ကလေးသတ်ပွဲလို့ ပြောရလောက်အောင် အညှာအတာကင်းတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ လက်ယက်ကုန်းရွာ ဖြစ်စဉ်ဟာ မတ်လ ၁၆ ရက်နေ့က ခြောက်လတိတိ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
ရက်စက်ပြင်းထန်တဲ့ လေကြောင်းပစ်ခတ်မှုတွေအကြား နာကျင်စွာ အသက်လုအော်ဟစ်နေခဲ့ရတဲ့ လူမမယ်ကလေးငယ် တွေရဲ့ အသံတွေဟာ ခြောက်လတိုင်ခဲ့ပြီဖြစ်ပေမယ့် လက်ယက်ကုန်းရွာဒေသခံတွေအဖို့ မနေ့တနေ့ကလို ကြားယောင် မြင်ယောင်ရင်း နာကျင်ခံစားနေကြရဆဲပါ။
လက်ယက်ကုန်းကျေးရွာဟာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ရဲ့ အရှေ့စူးစူး ၅ မိုင်ကျော်အကွာမှာရှိပြီး ဒေသခံတွေဟာ မူးဘောင် လို့ခေါ်တဲ့ ဆည်မြောင်းလက်တက်နှစ်ခုကြား စိုက်ပျိုးရေးနဲ့ အဓိကအသက်မွေးကြသူတွေ ဖြစ်ပါတယ်။
အိမ်ခြေ ၃၇၀ ကျော်ရှိပြီး လူဦးရေ ၁၆၀၀ နီးပါးနေထိုင်တဲ့ ဒီရွာလေးမှာ ကလေးငယ်တွေဟာ အရင်ကတော့ လွတ်လွတ် လပ်လပ် ပျော်ရွှင်စွာ ပညာသင်ခဲ့ကြပေမယ့် စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းပြီးတဲ့နောက် ဘဝမှာမမေ့နိုင်စရာ ၊ စိတ်ထိခိုက်နာကျင်စရာ ဖြစ်ရပ်ဆိုးကြီးကို လက်ယက်ကုန်းရွာသားတွေ ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက် အဲ့ဒီနေ့က မွန်းလွဲကျောင်းတက် ခေါင်းလောင်းထိုးအပြီး ရွာဘုန်းကြီးကျောင်းဝင်း အတွင်းမှာရှိတဲ့ ကျောင်းဆောင်လေးထဲ ကလေးငယ်များအားလုံး စုရုံးနေချိန် ရုတ်တရက်ဆိုသလို ရုရှားလုပ် Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ရောက်လာခဲ့ပြီး ကလေးတွေရှိနေတဲ့ ကျောင်းအဆောင်တွေကို အညှာအတာကင်းမဲ့စွာ တရစပ် ပစ်ခတ် တိုက်ခိုက်နေခဲ့ပါတယ်။
မမျှော်လင့်ဘဲ တိုက်ခိုက်ခံရချိန် သွေးအလိမ်းလိမ်း ဒဏ်ရာတွေနဲ့ လူမမယ်ကလေးတွေရဲ့ နာကျင်အော်ဟစ် ညည်းညူသံ တွေ၊ သားသမီးဇောနဲ့ ငိုယိုပြေးလွှားပြီး မိမိရင်သွေးကို ရှာတဲ့ မိဘဆွေမျိုးတွေရဲ့ အော်သံတွေဟာ ကမာ္ဘပျက်နေသလိုပါပဲ။
ရဟတ်ယာဉ်နဲ့ တိုက်ခိုက်အပြီး မြေပြင်က ထပ်မံဝင်လာတဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအချို့ သေဆုံးခဲ့ရာမှာ ကလေးငယ် ၅ ဦးအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
ဒီဖြစ်စဉ်မှာ စာသင်ကျောင်းအတွင်း စာသင်နေကြတဲ့ ကလေးငယ်တွေထဲက မောင်ဘုန်းတေဇ (၇နှစ်)၊ မစုရတီလှိုင် (၇ နှစ်)၊ မဇင်နွယ်ဖြိုး(၇ နှစ်)၊ မဝင်းဝင်းခိုင်(၁၁ နှစ်)၊ မောင်ဇင်ကိုဦး(၁၄ နှစ်)တို့ ကျည်ထိမှန်ကာ သေဆုံးခဲ့ကြရပါတယ်။
