မြန်မာပြည်ထဲ ကိုဗစ်လှိုင်းရိုက်တုန်းက အွန်လိုင်းကနေ စာရေးဆရာ မြသန်းတင့် စာအုပ်အတော်များများကို မှာယူ ဖတ်ဖြစ်ခဲ့တယ်။ အထူးသဖြင့် ငယ်ငယ်က ဟိုတစဒီတစ ဖတ်ခဲ့ရတဲ့ ရှားလော့ဟုမ်း စုံထောက်ဝတ္ထု အတွဲအားလုံးကို မူရင်း ဘဝတက္ကသိုလ်စာပေက မှာယူ ဖတ်ဖြစ်တယ်။
ဒါ့အပြင် လတ်တလော ထွက်လာတဲ့ ဆရာ မြသန်းတင့် စာအုပ်တွေလည်း အလွတ်မပေးဘဲ မှာယူဖတ်တယ်။ စစ်တပ်ကဗြုန်းကနဲ အာဏာကောက်သိမ်းလိုက်တော့ လူက စာလည်းမဖတ်နိုင်ဘဲ ဆွံ့အသလိုဖြစ်သွားခဲ့။
တိုင်းပြည်ကနေ မထွက်မဖြစ်ထွက်ရတော့မယ့် အချိန်ရောက်တော့ တခြားစာအုပ်တွေ ထားခဲ့ရပေမယ့် မြသန်းတင့် စာအုပ်တွေကိုတော့ ကိုယ်နဲ့မကွာ ယူလာခဲ့တယ်။ ဒီထဲ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ထုတ်ဝေခဲ့တဲ့ မြသန်းတင့်ရဲ့ “သူ့လက်ရာ သူ့အယူအဆ သူ့စာပေ သူ့ အတွေးအမြင်” ဆိုတဲ့ စာအုပ်ဖတ်မိရာကနေ ပထမဆုံးသော ခေတ်သစ်ကဗျာကို သွားတွေ့တော့တာပါပဲ။
ဆရာ ဇော်ဂျီရုပ်တု ဖွင့်ပွဲကျင်းပစဉ်အခါက မြသန်းတင့် ပြောခဲ့တဲ့ ဟောပြောချက်ဖြစ်ပြီး “ပိတောက်ပန်းသို့ ဂုဏ်ပြုခြင်း” လို့ နာမည်ပေးထားတယ်။
ဆရာက သိပ္ပံမောင်ဝဟာ ခေတ်စမ်းစကားပြေကို ဦးဆောင်ဖွံ့ဖြိုး တိုးတက်စေသူလို့ ဆိုလိုက်ပြီး ဇော်ဂျီနဲ့ မင်းသုဝဏ်တို့ကတော့ ခေတ်စမ်းစကားပြေရော ခေတ်စမ်းကဗျာကိုပါ စိုက်ပျိုးရုံမက ရှင်သန်အောင် မြေတောင်မြှောက်ပေးခဲ့သူတွေလို့ ပြောတယ်။
ခေတ်သစ် ရုရှားစာပေအကြောင်းပြောရင် ဂေါ်ကီ က “ကျနော်တို့သည် ကုတ်အင်္ကျီမှ ဆင်းသက်လာကြသည်” လို့ ပြောတယ်။ ဒီလိုပဲ။ မြန်မာခေတ်သစ် ကဗျာ အကြောင်းပြောရင် ၁၉ ၂၈ ခုနှစ်မှာ ဇော်ဂျီစပ်ခဲ့တဲ့ ပိတောက်ပန်း ကဗျာဟာ မြန်မာခေတ်သစ်ကဗျာပါလို့ အခိုင်အမာ သက်သေထူတယ်။
ဆရာက သိပ္ပံမောင်ဝဟာ ခေတ်စမ်းစကားပြေကို ဦးဆောင်ဖွံ့ဖြိုး တိုးတက်စေသူလို့ ဆိုလိုက်ပြီး ဇော်ဂျီနဲ့ မင်းသုဝဏ်တို့ကတော့ ခေတ်စမ်းစကားပြေရော ခေတ်စမ်းကဗျာကိုပါ စိုက်ပျိုးရုံမက ရှင်သန်အောင် မြေတောင်မြှောက်ပေးခဲ့သူတွေလို့ ပြောတယ်။
(ရုရှားစာရေးဆရာ ဂိုဂိုလ်းရဲ့ ကုတ်အင်္ကျီဝတ္ထုက ကိုဒါဝတ်ကုတ်အင်္ကျီသမားက ကုတ်အင်္ကျီတပတ်ရစ် အသစ်တထည်ရလိုက်သောအခါ တွေ့ကြုံရပုံနဲ့ ရုရှားရဲ့ ဗျုရိုကရေစီကို လှစ်ပြခဲ့တဲ့ဝတ္ထုပါ)။
ပိတောက်ပန်းကဗျာ မတိုင်မီက မြန်မာကဗျာဟာ ပန်းအကြောင်း တောတောင်ရေမြေ အကြောင်းတွေကိုသာ ရိုးရိုးစင်းစင်းဖွဲ့ခဲ့ကြတယ်။ ဦးကြော့ရဲ့ပိတောက်ပန်း ကဗျာကို သက်သေထူတယ်။
“လတန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ခိုင်ရွှေဝါ
တကယ်တမ်းသာပ
ဘယ်ပန်းသော်စံမတူလို့
နန္ဒမူ ဖန်ဂူရိပ်မှာ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
