၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်က အနိစ္စရောက်ခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းကို မြန်မာပြည် လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးရဲ့ ရှေ့ဆောင် ခေါင်းဆောင်တယောက်အနေနဲ့ လူသိများတယ်။ သခင်ကိုယ်တော်မှိုင်း အမည်ခံ ဆရာလွန်း အတ္ထုပတ္တိစာအုပ်ရေးသူ သိန်းဖေမြင့်ကတော့ သခင်ကိုယ်တော်မှိုင်းကို စာပေသူပုန်ကြီးလို့ ထူးထူးခြားခြား ဆိုင်းဘုတ်ကပ်ခဲ့တယ်။
“၁၉၂၉ ခုနှစ်ကမှ တပြည်လုံးကျော်သွားသည့် မစ္စတာ မောင်မှိုင်း အမည်ခံ ဆရာလွန်းကား အကြီးဆုံးသော သူပုန်စာရေးဆရာ ဖြစ်လေသည်။ သူရေးနည်းမှာ ဗမာစာပေတွင်လည်း မပေါ်ဖူးသေး၊ အင်္ဂလိပ်စာပေ စသော အခြားစာပေများတွင်လည်း မပေါ်ဖူးသေး၊ ဆရာလွန်း၏ ပင်ကိုယ်ဉာဏ်ဖြင့် ထွင်ထုတ်လိုက်သော ရေးနည်းဖြစ်၏။ သူ့ကိုယ်သူ ယောဂီဆရာကြီးအသွင် ဆောင်လိုက်၏။ တပည့်မများကို တရားဟော၏။”
ဗမာစာပေ၌ ပေါ်ပြီးဖြစ်သော်လည်း ခေတ်မစားသေးသော လေးချိုးကြီးများကို ရေးသားလေသည်။ လေးချိုးကို အထူးလေ့လာရေးသားသဖြင့် ဗမာစာပေ၌ ဆရာလွန်းရေးသော လေးချိုးလောက် ကောင်းသောလေးချိုးများ မပေါ်ဖူးချေ။ သို့လိုရေးနည်းဖြင့် စတင်ပုန်ကန်လိုက်သောကြောင့် စာရေးဆရာသူပုန်ကြီးဟု ခေါ်ရပေသည်။
“သူ့ရေးနည်းမှာ လင်္ကာ၊ စကားပြေ နှစ်ထွေရောရာ ဖြစ်၏။ စကားပြေအဖြစ်ဖြင့် ရေးထားသော်လည်း တလုံးနှင့်တလုံး ကာရန်မိသည်ချည်းဖြစ်၏။ ဗမာစာပေ၌ ပေါ်ပြီးဖြစ်သော်လည်း ခေတ်မစားသေးသော လေးချိုးကြီးများကို ရေးသားလေသည်။ လေးချိုးကို အထူးလေ့လာရေးသားသဖြင့် ဗမာစာပေ၌ ဆရာလွန်းရေးသော လေးချိုးလောက် ကောင်းသောလေးချိုးများ မပေါ်ဖူးချေ။ သို့လိုရေးနည်းဖြင့် စတင်ပုန်ကန်လိုက်သောကြောင့် စာရေးဆရာသူပုန်ကြီးဟု ခေါ်ရပေသည်။”
