှစ်ဟာ ကျနော်တို့ လယ်သားတွေအတွက် အခက်အခဲဆုံး အချိန်ကို ရောက်နေတယ်လို့ ပြောလို့ရတယ်။ သွင်းအားစုစရိတ်တွေက အရင်နှစ်တွေထက် နှစ်ဆကျော်၊ သုံးဆ နီးပါးလောက် တက်နေတဲ့အချိန် ဘယ်တောင်သူမှ မခံနိုင်ကြဘူး။ ကျနော်ဆိုလည်း ကိုယ်စားသောက်ရုံ နှစ်ဧကလောက်ပဲ စပါးစိုက်တော့မယ်လို့ စဉ်းစားထားတယ်” ဟု တောင်သူ ဦးဟိန်းလတ်စိုးက ညည်းတွားသည်။
ယခင်နှစ်များက ဓာတ်မြေသြဇာ တအိတ်လျှင် ပုံမှန် ကျပ် ၃၀,၀၀၀ ဝန်းကျင်မှ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် တိုင်းပြည် မငြိမ်သက်မှုများကြောင့် ကျပ် ၇၀,၀၀၀ မှ ကျပ် ၈၀,၀၀၀ အထိဈေး အဆမတန် မြင့်တက်နေကြောင်း လယ်သမားများက ဆိုသည်။
မြန်မာ့စပါးကျီဟု ခေါ်တွင်သည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ လယ်သမားတို့သည် သွင်းအားစု စရိတ်များ အဆက်မတန် မြင့်တက်သည့်ဒဏ်ကို မခံနိုင်တော့သည့်အတွက် ဖိရိုးဖလာ လုပ်ကိုင်လာသော လယ်ယာ လုပ်ငန်းခွင်ကိုပင် စွန့်ပစ်ချင်လောက်အောင်အထိ စိတ်ပျက်လာကြောင်း ထုတ်ဖော်ပြောကြားလာကြသည်။
ယင်းအပြင် စက်ပစ္စည်း၊ စက်သုံးဆီ၊ ပိုးသတ်ဆေးတို့မှာလည်း ဈေးမြင့်တက်မှုနှင့်အတူ လယ်ယာလုပ်ငန်းခွင်သို့ အချိန်နှင့်တပြေးညီ သွင်းအားစုများကို မထည့်နိုင်တော့သည့်အတွက် စပါးအထွက်နှုန်း ကျဆင်းသည့် ဒဏ်ကိုလည်း လယ်သမားတို့ အလူးအလဲခံနေရကြောင်း တောင်သူလယ်သမားအရေး ဆောင်ရွက်သူများက ဆိုသည်။
“ဒီနှစ်မှာက ကိုဗစ်ရယ်၊ နိုင်ငံရေး အခြေအနေတွေကြောင့်မို့လို့ ဘဏ်လုပ်ငန်းတွေလည်းပဲ ခါတိုင်းလို လည်ပတ်နိုင်တဲ့ စွမ်းရည်မရှိတဲ့အတွက်ကြောင့်မို့ ငွေရှာရတာ မလွယ်ဘူး။ စီးပွားရေး မပြေလည်မှုတွေ အပေါ်မှာ မူတည်ပြီးတော့ အချိန်နဲ့တပြေးညီ အရင်တုန်းကဆိုရင် ဆေးဆိုင်တွေမှာ ပိုးသတ်ဆေးတွေ အကြွေးခံလို့ တောင်သူတွေ ဝယ်လို့ရတာပေါ့။ ဒါပေမယ့် အခုအခြေအနေမှာ အကြွေးစနစ်နဲ့ ရောင်းတဲ့လူတွေလည်း မရှိသလောက်ပဲ ဖြစ်သွားတယ်” ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားဘဝ ဖွံ့ဖြိုးရေး အသင်းဥက္ကဌ ဦးသိန်းအောင်က ပြောသည်။
မြန်မာနိုင်ငံအတွင်း ငွေကြေးတတ်နိုင်သည့် တောင်သူတချို့မှလွဲ၍ ၈၅ ရာနှုန်းသော တောင်သူအများစုမှာ အကြွေးစနစ်နှင့် လည်ပတ်နေကြရာ ထိုကဲ့သို့ ဘဏ်စနစ်ပုံမှန် မလည်ပတ်နိုင်ခြင်းနှင့်အတူ ယခင်နှစ်က လယ် တဧက စပါးရိတ်သိမ်း ချွေလှေ့စရိတ်မှာ ကျပ် ၄၀,၀၀၀ မှ ယခုနှစ်ရာသီတွင် စက်သုံးဆီဈေး ထိုးတက်မှုကြောင့် တဧက ကျပ် ၆၀,၀၀၀ အထိ ကုန်ကျမှုရှိသည့်အတွက် လယ်ယာလုပ်ငန်းခွင်တွင် တောင်သူများ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနှင့် ကြုံတွေ့နေရကြောင်းလည်း ဦးသိန်းအောင်က ပြောသည်။