မောင်ဘုန်းတေဇရဲ့ မိခင်ကတော့ “နေ့နေ့ညည သူအော်ခေါ်တဲ့ အသံလေးကို အခုထိကြားနေရတုန်းပဲ၊ တနေ့တနေ့ ဟို နေရာ လေယာဉ်နဲ့ ပစ်ပြန်ပြီ၊ ဒီနေရာ လေယာဉ်နဲ့ပစ်ပြန်ပြီ ကြားတိုင်းလည်း သားလေးမျက်နှာကို ပြေးမြင်နေတယ်၊ ကလေးတွေမြင်တိုင်းလည်း သားလေးကို သတိရနေတယ်” လို့ပြောရင်း ဆို့နင့်လို့ နေပါတယ်။
အဲဒီတုန်းက ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတဲ့ ဒဏ်ရာနဲ့ ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံအများစုဟာ ပြန်လည်လွတ် မြောက်လာခဲ့ကြပေမယ့်လည်း ကျောင်းဆရာတဦးနဲ့ အရပ်သားတဦးကတော့ ဒီနေ့တိုင် ရေဦးရဲစခန်းအချုပ်မှာ ချုပ်နှောင်ခံထား ရဆဲလို့ ဒေသခံတွေက ပြောပါတယ်။
ဒီလိုကလေးငယ်တွေနဲ့ အရပ်သားတွေကို အကြမ်းဖက်သတ်ဖြတ်သူတွေဟာ စစ်ကိုင်းတိုင်း ကလေးမြို့အခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ ၁၀) လက်အောက်ခံ ဖောင်းပြင်မြို့နယ်က ခြေမြန်တပ်ရင်း ၃၆၈ တပ်ဖွဲ့ဝင် တွေဖြစ်တယ်လို့ အမျိုး သားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ပါတယ်။
ကလေးငယ်တွေ သေဆုံးမှုကို ဖုံးကွယ်လိမ်ညာခဲ့တဲ့ စစ်ကောင်စီဟာ လက်ယက်ကုန်းရွာလေး အပေါ်မှာ အငြိုးထားကာ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်တာကို တွေ့ရပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထပ်မံရောက်လာပြီး အိမ် ၁၉၉ လုံးအပါအဝင် စားနပ် ရိက္ခာနဲ့ ဆန်စပါးတွေ မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး ဒေသခံတွေလည်း ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရတယ်လို့ ဆရာမ ဒေါ်အေးမာ ဆွေက ပြောပါတယ်။
ဆရာမ ဒေါ်အေးမာဆွေဟာ ကလေးငယ်တွေကို စစ်ကောင်စီက ရဟတာ်ယာဉ်နဲ့ပစ်ခတ်သတ်ဖြတ်ခံရစဉ်က ကလေးတွေ နဲ့ အတူရှိနေခဲ့တဲ့ သူဖြစ်ပါတယ်။
မောင်ဘုန်းတေဇရဲ့ မိခင်ဟာ ကလေးတွေကို စာသင်ကျောင်းပို့ဖို့ဆိုတာနဲ့ ပတ်သက်ရင် စိတ်ဒဏ်ရာရနေတာကြောင့် ၁၆ နှစ်အရွယ် သမီးကြီးဖြစ်သူနဲ့ အတူ ရွယ်တူ ကလေးငယ်တွေကို အိမ်မှာပဲစုကာ စာသင်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောက်ထားတဲ့ အဖီလေးဟာလည်း ဒီတကြိမ် စစ်ကောင်စီတပ်က မီးရှို့တော့ ပါသွားခဲ့ပြန်ပါတယ်။
မောင်ဘုန်းတေဇရဲ့ မိခင်က “တယောက်ဆုံးရှုံးပြီးသွားတော့ ကျောင်းပို့ဖို့ကို စိတ်မချလို့ အိမ်မှာပဲ စုသင်မယ်ဆိုပြီး စပါး ထည့်တဲ့အဆောင်ဘေး အဖီလေးလုပ်ထားတာ၊ မီးဝင်ရှို့ တော့ ပါသွားပြီ၊ အခုတော့ ကျောင်းမှာပဲ စုပြီးသင်နေရတယ်၊ သူတို့လာရင်တော့ ထွက်ပြေးရတာပါပဲ”လို့ ဆိုပါတယ်။
ဒီလိုရွာမီးရှို့ခံရပြီး တလကျော်အကြာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ရွာကို ထပ်မံရောက်လာ ပြီး မီးရှို့ပြန်ပါတယ်။
