ပြီးခဲ့သည့် ကိုဗစ် ၁၉ ကာလအတွင်း စာဖတ်ရင်းခရီးထွက်ဖြစ်သည်က ဝေါ၊ လျှာမထိအာမထိ ဝေါသို့ ဖြစ်သည်။ သတင်းစာဆရာ၊ စာရေးဆရာ မောင်ဝံသ၏ ဝေါမြို့က လာခဲ့တယ်စာအုပ်ကို Covid 19 ကပ်ဘေးအတွင်း ထပ်ဖတ်ဖြစ်သည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်နေထိုင်ခဲ့စဉ်က ဆရာမောင်ဝံသနှင့် တခေါက်ဆုံဖူးပြီး စကားတွေ အများကြီး ပြောဖြစ်ခဲ့ပုံတွေလည်း ဆရာ့စာအုပ်ဖတ်နေရင်း ပြန်ပြောင်းအမှတ်ရနေမိသည်။ လူငယ်တွေနှင့် စကားပြောလျှင် ဆရာက နားထောင်သူသက်သက် ဖြစ်သည်။
ဝေါမြို့က ပြန်ခဲ့တယ်စာအုပ်တွင် ဆရာ ဖြတ်သန်းခဲ့ရသည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက် အစိုးရပြန်ကြားရေး ဝန်ထမ်းတဦး၏ အတွေ့အကြုံများ များစွာပါရှိသည်။
ဆရာမောင်ဝံသ ကြုံဆုံခဲ့ရသည့် ပြန်ကြားရေးဝန်ထမ်းဘဝ ဖြတ်သန်းမှုနှင့် ကျနော့် ဖြတ်သန်းမှုတွင် တူညီသည့်အချက်များ များစွာရှိနေသည်
တိုက်တိုက်ဆိုင်ဆိုင် ကျနော်ကလည်း ယခု ကိုဗစ်ကာလအတွင်းတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရလက်ထက် အစိုးရပြန်ကြားရေးဝန်ထမ်း တဦး၏ အတွေ့အကြုံတွေကို ပြန်လည်မျှဝေဖြစ်နေသည့် အချိန်ဖြစ်သည်။ ဆရာမောင်ဝံသ ကြုံဆုံခဲ့ရသည့် ပြန်ကြားရေးဝန်ထမ်းဘဝ ဖြတ်သန်းမှုနှင့် ကျနော့် ဖြတ်သန်းမှုတွင် တူညီသည့်အချက်များ များစွာရှိနေသည်ကိုလည်း တွေ့မြင်လိုက်ရ ပါသည်။
ဆရာမောင်ဝံသက လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတွင် သတင်းထောက်အဖြစ် ၁၉၆၅ ခုနှစ်ကနေ ၁၉၇၀ နှစ်ဦးအထိ အလုပ်လုပ်ခဲ့သည်။ ပထမတော့ နယ်သတင်းထောက်များ ရေးသားပေးပို့သည့် အဆီအငေါ် မတည့်သော သတင်းများကို ဆီလျော်အောင် ပြန်လည်ရေးသားရသည်။ နောင်တော့ ဆရာက တဖက်တွင် ဆောင်းပါးများ ကြိုးစားရေးသားသည်။ ဒီကတည်းက အစိုးရသတင်းစာများသည် မြန်မာ့သတင်းစဉ်မှ သတင်းများကိုသာ ထည့်သွင်းဖော်ပြခဲ့တာဖြစ်သည် (နအဖ စစ်အစိုးရလက်ထက်တွင်လည်း အလားတူပင်ဖြစ်သည်။ မြန်မာ့သတင်းစဉ်သည် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း လက်အောက်တွင်ရှိပြီး အဆိုပါဌာနက ညဘက်ထုတ်ပြန်သော သတင်းဘူလက်တင်များကို မြန်မာ့အသံက ဖတ်ပြ၊ သတင်းစာက ဖော်ပြကြရသည်)။