သခင်ကိုယ်တော်မှိုင်း အမည်ခံ ဆရာလွန်း အတ္ထုပတ္တိစာအုပ်ကို သိန်းဖေမြင့်က ဆရာလွန်း သက်ရှိထင်ရှားရှိစဉ် ၁၉၅၃ ခုနှစ်ကတည်းက ရေးသားပြုစုခဲ့တာ ဖြစ်တယ်။ ဒါကြောင့် မြန်မာစာပေနယ်ပယ်မှာ ထူးခြားတယ်လို့ စာအုပ်တည်းဖြတ်သူက မှတ်ချက်ပြုထားတယ်။ စာအုပ်ရဲ့ ပထမပိုင်းမှာ မိခင်က စာသင်ကြားခြင်း၊ သီပေါမင်းပါတော်မူခြင်း။
ဒုတိယပိုင်းမှာ ဆရာလွန်း ကိုရင်လူထွက်ပြီး ရန်ကုန်သို့ ဆင်းခဲ့ခြင်း၊ ပထမ တက္ကသိုလ်ကျောင်းသား သပိတ်၊ ပထမဆုံးကျင်းပသော ကျောင်းသားသပိတ်၊ တတိယပိုင်းမှာ မျိုးချစ်ကြီး ဆရာလွန်း၊ ရက်ရောသော ဆရာလွန်း၊ ဖိုထိုးခြင်းစသော ပညာရပ်များ၊ စတုတ္ထပိုင်းမှာ ဒီးဒုတ်ဦးဘချို၏ ဖြည့်စွက်ချက်စသည်စသည့် ခေါင်းစဉ်ငယ်များနဲ့ ရေးဖွဲ့ထားတယ်။
သီပေါမင်း ပါတော်မူခန်းကို မြင်တွေ့လိုက်ရတဲ့ ဆရာလွန်း ငယ်ဘဝကို သိန်းဖေမြင့် ရေးဖွဲ့ထားပုံက “မြတောင်တိုက်ကျောင်းကြီး တကျောင်းရှိ ကပြင်၏ လက်ရမ်းပေါ်တွင် လူချောချော ဆယ်နှစ်သားအရွယ်တယောက် ထိုင်နေလေ၏။ သူသည် ယောင်ပေစူးကလေးကို ကျစ်နေအောင် ထုံးလျက်ထား၏။ တရုတ်တိုက်ပုံအင်္ကျီ၊ တောင်ရှည်ပုဆိုးကလေး ဝတ်ထား၏။ ထိုသူငယ်ကလေးသည် သီပေါမင်းပါသွားသည်ကို မြင်လျှင် ငိုရှာလေသည်။ ဝမ်းထဲ၌ လှိုက်လှိုက်နှင့် ပူနေတော့၏။ အဖိုးများစွာ ထိုက်တန်သော အရာကလေးတခု ပျောက်သွားသည်ဟု ထင်ရှာလေ၏။ ထိုသူငယ်သည် အသက်ငယ်သော်လည်း (အင်း ငါတို့တမျိုးသားလုံး လူမျိုးခြားကျွန်ဖြစ်ပြီ) ဟု သိကာ မချိမဆန့် ဖြစ်နေလေ၏။ နောက် ဘုရင်သည် ဂေါဝိန်ဆိပ် ဆင်းသောအခါ ကျောင်းဦးဘုရားသို့ ထိုသူငယ်သွားလေ၏။ ဘုရားကို ရိုသေစွာကန်တော့ပြီး (တပည့်တော်ကား ကမ္ဘာပျက်ခါနီးမှ လူဖြစ်ရပါသည်။ ယခု တပည့်တော်တို့လူမျိုးသည် ကျွန်ဖြစ်ခဲ့ပါပြီ။ နောင်ဖြစ်လေရာဘဝ၌ ဘုရားတပည့်တော်သည် ကျွန်လူမျိုး၌ မဖြစ်ပါရေစေနှင့်ဘုရား) ဟု ဆုတောင်းလေ၏။”
![](https://burma.irrawaddy.com/wp-content/uploads/2022/07/သခင်ကိုယ်တော်မှိုင်းဂူဗိမာန်.jpeg)
ဒီးဒုတ်ဦးဘချိုရဲ့ ဖြည့်စွက်ရေးသားချက် အခန်းပါ ဆရာလွန်း၏ သမာဓိဆိုတဲ့ ရေးဖွဲ့ချက်ကလည်း စိတ်ဝင်စားစရာ။