အကြိမ်ကြိမ် စစ်ကြောင်းထိုး မီးရှို့ အကြမ်းဖက်ခံနေရတဲ့ လက်ယက်ကုန်းရွာသားတွေဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာပါ အပြင်းအထန် ထိခိုက်နာကျင်ကြရပေမယ့် လက်မလျော့ဘဲ ကလေးတွေ ပညာရေးအတွက် စာကို ဆက်လက် သင်ကြားပေးနေကြဆဲ ဖြစ်ပါတယ်။
ဆရာမ ဒေါ်အေးမာဆွေက “ရှို့တော့မှရှို့၊ ထိုင်နေလို့မှ မဖြစ်တာ၊ မီးရှို့တာလည်း စပါးတွေပါ ကုန်တာပဲ။ အန္တရာယ်ကြားကပဲ လုပ်ကိုင်စားရမှာပဲ။ မလုံခြုံတာကို အကြောင်းပြပြီး ငုတ်တုပ်ထိုင်နေလို့ ကျမတို့ကလေးတွေ စာတတ်မှာမဟုတ်ဘူး။ မလုံခြုံတာတော့ မြန်မာနိုင်ငံ ဘယ်နေရာမှ၊ ဘယ်ကလေးမှ၊ ဘယ်လူကြီးမှ မလုံခြုံဘူး။ လုံခြုံတဲ့အခြေအနေဆို စာသင် မယ်၊ မလုံခြုံရင် ထပြေးမယ်ဆိုပြီး သင်နေရတာပဲ” လို့ ဆိုပါတယ်။
စာသင်နေကြတဲ့ ကလေးငယ်တွေထဲမှာ ရဟတ်ယာဉ်နဲ့တိုက်ခိုက်စဉ်က ဒဏ်ရာတွေရတဲ့သူတွေ ပါသလို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားပြီးမှ ပြန်လွတ်လာကာ နောက်ဆက်တွဲကုသမှုခံယူနေရဆဲ ကလေးငယ်နှစ်ဦးလည်း ပါဝင်ပါတယ်။
ဆရာမ ဒေါ်အေးမာဆွေက “စာသင်နေပေမယ့် လေယာဉ်သံကြားရင် ကလေးတွေက တအားကြောက်ကြတာ၊ အဲဒီအချိန် ဆို တအားထိန်းရခက်တယ်။ ကလေးတွေက၊ တကယ့်အန္တရာယ်ကြီး သူတို့အပေါ် ရောက်လာတော့မယ့်ပုံနဲ့ တချို့ကလေး ဆို တုန်နေတယ်၊ တခါတလေဆိုရင် မေ့တောင်လဲတယ်။ အခုလည်း တခြားရွာတွေကို လေယာဉ်တွေနဲ့ ဝဲဝဲပြီး ပစ်နေတဲ့ အခါကျတော့ ကိုယ့်ရွာတွေကို ဖြတ်ဖြတ်သွားတဲ့အခါကျတော့ အဲဒီအသံကြီး ကြားရင် ကလေးတွေမှ မဟုတ်ဘူး၊ ကျမတို့ လည်းကြောက်တယ်” လို့ ပြောပါတယ်။
အခုတော့ လက်ယက်ကုန်းရွာလေးဟာ မီးလောင်ပြင်ထဲက ပြာပုံတွေ၊ ကလေးတွေရဲ့ရယ်သံတွေပျောက်ဆုံးသွားတဲ့ မိသားစုတွေ၊ လူမစုံတော့တဲ့ မိသားစုတွေနဲ့ ဒဏ်ရာတွေကြားထဲမှာ ဆက်လက်ရုန်းကန်နေရပါတယ်။
ဆရာမက “ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကို ကုသဖို့ ဆိုတာက ဒီတော်လှန်ရေးအောင်မြင်မှ၊ ဒီစစ်အာဏာ ရှင်ပြုတ်ကျမှ အထိရောက်ဆုံး ဖြစ်မယ်၊ စစ်အာဏာရှင် မကျဆုံးမချင်း ဘယ်လိုကုကု မရဘူး။ ဒီမိုကရေစီမရမချင်း ကုလို့ပျောက်မှာ မဟုတ်ဘူး” လို့လည်း ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ ဒီလိုအဖြစ်ဆိုးတွေနဲ့ သေကြေမှုကို ခံစားနေကြတာ လက်ယက်ကုန်းရွာ တခုတည်း မဟုတ်ဘဲ နိုင်ငံရဲ့ နေရာတော်တော်များများမှာလည်း ဒီလို ဖြစ်ရပ်တွေက နေ့စဉ်လိုလို ကြုံတွေ့ခံစား နေကြ ရတာ ဖြစ်ပါတယ်။