မောင်ဝံသ ဆိုသည့် ကလောင်တချောင်းကို ဦးလှမြိုင် (ကိုဆောင်း) က မွေးထုတ်ပေးခဲ့သည်ဟု အတိအလင်း ရေးထားတာလည်း ဖတ်ရသည်။
ဆရာက တကယ့်ထိပ်တန်း သတင်းစာဆရာများနှင့် လက်တွဲလုပ်ကိုင်ခဲ့ရသူ ဖြစ်သည်။ ရွှေဥဒေါင်း၊ သာဂဒိုး၊ မောင်စူးစမ်း၊ ဦးလှမြိုင် (ကိုဆောင်း)၊ စသည့် ဆရာများနှင့်အတူ အလုပ်လုပ်ခဲ့ရသူ ဖြစ်သည်။ မောင်ဝံသ ဆိုသည့် ကလောင်တချောင်းကို ဦးလှမြိုင် (ကိုဆောင်း) က မွေးထုတ်ပေးခဲ့သည်ဟု အတိအလင်း ရေးထားတာလည်း ဖတ်ရသည်။ သူ သတင်းထောက်လုပ်ပြီး သတင်းလိုက်ခဲ့ရပုံလည်း ပါသည်။
သတင်းထောက်အတွေ့အကြုံဆိုသည့် အခန်းမှ ကောက်နုတ်ဖော်ပြလိုပါသည်။
“ထိုစဉ်က အစိုးရသတင်းစာ (လုပ်သားပြည်သူ့နေ့စဉ်၊ မြန်မာ-အင်္ဂလိပ်)၊ နှစ်စောင်နှင့် ပြည်သူပိုင်သတင်းစာ ကြေးမုံ၊ ဗိုလ်တထောင်၊ ဂါဒီးယန်း သုံးစောင်၊ စုစုပေါင်း အစိုးရသတင်းစာ ငါးစောင်ရှိသည်။ ကျနော် သတင်း ထွက်လိုက်ရသည့် အချိန်က ပုဂ္ဂလိက သတင်းစာများသည် ဝါရင့်သတင်းထောက်များကို အားပြုပြီး သတင်းအစုံ ထည့်သွင်းဖော်ပြနေကြသည်။ အစိုးရသတင်းစာများကမူ မြန်မာ့သတင်းစဉ် (ပြည်တွင်း) က ထုတ်ပေးသော သတင်းများကိုပဲ အဓိက အားပြု ဖော်ပြကြသည်”
ဌာနဆိုင်ရာသတင်း ပုံမှန်လိုက်ကောက်ရန် သတင်းအဆက်အသွယ်၊ သတင်းလူသားများ အသင့်ရှိသည်။ သို့သော် အခြားသတင်းရင်းမြစ် တခုသုံးပြီး သတင်းကို ဘက်မျှအောင် ရေးသားမရ။
ကြည့်စမ်း။ အခုလည်း ဒီအတိုင်း ဒီအတိုင်းပင်၊ နှစ်ပေါင်း ၅၅ နှစ်ကျော်တိုင်အောင် ရပ်တည်နိုင်စွမ်း ရှိနေသည့် အစိုးရ သတင်းစာသတင်းများ။ ဆရာမောင်ဝံသတို့လို အစိုးရသတင်းစာတိုက်က သတင်းထောက်များတွင် ဌာနဆိုင်ရာသတင်း ပုံမှန်လိုက်ကောက်ရန် သတင်းအဆက်အသွယ်၊ သတင်းလူသားများ အသင့်ရှိသည်။ သို့သော် အခြားသတင်းရင်းမြစ် တခုသုံးပြီး သတင်းကို ဘက်မျှအောင်ရေးသားမရ။ ဆရာ ရေးထားသည်က ယခုလို။
“ထိုအချိန်ကာလ (၁၉၆၆ ခုနှစ်) က အစိုးရဌာနဆိုင်ရာ အတော်များများတွင် သတင်းထောက်များနှင့် ဆက်ဆံရန် ပြောရေးဆိုခွင့်ရှိသူများ သတ်မှတ်ပေးထားသည်။ ကျနော်တို့က ထိုပုဂ္ဂိုလ်ထံ တယ်လီဖုန်းဆက်ပြီး အစ်ကိုကြီးတန် အစ်ကိုကြီး၊ အန်ကယ်တန် အန်ကယ်ခေါ်ကာ သတင်းထုတ်ပြန်စရာ ဘာများရှိပါသလဲဟု မေးမည်။ သူက ရှိတယ်ဗျို့၊ စာရွက်စာတမ်းတွေ လာယူပါဟုဆိုလျှင် အချိန်မေးပြီး သွားယူလိုက်ရုံပင်။ သူ့ဆီက ထိုထက်ပိုပြီး မမျှော်လင့်နိုင်”