“နိုင်ငံရေးကိစ္စ၊ ပညာရေးကိစ္စ၊ အရေးကြီးသောအချက်များ ပေါ်လာတိုင်း ဆရာလွန်းသည် အိမ်မက်မက်လေ့ရှိသည်။ ထိုသို့ အိမ်မက်မက်သောအခါ ကျွန်ုပ်အား အိမ်မက်ကို ပြောပြလျက် နိမိတ်လည်း ဖတ်ပြလေ့ရှိသည်။ နောင်ကို ဖြစ်ပျက်လာသမျှတို့မှာ ဆရာလွန်း၏ အိမ်မက်အတိုင်း မှန်ကန်နေသည်တို့ချည်း ဖြစ်ရကား သမာဓိကြီးသော ပုဂ္ဂိုလ်ဖြစ်လို့ သာသနာစောင့်နတ်များ အိမ်မက်ပေးသည်ဟုသာ ယူဆမိတော့၏။”
ဆရာလွန်းအကြောင်း ရေးဖွဲ့ထားတဲ့စာပေတွေအနက်က တချို့တလေကို ဖော်ပြရင် သူ့ပုံရိပ်ပိုမိုပေါ်လွင်မယ်လို့ ယူဆမိတယ်။ လူပုဂ္ဂိုလ်ပုံရိပ် အရေးအဖွဲ့ကောင်းတဲ့ ဒဂုန်တာရာရဲ့ ဆရာလွန်း အကဲဖြတ်ချက်ကို ရှုစားကြည့်ပါ။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အမြဲတမ်း ခေတ်အဆက်ဆက်တိုင်း တော်လှန်ရေးဘက်ကသာ နေသည်။ ကျနော်တို့မီသော တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲခေတ်၌ ဆရာကြီးသည် တော်လှန်သော ဂိုဏ်းဘက်က ရပ်တည်ခဲ့သည်ကို သတိရသေးသည်။ ဆရာကြီးသည် ဖောက်ပြန်သည့်ဘက်ကို ကဲ့ရဲ့ရှုတ်ချ၍ တော်လှန်ရေးဘက်ကို ချီးကျူးဂုဏ်ပြုသည်။ ဤကား ဆရာကြီး၏ အနုပညာဝါဒ ဖြစ်သည်။
“ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အမြဲတမ်း ခေတ်အဆက်ဆက်တိုင်း တော်လှန်ရေးဘက်ကသာ နေသည်။ ကျနော်တို့မီသော တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲခေတ်၌ ဆရာကြီးသည် တော်လှန်သော ဂိုဏ်းဘက်က ရပ်တည်ခဲ့သည်ကို သတိရသေးသည်။ ဆရာကြီးသည် ဖောက်ပြန်သည့်ဘက်ကို ကဲ့ရဲ့ရှုတ်ချ၍ တော်လှန်ရေးဘက်ကို ချီးကျူးဂုဏ်ပြုသည်။ ဤကား ဆရာကြီး၏ အနုပညာဝါဒ ဖြစ်သည်။
ဝံသာနု လှုပ်ရှားမှု တိုးတက်နေစဉ်က …
‘သြော်…… ပြေအမှုပေမို့
ငွေခရုငယ်နှင့်
ဇေယျတုပါကွယ့်
သပြေနုချိန် တင်ရန်ပန်းတွေကလည်း များပါဘိသနှင့်
ဖေပုရှိန် အင်္ဂလန်နန်းမြေသွားတို့မှာဖြင့်……’
ဟု ဘိလပ်သွားအဖွဲ့ကို ဂုဏ်ပြုခဲ့သည်။ သို့သော် ယင်း ဝံသာနုအဖွဲ့ပင် ဒိုင်အာခီ ရာထူးပေးကာ နယ်ချဲ့သမားနှင့် စေ့စပ်ပူးပေါင်းသွားသောအခါ …
