စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင် ကိုကျော်မင်းယု(ခ) ကိုဂျင်မီ၊ ဟစ်ဟော့အဆိုတော်တဖြစ်လဲ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့ အညတြသူရဲကောင်းတွေလို့ ဆိုရမယ့် ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တိုကို ကြိုးပေးကွပ်မျက်ခဲ့တယ်လို့ ဇူလိုင် ၂၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ သတင်းစာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ ၁၉၇၆ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အစိုးရလက်ထက်က နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုနဲ သေဒဏ် ချခံရတဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်၊ ၁၉၇၀ ခုနှစ်တဝိုက် ကျောင်းသားလှုပ်ရှားမှုတွေက စတင်ကာ ဦးသန့် အရေး အခင်း၊ မှိုင်းရာပြည့် စတဲ့ ကျောင်းသားလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး တို့ကို ကွပ်မျက်ပြီးတဲ့နောက် အတန်ကြာရပ်တန့်သွားတဲ့ သေဒဏ်စီရင်မှုတွေကို စစ်ကောင်စီ တကျော့ပြန် ပေါ်ပေါ် တင်တင် အသက်သွင်းလာခြင်း ဖြစ်ပါတယ်။
သမိုင်းကို ပြန်ကြည့်ရင် မြန်မာ့နိုင်ငံရေးဟာ အစကတည်းက ယဉ်သကိုဆိုသလို သေဒဏ်နဲ့ စတဲ့ နိုင်ငံရေးလို့တောင် ကောက်ချက်ချရမှာ ဖြစ်ပြီး ကိုလိုနီခေတ်မှာဆိုရင်လည်း တောင်သူလယ်သမားတွေကို ဦးဆောင်ကာ နယ်ချဲ့ကို တော်လှန်ခဲ့တဲ့ သုပဏ္ဍကဂဠုဏရာဇာ ဘွဲ့ခံ ဂဠုန် ဆရာစံဟာ ၁၉၃၁ခုနှစ် နိုဝင်ဘာ ၂၈ ရက် စနေနေ့ သာယာဝတီ ထောင်မှာ ကြိုးပေးခံခဲ့ရပါတယ်။
အလားတူ နိုင်ငံတော်သစ်အနေနဲ့ လွတ်လပ်ရေးရအံ့ဆဲဆဲ နိုင်ငံရေးကန့်လန်ကာ အဖွင့်ဟာလည်း သေဒဏ်နဲ့ စခဲ့ သလားလို့တောင် ပြောရမှာဖြစ်ပါတယ်။
၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးတွေကို နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစောနဲ့ အပေါင်းအပါတွေက အတွင်းဝန်ရုံးမှာ ဝင်ရောက်လုပ်ကြံမှုဖြစ်ပြီး တနှစ်ခန့် တရားရင်ဆိုင်ပြီးနောက် ၁၉၄၈ခု မေလ မှာပဲ ဂဠုန်ဦးစောနဲ့ အပေါင်းအပါတွေဟာ နိုင်ငံတော်လုပ်ကြံမှုနဲ့ ကြိုးဒဏ်စီရင်ခံခဲ့ပါတယ်။
အဲ့ဒီအချိန်က လွတ်လပ်ရေးရပြီးစ မြန်မာပြည်ရဲ့ နိုင်ငံရေးဟာ မုန်တိုင်းထန်နေတဲ့ ကာလလို့ ဆိုရမှာဖြစ်ပြီး နယ်ချဲ့ လက်အောက်က လွတ်မြောက်အောင် ကြိုးပမ်းစဉ်ကတည်းက ရှိခဲ့တဲ့ နိုင်ငံရေး သဘောထားမတိုက်ဆိုင်မှု၊ ဝိဝါဒ ကွဲပြားမှုတွေဟာ လွတ်လပ်ရေးရပြီးတဲ့နောက်မှာ တဖြည်းဖြည်း ဝိရောဓိအသွင်ဆောင်လာပြီး နောက်ဆုံးမှာတော့ လက်နက်ကိုင်ပဋိပက္ခအဆင့်ကို ကူးခဲ့ပါတယ်။
အဲဒီအတွက် တိုးတက်သော နိုင်ငံရေးအယူအဆရှိတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ အာဏာရ ဖဆပလအစိုးရရဲ့ လိုက်လံဖမ်းဆီးမှုကြောင့် ၁၉၄၈ခု မတ်လ ၂၈ရက်မှာ တောခိုခဲ့ရပါတယ်။