ခုခံမှုအားကောင်းတဲ့ ကယားပြည်နယ်(ကရင်နီပြည်)မှာဆိုရင်လည်း သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်အရပ်သားတွေထဲ ကလေးသူငယ်က ၃၅ ရာခိုင်နှုန်းအထိ ရှိနေပြီး စစ်ကောင်စီရဲ့ ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ အာဟာရမပြည့်ဝမှု၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှု၊ ကူးစက်ရောဂါ ကာကွယ်ဆေးမထိုးရမှု၊ စားနပ်ရိက္ခာမလုံလောက်မှုတွေကြောင့် အသက်ကို တိုက်ရိုက်ခြိမ်းခြောက်ခံနေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားက ထောက်ပြပါတယ်
“အစိုးရဖြစ်စေ၊ မည်သည့်အစုအဖွဲ့ဖြစ်စေ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ ကလေးတွေရဲ့ အသက်အန္တရာယ်ကို အာမခံ ရမယ်ဆိုတာ ရှင်းရှင်းလေးဖြစ်တယ်၊ ပိုဆိုးတာက စစ်ကောင်စီကနေ ကလေးတွေကို အန္တရာယ်ဖြစ်စေမယ့် လုပ်ဆောင်မှု တွေ အများကြီးလုပ်နေတယ်၊ ဒီလုပ်ရပ်တွေက နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရိုက်ချိုးတာပဲ၊ ဒီကလေးတွေကမှ တဆင့် နိုင်ငံကို ထူထောင်ရမယ့်ကိစ္စဖြစ်လို့ အနာဂတ်နိုင်ငံတော်ကို ဖျက်ဆီးနေတဲ့ လုပ်ရပ်တခုလို့မြင်ပါတယ်” လို့ ပြောပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီအရင်ခံစာတင်သွင်းသူ မစ္စတာ တွမ်အင်ဒရူးကလည်း ကလေးငယ်တွေအပေါ် မညှာမတာ တိုက်ခိုက်မှုတွေဟာ စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေကို အကြီးအကျယ် ဆုံးရှုံးအောင် လုပ်လိုတဲ့သဘောထားကို မီးမောင်းထိုးပြနေတာဖြစ်ပြီး ကလေးငယ်တွေဟာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ် ထားခံနေရတယ်လို့ ပြီးခဲ့တဲ့နှစ် ဇွန်လအစီအရင်ခံစာ တင်သွင်းရာမှာ ဆိုထားပါတယ်။
၎င်းက “စစ်ကောင်စီက ကလေးငယ်တွေကို တိုက်ခိုက်တာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်ပါတယ်” လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အသက် ၁၈ နှစ်အောက်ကို ကလေးသူငယ်အဖြစ် သတ်မှတ် ပြဌာန်းထားသလို ကုလသမဂ္ဂရဲ့ ကလေး သူငယ်များ အခွင့်အရေးဆိုင်ရာစာချုပ်(CRC)ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။
ဒါပေမယ့်လည်း စစ်ကောင်စီကိုယ်တိုင်က ကာကွယ်စောင့်ရှောက်ရမယ့်အစား ကလေး သူငယ်တွေအပေါ် သတ်ဖြတ်မှု တွေ၊ မတရားဖမ်းဆီးချုပ်နှောင်တာတွေ ပြုလုပ်နေပြီး အာဏာသိမ်းတဲ့၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နေ့ကနေ ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့အထိ စစ်ကောင်စီရဲ့ အမျိုးမျိုးသော အကြမ်းဖက်မှုတွေကြောင့် ကလေးသူငယ်ပေါင်း ၃၁၃ ဦး သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးခံရသူ ကလေးငယ် ၄၁၃ ဦးရှိခဲ့တဲ့အနက် ၃၃၁ ဦးမှာ လက်ရှိအချိန်ထိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်းလည်း NUG က ထုတ်ပြန်ထားပါတယ်။