“အရင်းအနှီးခိုင်မာတဲ့ တောင်သူက လွဲပြီးတော့ တောင်သူ အများစု ၈၅ ရာခိုင်နှုန်းတွေဟာ အကြွေးစနစ်နဲ့ လည်ပတ်နေရပြီးတော့ နှစ်တိုင်းဆိုရင် အကြွေး ဆွဲယူရတာ လွယ်တယ်။ သို့သော်လည်း ဒီနှစ်ကတော့ အားလုံး သိတဲ့အတိုင်းပဲ။ တောင်သူတွေအနေနဲ့ စီးပွားရေးအရရော၊ လယ်ယာလုပ်ငန်းခွင်မှာရော အင်မတန်မှ လုပ်ငန်းနှောင့်နှေးမှု၊ စိတ်ဆင်းရဲမှု၊ ကိုယ်ဆင်းရဲမှုနဲ့ ဒီနှစ်၊ ဒီခေတ်၊ ဒီကာလမှာတော့ ဖြတ်သန်း ကျော်ဖြတ်နေရတယ်” ဟု ဦးသိန်းအောင်က ဧရာဝတီသို့ ပြောသည်။
စီးပွားရေး မပြေလည်မှုတွေ အပေါ်မှာ မူတည်ပြီးတော့ အချိန်နဲ့တပြေးညီ အရင်တုန်းကဆိုရင် ဆေးဆိုင်တွေမှာ ပိုးသတ်ဆေးတွေ အကြွေးခံလို့ တောင်သူတွေ ဝယ်လို့ရတာပေါ့။ ဒါပေမယ့် အခုအခြေအနေမှာ အကြွေးစနစ်နဲ့ ရောင်းတဲ့လူတွေလည်း မရှိသလောက်ပဲ ဖြစ်သွားတယ်
ထိုကဲ့သို့ လယ်ယာလုပ်ငန်းတွင် သွင်းအားစုစရိတ်များ အဆမတန် မြင့်မားမှုကို ဖြေရှင်းပေးရန် တောင်သူများအနေဖြင့် တင်ပြတောင်းဆိုရန်မှာလည်း လက်ရှိ အခြေအနေတွင် မဖြစ်နိုင်သကဲ့သို့ အာဏာသိမ်း စစ်ကောင်စီမှာလည်း တောင်သူအရေးကို အလေးထား ဆောင်ရွက်ပေးနိုင်မည့် အနေအထား မရှိပေ။
“လယ်ယာလုပ်ငန်းအတွက် သွင်းအားစုတွေ ဖြစ်တဲ့ ဓာတ်မြေသြဇာတို့၊ စက်သုံးဆီတွေ ဈေးမြင့်တက်နေတာကို ဈေးချပေးပါလို့ တင်ပြတောင်းဆိုဖို့လည်း ဒီအခြေအနေမှာ မလွယ်ဘူး။ ဘယ်သူ့ဆီမှာ တင်ပြရမှန်းလည်း မသိဘူး။ တင်ပြ တောင်းဆိုရင်လည်း မရနိုင်ဘူး” ဟု ညီနောင်ဝ ကျေးရွာသား တောင်သူ ဦးဟိန်းလတ်စိုးက ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်သမားများအနေဖြင့် စိုက်ပျိုးရေးဘဏ်က ထုတ်ချေးရယူထားသည့် ဘဏ်ချေးငွေများကို ပြန်လည် မဆပ်နိုင်သဖြင့် သက်ဆိုင်ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနကို သွားရောက် တောင်းပန်ထားရသည့် အခြေအနေကို ရောက်ရှိသွားသည်။
“ကျနော်တို့ လယ်/ဆည်ဝန်ကြီးဌာနတွေကို သွားရောက် ဆွေးနွေးပြီးတော့ တောင်းပန်တာတွေလည်း ရှိတယ်။ နိုင်ငံရေး အခြေအနေကြောင့် ဘဏ်တွေ မလည်ပတ်တဲ့အတွက် တောင်သူတွေမှာ ငွေရှာရမလွယ်တဲ့အတွက် ကြွေးဆပ်ဖို့အတွက် ခက်ခဲပါတယ်။ ဒါကြောင့်မို့လို့ ဒီကာလမှာ အကြွေးမကြေတဲ့ တောင်သူတွေကို အတင်းအကျပ်မလုပ်ဘဲနဲ့ ကြွေးကျေပြီးသား တောင်သူတွေကို အမြန်ဆုံး ပြန်လည်ထုတ်ချေးပေးဖို့ ကျနော်တို့ တောင်းဆိုခဲ့တဲ့အတွက် ဖိအားနည်းနည်း လျော့သွားတယ်လို့ ပြောလို့ ရပါတယ်” ဟု ဦးသိန်းအောင်က ပြောသည်။