‘ခွေးရူးပြန် မသာ၏ အလောင်းလိုပ
အခါအလှည့် မကောင်းစေဘို့
အစားချောင်စရာကြံ
မယား တောင်ညာခံတွေနှင့်
စံသည်တကား
အိုကွယ်… ငါးထောင်သပြာ စားမာန်ရယ်နှင့်
မာန်ဖီဖီပွား’
ဟူ၍ ဖောက်ပြန်သည့်ဘက်ကို ရှုတ်ချခဲ့ပေသည်။
![](https://burma.irrawaddy.com/wp-content/uploads/2022/07/image_6483441-10.jpg)
ဂျပန်ခေတ်၌ကား ကျနော်သည် ဆရာကြီးနှင့် နီးနီးကပ်ကပ် နေခွင့်ရခဲ့သည်။ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌဟောင်း သခင်တင်မောင်နှင့်အတူ သွားတက်နေကာ တခါတရံ ဆရာကြီး၏ အိမ်မှာပင် ညအိပ်ရသည်။
နေ့လယ်နေ့ခင်းတွင် ဆရာကြီး၏ လက်ဖက်ဝိုင်း၌ ထိုင်မိကာ စာပေရေးရာ၊ နိုင်ငံရေးရာ ရှေးဟောင်းနှောင်းဖြစ်များကို ကြားနာခဲ့ရသည်။ ဆရာကြီးမှာ အသက်ထင်ရှားရှိနေသော အမျိုးသားလွတ်မြောက်ရေး ရာဇဝင် ဂန္ထဝင်ကျမ်းကြီးတဆူ ဖြစ်ပေသည်။
ဘာကြောင့် ဆရာကြီးသည် ခေတ်တိုင်းခေတ်တိုင်း တိုးတက်သော၊ တော်လှန်သော အင်အားသစ်များ၏ နာယကကြီး ဖြစ်နေရသနည်း။ ဆရာကြီး၏ လုပ်ငန်းစဉ်မှာ ရှင်းသည်။ ဆရာကြီးသည် အမြဲတမ်း အဖိနှိပ်ခံ ပြည်သူ့ဘက်က နေခြင်းဖြစ်သည်။
ဘာကြောင့် ဆရာကြီးသည် ခေတ်တိုင်းခေတ်တိုင်း တိုးတက်သော၊ တော်လှန်သော အင်အားသစ်များ၏ နာယကကြီး ဖြစ်နေရသနည်း။ ဆရာကြီး၏ လုပ်ငန်းစဉ်မှာ ရှင်းသည်။ ဆရာကြီးသည် အမြဲတမ်း အဖိနှိပ်ခံ ပြည်သူ့ဘက်က နေခြင်းဖြစ်သည်။
ဖိနှိပ်သော လူတန်းစားဘက်၊ အုပ်စိုးသောဘက်က ဆရာကြီး ဘယ်တော့မှ မနေ။ တချို့က ဆရာကြီးကို ‘ခေါ်ရင်လိုက်တာပဲ၊ ခေတ်မမီတော့ဘူး၊ အတိုက်အခံ နိုင်ငံရေးပါတီတွေက အသုံးချနေတာ’ ဟု ယူဆကြသည်။
ကျနော်က ဤကဲ့သို့ မမြင်။
ဆရာကြီးသည် အံ့သြဖွယ်ရာ ကောင်းလောက်အောင်ပင် ပါးသည်။ ထက်မြက်သည်။ အခြေအနေကို သိမြင်နေသည်။ အဖိနှိပ်ခံဘက်က ခေါ်လျှင်သာ လိုက်သည်။ တိုးတက်သောဘက်၊ တော်လှန်သောဘက်၌ အမြဲတမ်း တည်ရှိသော ဆရာကြီးထက် မည်သူက ခေတ်မီဦးမည်နည်း။”
ဆရာလွန်းရဲ့ ဖြတ်သန်းမှုဘဝနဲ့ ဒဂုန်တာရာရဲ့ အမြင်စူးရှမှုကိုလည်း အခုလို တွေ့ရတယ်။