အေးရိပ်ဆာယာ”
ဦးကြော့ရဲ့ ပိတောက်ပန်းကဗျာက ပန်းကိုဖွဲ့တဲ့ ရသသဘောပါ ကဗျာတပုဒ်သာဖြစ်ပြီး ဇော်ဂျီရဲ့ ပိတောက်ပန်း ကဗျာကတော့ ရသအပြင် ဒဿနသဘောပါ ပါလာတယ်လို့ မြသန်းတင့်က ညွှန်းဆိုပြတယ်။
“မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပ
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို
လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလည်းလေ
လောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ်”
ဒီအပိုဒ်က ဆရာ ဇော်ဂျီရဲ့ နားလည်ခွင့်လွှတ်မှုကို ပြတယ်။ တလောကလုံး ရွှေရည်ဖုံးလွှမ်းတော့မယ်။ ခေါင်းကြွပြီး ဆာဝေဝေနဲ့ ကြွားတော့မယ်။ သူလည်းလေ လောကီသားပေမို့ ကြွားပါစေလို့ စာဆိုက နားလည် ခွင့်လွှတ်ပေးလိုက်တယ်။
“တသိန်တင့်ပါဘိ
တိမ်မြင့်ရီ ပြာပြာက
ကြည်သာသာ
ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ခါ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်”
ပျော်နေမြူးနေတဲ့ ပိတောက်ပန်းတွေကို ကြည့်ပြီး စာဆိုလည်း ပျော်နေမြူးနေတယ်။ သူတပါး ပျော်နေမြူးနေတာကြည့်ပြီး သူတပါးချမ်းသာနေတာကို ကြည့်ပြီး မျှဝေခံစားနိုင်တာဟာ မုဒိတာ ပွားတာပါပဲ။ ကဗျာဒုတိယပိုဒ်ဟာ ဇော်ဂျီရဲ့ မုဒိတာကိုပြတာလို့ မြသန်းတင့်က ဖွင့်ဆိုတယ်။
“တဝါဝါဆင်သင်္ကန်းရယ်နှင့်
ကမ္ဘာမှာ ဘဝင်ချမ်းစေဖို့
သာသနာရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပ သတိဆွယ်
ရည်ရွယ်ရော့သလား”
ပိတောက်ရဲ့အဝါရောင်ထဲမှာ သင်္ကန်းကိုမြင်လိုက်တဲ့ ဆရာ ဇော်ဂျီရဲ့ အမြင်ဟာ ငြိမ်းချမ်းမှုကို လိုလားတဲ့အမြင်။ အကောင်းအမွန်ကိုသာ ကြည့်တတ်တဲ့ ဇော်ဂျီရဲ့ အကောင်းမြင်ဝါဒကို ဖော်ပြနေတယ်လို့ မြသန်းတင့်က သုံးသပ်တယ်။
“ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွဲ့ချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပ
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ”
ရွှေရောင်တွေခြယ်ထားတဲ့ ပိတောက်ပန်းဟာ နှစ်ဦးမှာပွင့်တဲ့ တခြားပန်းတွေလိုပဲ ပန်းပွဲတော်ကြီးမှာ ပါချင်မှာပေါ့။ သွားပြီး မခူးလိုက်ပါနဲ့။
သူ့ခမျာ နှစ်ကုန်ပြီး အတာကူးချိန်မှာပျော်ဖို့ တနှစ်လုံး စောင့်ခဲ့ရတာပါ။
တလောကလုံး ရွှေရည်ဖုံးလွှမ်းတော့မယ်။ ခေါင်းကြွပြီး ဆာဝေဝေနဲ့ ကြွားတော့မယ်။ သူလည်းလေ လောကီသားပေမို့ ကြွားပါစေလို့ စာဆိုက နားလည် ခွင့်လွှတ်ပေးလိုက်တယ်။
ခုလိုအခွင့်ကြုံမှ သူ့ဂုဏ်ပုဒ် ထုတ်ပြရတာမို့ မြူးခွင့်၊ ပျော်ခွင့်၊ ဖူးခွင့်၊ ပွင့်ခွင့်၊ ဝင်းခွင့်၊ ဝါခွင့် ပေးလိုက်ပါလို့ ဆရာ ဇော်ဂျီက ကရုဏာစိတ်၊ စာနာစိတ်နဲ့ ပိတောက်ပန်းဘက်က ရှေ့နေလိုက်ပေးတယ်။ ဒါဟာ ဇော်ဂျီရဲ့ စိတ်ရင်း ဇော်ဂျီရဲ့ စိတ်ဓာတ်ပါပဲလို့ မြသန်းတင့်က ကောက်ချက်ဆွဲတယ်။