သို့သော်လည်း ၈၅ ရာခိုင်နှုန်းသော လယ်သမား အများစုမှာ တဧကလျှင် ၁၅၀,၀၀၀ ကျပ်နှုန်းဖြင့် ထုတ်ချေးသော ဘဏ်ချေးငွေးကို ပြန်လည် မဆပ်နိုင်သဖြင့် လာမည့် ဆောင်းသီးနှံစိုက်ပျိုးမှုနှင့် နွေစပါး စိုက်ပျိုးရန်အတွက် ဘဏ်က လုံးဝ ငွေထုတ်ချေး၍ မရတော့နိုင်တော့ဘဲ တောင်သူများမှာ နာမည်ပျက်စာရင်း အသွင်းခံထားရသည့် အခြေအနေကို ရောက်ရှိလာနေသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါး စိုက်ဧက ၃ သန်းကျော်ရှိပြီး မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် စပါး စိုက်ဧက ၁၇ သန်းကျော်ရှိရာ လယ်မလုပ်နိုင်ဘဲ ပစ်ထားရသည့် လယ်ဧက အပါအဝင် စပါးအထွက်နှုန်း မည်မျှ ကျဆင်းမှု ရှိသည်ကိုမူ ဒေသမတည်ငြိမ်မှုကြောင့် ကွင်းဆင်း သုတေသန မလုပ်နိုင်သဖြင့် တိတိကျကျ ပြောဆိုရန် အခက်အခဲ ရှိကြောင်းလည်း လယ်သမားအရေး ဆောင်ရွက်သူများက ဆိုသည်။
ထိုသို့ စာရင်းအတိကျဖြင့် ထုတ်ဖော်မပြောနိုင်သော်လည်း သေချာသည့်တခုက လာမည့်နှစ်များတွင် မလွဲမသေ စားနပ်ရိက္ခာ ပြတ်လတ်သည့် ပြဿနာကြီးနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိသည့်အတွက် သက်ဆိုင်သည့် ပုဂ္ဂိုလ်များ အချိန်မီ ကုစားရန် အရေးတကြီး လိုအပ်နေကြောင်းလည်း တောင်သူ လယ်သမားအရေး ဆောင်ရွက်သူများက စိုးရိမ်တကြီး ထုတ်ဖော်ပြောကြားထားသည်။
ပြီးခဲ့သော မိုးရာတွင်းကာလကတည်းက အချို့သော မြို့နယ်များတွင် တောင်သူများ ထွက်ပြေး တိမ်းရှောင်နေရသကဲ့သို့ သွင်းအားစုစရိတ် တရိပ်ရိပ်မြင့်တက်မှု၊ ဒေသမတည်ငြိမ်မှုများကြောင့် လယ်မြေများကို အပြည့်အဝ မစိုက်ပျိုးနိုင်ဘဲ ကွက်လပ်ကြီးအဖြစ် ပစ်ထားရသည့် အနေအထားပင် ရှိနေကြောင်း တောင်သူလယ်သမား အကျိုးဆောင် ကွန်ရက်မှ တာဝန်ခံ ဦးဇော်ရမ်းက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်သမားများအနေဖြင့် စိုက်ပျိုးရေးဘဏ်က ထုတ်ချေးရယူထားသည့် ဘဏ်ချေးငွေးများကို ပြန်လည် မဆပ်နိုင်သဖြင့် သက်ဆိုင်ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနကို သွားရောက် တောင်းပန်ထားရသည့် အခြေအနေကို ရောက်ရှိနေသည်။