ဒီနေရာမှာလည်း နအဖ ခေတ် သတင်းကောက်ယူပုံနှင့် အတူတူပင်။
ဆရာမောင်ဝံသက ဒီတုန်းက ရှိသည့် အခြေခံအလုပ်သမားကောင်စီက လူများထံမှ ဝေဖန်ချက်တောင်းပြီး သတင်းရေးခဲ့သည်။ ဒါကို ဌာနဆိုင်ရာများ မကြိုက်၊ ဆရာ ရေးထားတာ ဖတ်ကြည့်ပါဦး။
“ကျနော်တို့မှာ အစိုးရသတင်းစာမှ သတင်းထောက်ဟူသော အရှိန်အဝါဖြင့် စောစောပိုင်းတွင် အတော်ကလေး သတင်းပေါများခဲ့ သော်လည်း နောက်တော့ ဖော်ပြပါ အခြေခံသတင်းများကို အရေးများလာသောအခါ ဌာနတချို့က သိပ်အဝင်မခံလိုတော့ပါ။ ထို့ကြောင့် သတင်းအရ နည်းလာပါသည်။ ဌာနများက သူတို့လုပ်ငန်း အောင်မြင်မှုများကိုသာ ကြော်ငြာ သတင်းပေးလိုသည်။ ကျနော်တို့က အောင်မြင်တာရော၊ မအောင်မြင်တာတွေ ကိုပါ သတင်းပေးလိုသည်”
ဌာနဆိုင်ရာကပေးသည့် သတင်းကို ရေဒီယိုနှင့် ရုပ်သံကဖတ်။ သတင်းစာက နောက်နေ့ထုတ် သတင်းတွင် ဖော်ပြ။ သတင်းတပုဒ်ရပြီ။
နအဖ ခေတ်ကလည်း အလားတူပင်ဖြစ်သည်။ ဌာနဆိုင်ရာက သတင်းပေးလိုလျှင် သတင်းရိုက်ကူးရေး လုပ်လိုလျှင် ဆိုင်ရာ သတင်းစာတိုက်နှင့် ရုပ်သံဌာနကို စာဖြင့်ဖိတ်သည်။ ဖိတ်သည့်နေ့သွားလျှင် အသင့် ရေးပေးထားသည့် သတင်းကိုယူ၊ ရိုက်ကူးရေးလုပ်စရာရှိလျှင်ရိုက်ကူး၊ ပြီးတော့ ရုံးပြန်၊ အယ်ဒီတာလက်ထဲ သတင်းထည့်၊ ပြီးပြီ။ ထိုညတွင် ဌာနဆိုင်ရာကပေးသည့် သတင်းကို ရေဒီယိုနှင့် ရုပ်သံက ဖတ်။ သတင်းစာက နောက်နေ့ထုတ် သတင်းတွင် ဖော်ပြ။ သတင်းတပုဒ်ရပြီ။
ပြောရလျှင် ဘက်တခုတည်းက အသံကိုသာ သတင်းထုတ်ပြန်ခဲ့ကြတာဖြစ်ပြီး တခြား အသံတခုမှ မပါဘဲ သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။ ယခု ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း။ ၅၅ နှစ်ကျော်ကြာ သတင်းပုံစံခွက်ထဲမှာ ပိတ်မိနေခြင်း။ တနည်း ဒါရေး၊ ဒါရိုက်၊ ဒါဖတ်ပြ၊ ဒါဖော်ပြ ဒါပဲဖြစ်သည်။
ဆရာမောင်ဝံသ သတင်းထောက်လုပ်စဉ်ကာလ၊ ၁၉၆၆ စက်တင်ဘာလတွင် ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် ကျားကြီးဗဆွေ ဆိုသည့် ဝါရင့်နိုင်ငံရေးသမားနှစ်ဦး ထောင်ကလွတ်သည်။ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာက မောင်ဝံသနှင့် သတင်းထောက်များ ဦးနုအိမ်နှင့် ဦးဗဆွေ တို့ နေထိုင်သည့် အိမ်များဆီအရောက်သွားပြီး သတင်းယူကြသည်။