![](https://burma.irrawaddy.com/wp-content/uploads/2022/07/image_6483441-11.jpg)
“ဆရာကြီး၏ ဘဝ အတွေ့အကြုံကား ကုံလုံကြွယ်ဝလှသည်။ ဆရာကြီး၏ ဘဝ မာတိကာစဉ်ကား များထွေလှသည်။ ဘုန်းကြီးကျောင်း စာသင်သား၊ အညာခရီးသည်၊ စာစီသမား၊ စာပြင်ဆရာ၊ အယ်ဒီတာ၊ ဆောင်းပါးရှင်၊ ရာဇဝင်ကျမ်းပြုဆရာ၊ စာပေကျမ်းပြုဆရာ၊ ဝတ္ထုရေးဆရာ၊ ပြဇာတ်ဆရာ၊ မြန်မာစာပါမောက္ခ၊ သတင်းစာဆရာ၊ ကဗျာဆရာ၊ ဒို့ဗမာအစည်းအရုံးနာယက၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့အစည်းဥက္ကဋ္ဌ၊ စတာလင် နိုင်ငံတကာ ငြိမ်းချမ်းရေးဆုရ၊ အင်္လကာကျော်စွာ ဘွဲ့ရ၊ ဂျာမနီတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရ။
ဤ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟူသော ပုဂ္ဂိုလ်ကို ခင်ပြီးနောက် ဘာကြောင့် ဆရာကြီး၏ ကဗျာတရားတို့ကို မမင်ဘဲ နေနိုင်မည်နည်း။
ဆရာကြီးသည် သူရေးသည့်အတိုင်း လုပ်သည်။ ဆရာကြီး၏ တရားသည် ဆရာကြီး၏ အလုပ်မှ ထွက်ပေါ်လာသည်။ ဤအချက်မှာ အထူးခြားဆုံး ဖြစ်၏။ နိုင်ငံရေးလောက၌ ပြောသလို လုပ်သူ ရှားသည်။ အပြောတခြား အလုပ်တခြားက များသည်။ ပုဂ္ဂိုလ်နှင့်တရား ဘာမျှမဆိုင်ကြ။
ဆရာကြီးသည် အခန်းထဲမှ ကဗျာသက်သက် ရေးသူ မဟုတ်ပေ။ မှန်တံခါးအတွင်းမှ နေ၍ လယ်ထွန်စက်ကို ဖွဲ့သော လယ်သမား၊ အလုပ်သမား တံဆိပ်တပ် သုခမိန် မဟုတ်ပေ။ ဆရာကြီးသည် ပြည်သူကြား၌နေကာ ပြည်သူတို့၏ ရင်ခုန်သံကို ဖော်ကျူးသည်။ ဆရာကြီး၏ အမျိုးသားလွတ်မြောက်ရေး ရဲတင်းသံကြောင့် ပြည်သူတို့ ရဲရင့်ရသည်။
ဆရာကြီးသည် အခန်းထဲမှ ကဗျာသက်သက် ရေးသူ မဟုတ်ပေ။ မှန်တံခါးအတွင်းမှ နေ၍ လယ်ထွန်စက်ကို ဖွဲ့သော လယ်သမား၊ အလုပ်သမား တံဆိပ်တပ် သုခမိန် မဟုတ်ပေ။ ဆရာကြီးသည် ပြည်သူကြား၌နေကာ ပြည်သူတို့၏ ရင်ခုန်သံကို ဖော်ကျူးသည်။ ဆရာကြီး၏ အမျိုးသားလွတ်မြောက်ရေး ရဲတင်းသံကြောင့် ပြည်သူတို့ ရဲရင့်ရသည်။ ဆရာကြီး၏ ငြိမ်းချမ်းရေး ရဲတင်းသံကြောင့် ပြည်သူတို့ အားသစ်လန်းရသည်။”