“တောင်သူဘဝဆိုတာ နဂိုကတည်းက အဆင်မပြေတဲ့အချိန်မှာ အခုအချိန်ကတော့ အဆိုးဆုံးအချိန်ပေါ့။ လယ်သမားတယောက်ရဲ့ ရပ်တည်မှုက လယ်ရှိရုံနဲ့ မပြီးဘူး။ မိသားစုတခုလုံး နေ့မအား၊ ညမအား လုပ်ရတာ။ တပြည်လုံး မငြိမ်မသက်ဖြစ်တော့ မိုးတွင်းကလည်း တချို့ နေရာတွေမှာ မိုးစပါးလည်း အပြည့်အဝ မစိုက်နိုင်လို့ ကွက်လပ်ကြီးကို ပစ်ထားရတာ တွေ့တယ်။ နွေစပါးဆိုရင်တော့ စိုက်ကို မစိုက်ကြတော့ဘူး” ဟု ဦးဇော်ရမ်း က စစ်အာဏာသိမ်းမှုကြောင့် အခက်အခဲကြုံနေရသည့် လယ်သမားများ၏ဘဝကို ပြောပြသည်။
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီး ကျေးရွာသားများမှာ စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒပြသည့်အတွက် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း ဝင်ဖမ်းမှုများရှိကာ မိုးတွင်းကာလကတည်းက စပါးမစိုက်နိုင်တော့ဘဲ မိသားစုလိုက် ထွက်ပြေး တိမ်းရှောင်နေရကြောင်းလည်း ဒေသခံ ရွာသားများက ပြောသည်။
“မိုးတွင်းကလည်း စပါးလည်း မစိုက်နိုင်ဘူး၊ နှမ်းလည်း မစိုက်နိုင်ဘူး။ ရွာမှာ အများစုက ထွက်ပြေး တိမ်းရှောင်နေကြရတယ်။ ဆန္ဒပြတဲ့လူတိုင်း ထွက်ပြေးရတယ်။ ကျနော်ဆိုလည်း မိသားစုလိုက် ထွက်ပြေးနေရတာ။ ဘာသီးနှံမှလည်း မစိုက်နိုင်တော့ဘူး” ဟု ကျောင်းကုန်းကြီးကျေးရွာသား တောင်သူ ဦးတင်ဌေးက ပြောသည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအစပ်၊ ချင်းတောင်တန်းတခွင်တွင်လည်း တောင်သူများ လယ်ယာလုပ်ငန်းခွင်ထဲ မဝင်နိုင်သကဲ့သို့ ပြီးခဲ့သော စပါးစိုက်ရာသီကတည်းက ဘဏ်စနစ်ယိုယွင်းပျက်စီးခြင်း၊ အောက်ခြေ လယ်ယာမြေစီ မံခန့်ခွဲရေးကော်မတီဥက္ကဌ ဖြစ်သည့် ရပ်/ကျေးဥက္ကဌများ အုပ်စုလိုက် နုတ်ထွက်မှုများကြောင့် စိုက်ပျိုးစရိတ်များ အချိန်မီ မရရှိခြင်းတို့ကြောင့် လယ်သမားတို့ဘဝမှာ ကူရာမဲ့ ကယ်ရာမဲ့ ဘဝဖြင့် ရပ်တည်ရှင်သန်နေရကြောင်းလည်း လယ်သမားအရေး ဆောင်ရွက်သူများက ဆိုသည်။
အလားတူ ပြီးခဲ့သော ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်နီးပါး စစ်ရေးပဋိပက္ခ ပြင်းထန်ခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များတွင်လည်း တောင်သူများ စစ်ဒဏ်ခံရခြင်း၊ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားခြင်း၊ လက်ရှိ အာဏာသိမ်းခြင်းတို့၏ အကျိုးဆက် ရိုက်ခတ်မှုကြောင့် စပါးအပြည့်အဝ စိုက်ပျိုးနိုင်ခြင်း မရှိတော့ပေ။