ကွန်မြူနစ် အားကောင်းရာ ဒေသဖြစ်တဲ့ ပဲခူးခရိုင်ဟာ သေနတ်စဖောက်ရာ အရပ်လို့ ဆိုရမှာဖြစ်ပြီး ရစ်ကန်ကြီး၊ မြစ်ကျိုးစတဲ့ ဒေသတွေကို ကွန်မြူနစ်တပ်တွေ သိမ်းပိုက်ခဲ့ပါတယ်။
ကွန်မြူနစ်တို့ တောခိုပြီး ၁၂ရက်အကြာမှာ ဖဆပလအစိုးရက ပုန်ကန်သူတွေကို သေဒဏ်အထိ အပြစ်ပေးနိုင်တဲ့ နိုင်ငံတော်သစ္စာဖောက်မှု ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။
ဒီဥပဒေကို လက်တွေ့စတင်ခံရစားသူကတော့ ဗမာပြည်ကွန်မြူနစ်ပါတီက ဗိုလ်အေးဖေဖြစ်ပြီး တိုက်ပွဲမှာ ဖမ်းမိပြီး တဲ့နောက် အဲဒီနှစ်နိုဝင်ဘာ ၁၂ ရက်နေ့မှာပဲ သေဒဏ်ချခံခဲ့ရပါတယ်။
ဗိုလ်အေးဖေဟာ လွတ်လပ်ရေးရပြီး ဗမာ့နိုင်ငံရေးမှာ အစောဆုံး တရားဝင် သေဒဏ်ချခံခဲ့ရတဲ့ ဗမာ့တပ်မတော် အရာရှိဟောင်းတဦးလို့ ဆိုရမှာဖြစ်ပြီး သူ့ကို သေဒဏ်ပေးတာနဲ့ ပတ်သက်လို့ သမိုင်းမှာ လူသိနည်းလှပါတယ်။
အာဏာရ ဖဆပလအစိုးရဟာ ဗိုလ်အေးဖေ တဦးတည်းကိုသာ ဥပဒေကြောင်းအရ ထင်ထင်ပေါ်ပေါ်နဲ့ သေဒဏ်ပေးခဲ့ပေမယ့် စစ်တပ်ကတော့ အဲဒီအချိန်ကတည်းက မိလာတဲ့ ကွန်မြူနစ်တွေကို တောထဲမှာ တခါတည်း ကိစ္စတုံး ရှင်းလင်းသတ်ဖြတ်မှုတွေမှာ နာမည်ကြီးခဲ့ပါတယ်။
အဲဒီတုန်းက စစ်တပ်ရဲ့ လက်သုံးစကားက “မြို့ပေါ်မှာ ကွန်မြူနစ်ရှားလို့ ပင့်ခိုင်းတာ မဟုတ်ဘူး”ဆိုတာပါပဲ၊ သဘောကတော့ တောထဲမှာပဲ တခါတည်း ရှင်းပစ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
၁၉၅၇ ခုနှစ် မေလမှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ထင်ရှားတဲ့ ဗဟိုကော်မတီဝင် ကာနယ်ချစ်ကောင်းကို ရန်ကုန် မြို့ပေါ်မှာ ဖမ်းမိပြီးတဲ့နောက် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ သေဒဏ်ချခဲ့ပေမယ့် ကြိုးတိုက်မှာ တနှစ်ကြာပြီးတဲ့နောက် နိုင်ငံတော်သမ္မတ မန်းဝင်းမောင်ရဲ့ အမိန့် နဲ့ ကြိုးဒဏ်က လွတ်မြောက်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ နိုင်ငံရေးလှုပ်ရှားသူတွေထဲက သေဒဏ်ကျခံရသူ၊ ချခံရသူ မရှိသလောက် ဖြစ်လာခဲ့ပေမယ့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ၁၉၇၀ခုနှစ် နိုဝင်ဘာလ သမိုင်းမှာ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင် အလံနီ ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်စိုးဟာ ပခုက္ကူမြို့နယ် ကျွန်းချောင်းကျေးရွာမှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ရုံးတင်စစ် ဆေးခံရပြီး နိုင်ငံတော် သစ္စာဖောက် ပုန်ကန်မှုနဲ့ အထူးရာဇဝတ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။