ဆရာရေးထားသည်က
“သုံးလေးမိနစ်ခန့်အကြာတွင် ဦးနု ထွက်လာသည်။ ရုတ်တရက်ကြည့်လိုက်တော့ ဝတ်ဖြူစင်ကြယ် ဝတ်ထားသလိုထင်ရသည်။ ကျနော်တို့က ဂါရဝပြုသည့်အနေဖြင့် မတ်တပ်ထပေးကြသည်။ ထိုစဉ် ပဋိသနာရ စကားပြောဖို့လိုသည်ဟု စိတ်ထဲထင်မိခြင်းနှင့်အတူ ကျနော့်နှုတ်မှ အလိုလို ထွက်သွားသည်မှာ ဥက္ကဋ္ဌကြီး နေကောင်းပါရဲ့လား ဖြစ်၏။ သြ ကောင်းပါတယ်၊ ကောင်းပါတယ်၊ ကိုင်း ထိုင်ကြထိုင်ကြ။ ထို့နောက် ဒါနဲ့ ကျုပ်ကို ဘယ်လိုခေါ်လိုက်တယ်၊ ဥက္ကဋ္ဌကြီးလို့ ခေါ်လိုက်တာ ကြားမိသလားလို့၊ အခု ကျုပ်က ဘာ ဥက္ကဋ္ဌမှ မဟုတ်တေ့ဘူးလေ။ ဒါပေမယ့် ဥက္ကဋ္ဌလို့ အခေါ်ခံရအောင် ဆွမ်းကြီးလောင်း အသင်းတသင်းလောက် ထောင်ရင်ကောင်းမလားမသိဘူးဟု ပြောပါသည်။ သည်လိုနှင့် ရေခဲပျော်သွားသလို ကျနော်တို့နှင့်ဆက်ဆံရေး နွေးနွေးထွေးထွေး ဖြစ်ခဲ့ပါသည်”
သိပ်မကြာလိုက်၊ နအဖ အစိုးရက ကြံတော သင်္ချိုင်းဖျက်တော့ အဆိုပါ လက်နှစ်ဘက် အုတ်ဂူကြီးပါ ပါသွားသည်။ ဘယ်အရာမှ မမြဲ။
ဦးနုနဲ့ တွေ့ဆုံခဲ့ပုံကို ဆရာရေးထားတာဖတ်ပြီး သက္ကရာဇ် ၁၉၉၀ ကျော်ကာလတခုဆီ စိတ်က ရောက်သွားသည်။ ဒီတုန်းက မြန်မာ့အသံ အသံလွှင့်ဝန်ထမ်းတဦး ဘဝဖြင့် ဟံသာဝတီလမ်းပေါ် အကြိမ်ကြိမ်ဖြတ်သန်းပြီး ရုံးတက်ခဲ့ရသည်။ ၁၉၉၅ ခုနှစ်မှာ ဦးနုဆုံးတော့ လက်ကြီးနှစ်ဘက် မိုးပေါ် ထောင်ထားသည့် အုတ်ဂူအကြီးကြီးတခုနှင့် ဂူသွင်းသည်။ ညဘက်ဂျုတီကျပြီး လမ်းလျှောက်အိမ်ပြန်လျှင် လက်ဖြူဖြူကြီး နှစ်ဘက်ကို ကြည့်ကြည့်ပြီး ပြန်ခဲ့ရသည်။ သိပ်မကြာလိုက်၊ နအဖ အစိုးရက ကြံတော သင်္ချိုင်းဖျက်တော့ အဆိုပါ လက်နှစ်ဘက် အုတ်ဂူကြီးပါ ပါသွားသည်။ ဘယ်အရာမှ မမြဲ။
You may also like these stories:
စာလုံးပေါင်းသတ်ပုံ ပြောင်းလဲတာ တိုးတက်ဖြစ်ပေါ်ခြင်းလား ပျက်စီးခြင်းလား
ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိထဲက လူငယ်ဘဝ
စစ်တပ်ရဲ့ အမြစ်ဖြတ်မှုကို ရုန်းကန်တော်လှန်တဲ့ သင်္ကြန်သံချပ်
စစ်အရာရှိဟောင်းများ သတင်းနှင့် စာပေအဖွဲ့အစည်းများကို ဦးဆောင်မည်