“ဒီနှစ်ကတော့ ထွန်ယက်စိုက်ပျိုးချိန်ကနေ ရိတ်သိမ်းတဲ့အချိန်အထိ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ရတာပဲ။ ဒီဇင်ဘာဆိုရင် အရင်နှစ်တွေက ဒီဇယ် ၁ ပေပါကို တသိန်းခွဲကနေ ဒီနှစ်မှာ သုံးသိန်းခွဲအထိ မြင့်တက်နေတယ်။ ဓာတ်မြေသြဇာဆိုလည်း ဈေးကြီးတော့ မဝယ်နိုင်တော့ဘူး။ လိုအပ်တဲ့ သွင်းအားစုတွေ မထည့်နိုင်တဲ့အခါ စပါးအထွက်နှုန်းကလည်း မကောင်းတော့ဘူး” ဟု ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ ဦးမောင်စောဝင်းက လယ်သမားတို့ဘဝ ခါးစည်းခံရပုံကို ဖွင့်ဟသည်။
ယင်းအပြင် စစ်ရှောင်စခန်းသို့ ရောက်ရှိသွားသော လယ်သမားတို့မှာလည်း လက်ရှိအခြေအနေအထိ မိမိလယ်ယာကို ပြန်မလုပ်နိုင်ဘဲ လယ်မြေများကို တောရိုင်းမြက်များ ပေါက်ရောက်သည့်အထိ ပစ်ထားရကာ ဆိုးဆိုးဝါးဝါး ဖြစ်ပွားနေကြောင်းလည်း ဒေသခံ လယ်သမားများက ပြောကြသည်။

ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်ကမ်းနံဘေးရှိ တင်းမကြီးကျေးရွာ၊ တင်းမသစ်ကျေးရွာ၊ ပြိုင်းတိုင်းကျေးရွာ၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ရေစိုးချောင်း၊ အမျက်တောင်၊ ကျောက်တန်း၊ အောင်မြေကုန်း၊ ထီးစွဲ၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ သျှစ်ရှားတောင်၊ နွားရုံတောင်၊ ကွမ်းတောင်၊ ဥယျာဉ်သာ စသည့် ကျေးရွာများမှာလည်း စစ်တပ်က လက်ရှိ အချိန်အထိ အနီးဝန်းကျင်တွင် တပ်စွဲထားသည့်အတွက် တောင်သူများ ကျေးရွာသို့ မပြန်နိုင်သဖြင့် လယ်မြေများမှာ နှစ်ရှည်စွန့်ပစ်ထားရဆဲပင် ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း စပါးစိုက်ဧက ၁၀၄,၀၀၀ ကျော်ရှိသည့်အနက်တွင် ဧက ၈၅,၀၀၀ လောက်သာ လယ်လုပ်နိုင်ကြသည်ကို တွေ့ရှိရပြီး ကျန်လယ်ဧကများမှာ စစ်ရေးပဋိပက္ခနှင့် တခြားသော အကြောင်းအရာများကြောင့် လယ်မလုပ်နိုင်ဘဲ ပစ်ထားရသည်ကို တွေ့ရှိရကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂဥက္ကဌ ဦးကျော်ဇံက ပြောသည်။
“စစ်ရေးကြောင့် သုံးနှစ်တာကလမှာ ဧက ၅၀,၀၀၀ လောက် လယ်လုံးဝ မလုပ်နိုင်ဘူး။ ကျန်တာကတော့ တခြား အကြောင်းအရာတွေကြောင့် မလုပ်နိုင်တာလည်း ပါတယ်။ အခုဆိုရင် စစ်ရှောင်စခန်းကို ရောက်သွားတဲ့ လယ်သမားတွေက လုံးဝ လယ်ပြန်မလုပ်နိုင်ဘူး။ သူတို့မှာ လယ်ယာကို ပြန်လည် လုပ်ကိုင်ဖို့ အရင်းအနှီးလည်း မရှိကြတော့ဘူး။ အိုးမဲ့အိမ်မဲ့ဘဝကို ရောက်ရှိသွားပြီ” ဟု ဦးကျော်ဇံက ပြောသည်။