(၁၉၆၄ ခုနှစ်၊ ဇူလိုင်၂၃ ရက်တွင် ကွယ်လွန်ခဲ့သည့် သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၈) နှစ်ပြည့် အမှတ်တရ ရေးဖွဲ့တင်ပြပါသည်။)
သခင်ကိုယ်တော်မှိုင်း ရေးသားပြုစုခဲ့သည် စာများ
– ညီတော် မင်းနန် ချွတ်ခန်း ဟောစာသစ် (ရွှေတောင်မြို့ ဆရာလွန်း) – ၁၉ဝ၂ ခုနှစ်
– ရွှေတိဂုံဘုရား အမှူးကို ကျား အဖူးတက်သော ဇာတ်ဆန်း (မောင်လွမ်း) – ၁၉ဝ၃ ခုနှစ်
– ကျမိုင်းမောင်နှင့် စောမြိုင် ပြဇာတ် (ဆရာလွမ်း) – ၁၉ဝ၃ ခုနှစ်
– ကုလားလေး ဗျတ်ဝိ ဗျတ္တ ပြဇာတ် (ပ – အကြိမ် – ဆရာလွမ်း) – ၁၉ဝ၅ ခုနှစ်
– မော်လမြိုင် ရာဇဝင် ဝတ္ထု (ပထမတွဲ – ဆရာလွမ်း) – ၁၉ဝ၅ ခုနှစ်
– ကဗျာသာရ မဉ္စူ (ဆရာလွမ်း) – ၁၉ဝ၆ ခုနှစ်
– ဝရမတ္တ သံခိပ် အဖြေကျမ်း (ဒုတိယတွဲ – ဆရာလွမ်း) – ၁၉ဝ၆ ခုနှစ်
– အလောင်းတော် သုဝဏ္ဏသျှံ ပြဇာတ် (ဆရာလွမ်း) – ၁၉ဝ၇ ခုနှစ်
– ချင်းမလေး ဝါနု ပြဇာတ်သစ် (ဆရာလွမ်း) – ၁၉ဝ၈ ခုနှစ်
– သူခိုး ထိလပ် ပြဇာတ် (ပ – ဒု) (ဆရာလွမ်း) – ၁၉ဝ၈ ခုနှစ်
– ကျောက်ဝိုင်း သမိုင်း၊ ရေကင်းသူ မရွှေပွင့် ပြဇာတ်၊ ပထမတွဲ (ဆရာလွမ်း) – ၁၉ဝ၉ ခုနှစ်
– ကဗျာသာရတ္တ သင်္ဂြိုဟ် (ဆရာလွမ်း) – ၁၉၁ဝ ခုနှစ်
– သီရိဓမ္မာ သောက မင်းကြီး ပြဇာတ် (ပ – တွဲ) (ဆရာလွမ်း) – ၁၉၁၁ ခုနှစ်
– မြန်မာ ရာဇဝင်ချုပ်နှင့် ရွှေနတ်တောင် ဘုရားသမိုင်း (ဆရာလွန်း) – ၁၉၁၁ ခုနှစ်
– လက်မှုပညာ ဋီကာ (Hard Book of Useful Recipes) – ၁၉၁၃ ခုနှစ်
– ဗိုလ်ဋီကာ (မစ္စတာမောင်မှိုင်း) – ၁၉၁၄ ခုနှစ်
– ကဆုန် ညောင်ရေသွန်းပွဲတော် အတ္ထုပ္ပတ္တိစာတန်း – ၁၉၁၄ ခုနှစ်
– ဆောင်းပါး ပေါင်းချုပ်ကြီး (ပထမတွဲ) (မစ္စတာမောင်မှိုင်း) – ၁၉၁၄ ခုနှစ်
– မှာတော်ပုံ ဝတ္ထု (ပထမတွဲ) (မစ္စတာမောင်မှိုင်း) – ၁၉၁၆ ခုနှစ်
– အီနောင် နန်းတွင်းဇာတ်တော်ကြီး – ၁၉၁၇ ခုနှစ်
– ဓမ္မစေတီ (မင်းအတ္ထုပ္ပတ္တိ) ဝတ္ထု – ၁၉၁၈ ခုနှစ်