ပထမမြန်မာ ခေတ်သစ်ကဗျာ ပိတောက်ပန်းရဲ့ သက်တမ်းက ၉၄ နှစ်ရှိပြီ။ အိုပြီ။
ဒီနေ့ကဗျာတွေက လေးလုံးစပ်ကိုကျော်ပြီး မော်ဒန်၊ ပို့စ်မော်ဒန်၊ ပို့စ်ပို့စ်မော်ဒန်ဆီ သွားနေကြပြီ။ ကာရန်ကို စွန့်ပယ်ပြီး ရစ်သမ်ကို အားပြုကြတယ်။ ခံစားချက်မပါတဲ့ စကားလုံး ကစားတဲ့ကဗျာ ဆိုတာလည်း ဖတ်ရ။ စာပေဆုပင် ရကြ။
သို့သော် အနှီကဗျာတို့ မြစ်ဖျားခံရာ ခေတ်သစ်ကဗျာသည်ကား ဇော်ဂျီရဲ့ ပိတောက်ပန်းလို့ မြသန်းတင့်က ကမ္ဗည်းတင်ခဲ့ဟန်။ ဆရာက ဆရာဇော်ဂျီအပေါ် ဆရာလိုတမျိုး မိတ်ဆွေသဖွယ်တသွယ် လေးစားချစ်ခင်ပုံရတယ်။ ဆရာ ဇော်ဂျီကလည်း စာတွေ အဆက်မပြတ်ရေးနိုင်သူ မြသန်းတင့်ကို လေးစားအားကျခဲ့ပြီး မြသန်းတင့်နဲ့ယှဉ်ရင် သူဟာ ပြောက်ကျား စာရေးဆရာအဆင့်ပါလို့ ထုတ်ပြောခဲ့ဖူးတယ်။
မြသန်းတင့်ရဲ့ “သူ့လက်ရာ သူ့အယူအဆ သူ့စာပေ သူ့ အတွေးအမြင်” စာအုပ်မှာ စာအစုံရေးသွားတဲ့ မြသန်းတင့် လက်ရာတွေကို တဝကြီးဖတ်ရတယ်။
ကျနော်တို့အားလုံး ‘ကုတ်အင်္ကျီမှ ဆင်းသက်လာကြသည်’ လို စာအုပ်အမှာ ရေးထားတာတွေလည်း စုစည်းပေးထားတယ်။ မြန်မာပြည်ရှိ မော်တော်ကားတစီးအကြောင်းလို ပင်ကိုယ်ရေး ဆောင်းပါးတွေကိုလည်း တဝကြီး ဖတ်ရတယ်။
စက္ကူမြင်း တောင်တွင်းရထားလို ပင်ကိုယ်ရေးကဗျာ ပါတယ်။ အင်ပီရီဟိုတယ်လို ဘာသာပြန်ကဗျာ ပါတယ်။ နာမည်ကျော် တမာနုချိန်စာတမ်းလည်း တအောက်မေ့မေ့ပြန်ဖတ်ရတယ်။
သုခမြို့တော်ထဲက စိတ်သတ္တိလို ရှားရှားပါးပါး မြသန်းတင့်အင်တာဗျုးလည်းပါတယ်။ ဇော်ဂျီ ကျနော်နှင့် သီရိပစ္စယာအလွမ်းလို ရုပ်ပုံလွှာအဖွဲ့လည်း ဖတ်ရတယ်။
ကျနော်တို့အားလုံး ‘ကုတ်အင်္ကျီမှ ဆင်းသက်လာကြသည်’ လို စာအုပ်အမှာ ရေးထားတာတွေလည်း စုစည်းပေးထားတယ်။ မြန်မာပြည်ရှိ မော်တော်ကားတစီးအကြောင်းလို ပင်ကိုယ်ရေး ဆောင်းပါးတွေကိုလည်း တဝကြီး ဖတ်ရတယ်။
မိဘုရားစော၊ မောရစ်ကောလစ်နှင့် ကောင်လေးတကောင်လို ခရီးသွားဆောင်းပါးများ၊ ဘာသာပြန် ဝတ္ထုတို သုံးပုဒ်၊ ပင်ကိုယ်ရေး ဝတ္ထုတို နှစ်ပုဒ်။
မြသန်းတင့် လက်ရာစာမျိုးစုံ အပုဒ် ၃၀ တိတိပါဝင်တဲ့ သူ့လက်ရာ “သူ့အယူအဆ သူ့စာပေ သူ့ အတွေးအမြင်” စာအုပ်ကို လရိပ်မွန်စာပေက ထုတ်ဝေတယ်။ မိုးအေးအေးမှာ ကော်ဖီတခွက်နဲ့ အတွေးရွက်လွှင့်လို့ကောင်းတဲ့ စာအုပ်ပါ။
You may also like these stories:
စာပေသူပုန်ကြီး သခင်ကိုယ်တော်မှိုင်း
စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ
စစ်အရာရှိဟောင်းများ သတင်းနှင့် စာပေအဖွဲ့အစည်းများကို ဦးဆောင်မည်