ရွာထဲကို စစ်တပ်ဝင်လာရင် ဘယ်သူမှ စိတ်မလုံခြုံတော့ဘူး။ ဆန္ဒပြတဲ့လူတိုင်းကို ဝင်ဖမ်းတယ်ဆိုတော့ ဆန္ဒပြတာနဲ့ ပတ်သက်လို့ ဘယ်သူက ကင်းလို့လဲ၊ ဝန်ထမ်းတွေတောင် CDM လုပ်ကြတာပဲ။ မကင်းကြတော့ တောင်သူတွေလည်း စပါးစိုက်ဖို့၊ လယ်ထဲဆင်းဖို့ လှည့်မကြည့်နိုင်ကြတော့ဘူး။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်နှင့် ဒေသအသီးသီးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ အကြား စစ်ရှိန်အလွန်မြင့်မားနေသော အထက်မြန်မာပြည်၊ မကွေးတိုင်း အပါအဝင် စစ်ကိုင်းတိုင်း တခုလုံးနီးပါး နာမည်ကြီး ရွေဘိုပေါ်ဆန်းစပါး ထွက်ရှိရာ ရွေဘိုနယ်တခွင်နှင့် ခင်ဦးမြို့ နယ်တို့တွင် တောင်သူများအများစုမှာ ယခင်နှစ်များကဲ့သို့ လယ်ယာလုပ်ငန်းခွင်သို့ မဝင်ရောက်နိုင်တော့ပေ။
အာဏာသိမ်းယူမှုကို ဆန္ဒပြသည့် ပြည်သူတိုင်းကို စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းသို့ ဝင်ရောက်ဖမ်းဆီးခြင်း၊ မတရား ပစ်ခတ်သတ်ဖြတ်ခြင်းများကို လက်ရဲဇက်ရဲ လုပ်ဆောင်လာသည့်အတွက် လယ်သာမားများ အနေဖြင့်လည်း လယ်ယာ လုပ်ငန်းခွင်ထက် စစ်အာဏာရှင် တိုက်ဖျက်ရေးကိုသာ ဦးတည်နေရကြောင်း လယ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
“ရွာထဲကို စစ်တပ်ဝင်လာရင် ဘယ်သူမှ စိတ်မလုံခြုံတော့ဘူး။ ဆန္ဒပြတဲ့လူတိုင်းကို ဝင်ဖမ်းတယ်ဆိုတော့ ဆန္ဒပြတာနဲ့ ပတ်သက်လို့ ဘယ်သူက ကင်းလို့လဲ၊ ဝန်ထမ်းတွေတောင် CDM လုပ်ကြတာပဲ။ မကင်းကြတော့ တောင်သူတွေလည်း စပါးစိုက်ဖို့၊ လယ်ထဲဆင်းဖို့ လှည့်မကြည့်နိုင်ကြတော့ဘူး။ စစ်အာဏာရှင် တိုက်ဖျက်ရေးကိုပဲ လုပ်နေကြရတဲ့အချိန် ဖြစ်နေတယ်” ဟု တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်မှ ဦးဇော်ရမ်းက သုံးသပ်ပြောကြားသည်။
သို့အတွက် ပြည်သူလူထုတရပ်လုံးနှင့်အတူ ကျေးလက်နေ တောင်သူများ အနေဖြင့်လည်း မိသားစုဝမ်းရေးအတွက် အေးအေးလူလူ လယ်ယာလုပ်ငန်းခွင်ထဲသို့ မဝင်ရောက်နိုင်ခြင်း၊ သွင်းအားစုများ ဈေးတက်ခြင်း၊ စပါးအထွက် မကောင်းခြင်းတို့ကြောင့် လာမည့်နှစ်များတွင် စားနပ်ရိက္ခာ ပြဿနာ ကြီးထွားပေါ်ပေါက်လာသည့် အခြေအနေတရပ်ကို တွေ့ကြုံလာနိုင်ဖွယ် ရှိနေသည်။
You may also like these stories:
စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် အလုပ်လက်မဲ့ဦးရေ ၁၀ သန်း ကျော်ထိ ရှိလာနိုင်
ဆောက်လုပ်ရေးလုပ်ငန်း အားလုံးနီးပါး ရပ်တန့်၍ လုပ်သား ၅ သိန်းကျော် အလုပ်လက်မဲ့ဖြစ်
တရုတ်ပိုင် ငှက်ပျောစိုက်ခင်းများက မြန်မာနှင့် လာအိုကို ဂုတ်သွေးစုပ်
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား အလွန်များနေ
ပြည်တော်ပြန်လမ်း ပျောက်နေသည့် မလေးရှားရောက် မြန်မာများ