– ကေသာသီရိ နန်းတွင်း ဇာတ်တာ်ကြီး – ၁၉၁၈ ခုနှစ်
– မှာတော်ပုံ ဝတ္ထု (ဒုတိယတွဲ) – ၁၉၁၉ ခုနှစ်
– ပဲခူး ရာဇဝင် ဇာတ်တော်ကြီး – ၁၉၁၉ ခုနှစ်
– ဒေါင်းဋီကာသစ် – ၁၉၂ဝ ခုနှစ်
– ဘွိုင်းကောက် ဋီကာကြီး – ၁၉၂၁ ခုနှစ်
– မှာတော်ပုံ ဝတ္ထု (တတိယတွဲ) – ၁၉၂၁ ခုနှစ်
– မှန်နန်း ရာဇဝင်တော်သစ် (ပထမအုပ်) – ၁၉၂၂ ခုနှစ်
– မျောက်ဋီကာ – ၁၉၂၃ ခုနှစ်
– မျောက်ဂဏ္ဌိ – ၁၉၂၃ ခုနှစ်
– ခွေးဋီကာ – ၁၉၂၅ ခုနှစ်
– ဒေါင်းဂဏ္ဌိ (ပထမတွဲ) – ၁၉၃၁ ခုနှစ်
– ဂဠုံပျံ ဒီပနီဋီကာ – ၁၉၃၁ ခုနှစ်
– မန္တလေးမြို့ ရွှေရေးဆောင် ဆရာတော်ဘုရားကြီး ဦးကြည်၏ ထေရုပ္ပတ္တိကထာ – ၁၉၃၅ ခုနှစ်
– ခွေးဂဏ္ဌိ (ပထမတွဲ၊ ဒုတိယတွဲ) – ၁၉၃၆ ခုနှစ်
– သခင်ဋီကာ – ၁၉၃၈ ခုနှစ်
– အာဇာနည်ဗိမာန် – ၁၉၄၈ ခုနှစ်
– ဗမာ ပြည်တွင်းရေး မည်ကဲ့သို့ ဖြေရှင်း မည်နည်း၊ သခင် ကိုယ်တော်မှိုင်းနှင့် ပြည်တွင်း ငြိမ်းချမ်းရေး – ၁၉၄၈ ခုနှစ်
– အနာဂတ် ဇာတ်ခုံ အိပ်မက် ဒိဠုံ ဋီကာ – ၁၉၅ဝ ပြည့်နှစ်
– လေးချိုးပေါင်းချုပ် (ပထမတွဲ) – ၁၉၅၅ ခုနှစ်
– လေးချိုးပေါင်းချုပ် (တတိယကြိမ်) – ၁၉၆၈ ခုနှစ်
– မှာတော်ပုံနှင့် စစ်ကိုင်းပြန် မှာတော်ပုံ – ၁၉၇၁ ခုနှစ်
– လက်ရွေးစင် လေးချိုးတရာ – ၁၉၇၃ ခုနှစ်
– တို့ဗမာ ဝတ်ရွတ်စဉ် – ၁၉၇၆ ခုနှစ်
– အနုသာသနခေါ် ဂမ္ဘီရပျို့အဖြေ
– ဦးပုည မေတ္တာစာ
– မှန်နန်းရာဇဝင်ချုပ်
– ကုန်းဘောင်ပေါ်လစ်တစ်
– ကလဟ ဝိနိစ္ဆယ
– တက္ကသိုလ် ပန်တူဝိနိစ္ဆယ
– ပဌမတ္ထဝိဘာဝနီ (ကျော်ဋီကာ)
– အဝနန်းတော်
– မြန်မာ့ဇေယာသဝဏ်
– ကျော် ၄ ဆူ ဘုရားတိုင် လေးချိုးကြီးများ
– သခင် ညီလာခံ သြဘာ ဆောင်းပါးများ
– မင်္ဂလာရတုများ
– အရေးတော်ပုံ ဆောင်းပါးများ
– အရမ်းကာရ ဝိသောဓနီ
– စုန်တော်မူမှာတမ်း
You may also like these stories:
တော်လှန်ရေးတပ်ဦးမှ မြန်မာကဗျာဆရာများ
အနုပညာဖန်တီးမှုတွေ ဆိတ်သုဉ်းသွားတော့မလား
ပီနိုချေး၊ နေရူဒါနဲ့ ပြည်ပြေးမှတ်စု
ကြွေလွင့်သွားတဲ့ အနုပညာငွေကြယ်ပွင့်များ