ဒီလိုသေဒဏ်ချမှတ်မှုကို သခင်စိုးရဲ့ ရှေ့နေ ဦးကိုယုက သေစားသေစေ ပြစ်ဒဏ်ဆိုတာ ရိုင်းစိုင်းပြီး လက်စားချေတဲ့ သဘောတရားဖြစ်သလို လူတယောက်ရဲ့ ဘဝပတ်ဝန်းကျင်ကြည့်ပြီး လူမမယ်ကလေးတွေရဲ့ ဘဝကံကြမ္မာကိုပါ ထည့်သွင်းစဉ်းစားဆုံးဖြတ်ဖို့နဲ့ နိုင်ငံရေးပြစ်မှုကို ရာဇဝတ်မှု အနေနဲ့ အရေးမယူဖို့ ရုံးတော်မှာ တင်ပြချေပခဲ့ပါတယ်။
၁၉၇၄ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းအတည်ပြုတဲ့ အထိမ်းအမှတ်အဖြစ် သေဒဏ်မှ တသက် တကျွန်းဒဏ်ကို ပြောင်းလဲကျခံစေပြီးတဲ့နောက် ၁၉၈၀ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်အရ သခင်စိုးဟာ ပြစ်ဒဏ်မှ လွတ်မြောက်ခွင့်ရခဲ့ပါတယ်။
ဒါပေမယ့် တဖက်မှာတော့ ၁၉၇၀- ၈၀ ထိုဆယ်စုနှစ်အတွင်း ကြီးမားတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ အဆက် မပြတ်ဖြစ် ပေါ်နေတာကြောင့် နိုင်ငံရေးနှင့် ပတ်သက်လို့ သေဒဏ်ပေးမှုတွေ ပြန်လည်ကျင့်သုံးလာတယ် ပြန်ပါတယ်။
ဦးသန့်အရေးအခင်းပါဝင်ခဲ့သူ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးဟာ ၁၉၇၆ခုနှစ် မတ်လမှာ အဖမ်းခံခဲ့ ရပြီး ဇွန်လမှာ ကြိုးပေး အသတ်ခံခဲ့ရသလို ၁၉၇၉ခုနှစ် မှာပဲ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်း၊ သမ္မတ ဦးစန်းယု၊ အမျိုး သားထောက်လှမ်းအဖွဲ့ ထောက်လှမ်းရေးမှူးချုပ် လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုနဲ့ ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး အုန်းကျော်မြင့်ကို သေဒဏ်ချမှတ်ကာ စီရင်ခဲ့ပါ တယ်။
ဒါကြောင့် အဲဒီနှစ်ကာလ အပိုင်းအခြားတွေဟာ နိုင်ငံရေးနှင့် ပတ်သက်သူများကို သေဒဏ်စီရင်တဲ့ နှစ်လို့ ဆိုနိုင်ပါတယ်။
၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နဝတ၊ နအဖအစိုးရ လက်ထက်တွေမှာ နိုင်ငံရေးလှုပ်ရှားသူတွေ စစ် အာဏာရှင် တော်လှန်သူတွေကို သေဒဏ်ချမှတ်တာတွေ ရှိပေမယ့် ဆိုင်းငံ့ထားပြီး လက်တွေ့သတ်ဖြတ်တာမျိုး မရှိခဲ့ပါဘူး။
ဒါဟာ နိုင်ငံရေး ထွက်ပေါက် သို့မဟုတ် ယဉ်ကျေးမှုတခုလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ တွေ့ဆုံ ဆွေးနွေးရေးလိုဟာမျိုး ဖြစ်ပေါ်သလို အရင်စစ်ခေါင်းဆောင်တွေကိုလည်း သေဒဏ်ပေးဖို့ဆိုတဲ့ ကျယ်ကျယ်လောင်လောင် တောင်းဆိုတာတွေ မရှိခဲ့ပါဘူး။
ဒီတကြိမ်မှာတော့ စစ်ကောင်စီရဲ့ ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်ကြောင့် ကြိုးစင်နဲ့ စတဲ့ နိုင်ငံရေးဟာ ကြိုးစင်နဲ့ပဲ အဆုံးသတ်ဖို့ လူထုရဲ့ တောင်းဆိုမှုဟာ ပိုမိုပြင်းထန်လာတာကို တွေ့ရပါတယ်။
You may also like these stories:
ဇူလိုင် ၂၅ က ရိုင်းစိုင်းသော သမိုင်းမှတ်တိုင် စိုက်ခဲ့သည်
စစ်ကောင်စီ ကွပ်မျက်ခြင်းခံလိုက်ရသူ ၄ ဦးထဲက လူသိနည်းသူ ၂ ဦး
သေဒဏ်ချမှတ်ခံထားရသူများအား နေရာရွှေ့ပြောင်း၍ သီးခြားစုစည်းထား