NUG ကလေးသူငယ်ရေးရာဌာနမှူး ရိုစလင်းက ” ကလေးတွေဆိုတာက တကယ့်ကို ကူရာကယ်ရာမဲ့တယ်။ ဒီလို ကလေး တွေ အပေါ်မှာတောင်မှ လူသားချင်းဆိုင်ရာ ဆေးကုသခွင့်တွေ၊ ထောက်ပံ့ခွင့်တွေကို ငြင်းပယ်ခံရတယ်။ အဲဒီအတွက် စစ်ကောင်စီက အကုန်လုံး ကို ချိုးဖောက်နေတာပဲ၊ ကျူးလွန်တာတောင်မှ အကြိမ်ကြိမ်အခါခါ နိုင်ငံအနှံအပြားမှာ ဖြစ်နေ တာပါ”လို့ ပြောပါတယ်။
အပြန်အလှန်အားဖြင့် စစ်ကောင်စီကလည်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) အပါအဝင် သူတို့ကိုခုခံနေတဲ့ အဖွဲ့အစည်း တွေရဲ့ လုပ်ရပ်ကြောင့် နှစ်နှစ်ကျော်အတွင်း ကလေးသူငယ် ၁၄၃ ဦးသေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာသူ ၁၅၁ ဦး ရှိခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်မှာ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မှာ ဖော်ပြစွပ်စွဲထားပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်က ဘယ်လောက်ထိမှန်ကန်နိုင်မလဲဆိုတာ သံသယဖြစ်စရာရှိပေမယ့် ကလေးသူငယ်တွေ ဟာ အသက်ဘေးနဲ့ နေ့စဉ်နေ့တိုင်း ရင်ဆိုင်နေရသလို ထိခိုက်သေဆုံးမှု အရေအတွက်တွေဟာလည်း မြေပြင်စာရင်းအရ ပိုများနိုင်တယ်ဆိုတာ ငြင်းလို့မရပါဘူး။
UNICEF (ယူနီဆက်)အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေဟာ မြန်မာကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုနှေးကွေးနိမ့်ကျတာ၊ ကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ်နိုင်တဲ့ ကူးစက်ရောဂါတွေဖြစ်ပွားမှု မြှင့်မားလာနိုင်တာ၊ ကျန်းမာရေးစောင့်ရှောက်မှု မရတာတွေကို စိုးရိမ်တကြီး ထောက်ပြ သတိပေးနေ ကြသလို မြန်မာကလေးငယ် ၅ သန်းကျော်ဟာ လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတယ် လို့လည်း ဆိုကြပါတယ်။
စစ်ကောင်စီရဲ့ ကလေးသူငယ်တွေအပါအဝင် ပြည်သူတွေအပေါ် အကြမ်းဖက် သတ်ဖြတ် ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးအထိ အပြစ်ပေးအရေးယူနိုင်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက် ကြိုးပမ်းနေတယ်လို့ NUG က ဆိုပါတယ်။
ပုံမှန်အားဖြင့် ပြစ်မှုကျူးလွန်သူတွေကို နိုင်ငံတကာ တရားစီရင်မှုနဲ့ အရေးယူနိုင်ရေး ကြိုးပမ်းရာမှာ အချိန်ကာလအားဖြင့် ကြာမြင့်လေ့ရှိပါတယ်။ ကြီးမားတဲ့ ပြစ်မှုကျူးလွန်မှုတွေကို စုံစမ်းဖော်ထုတ်နေတဲ့ Independent Investigative Mechanism for Myanmar (IIMM)လို အဖွဲ့အစည်းတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ ကျူးလွန်မှု သက်သေ အထောက်အထားပေါင်း သန်းနဲ့ချီ ရှိထားသော်လည်း ထိုအချက်တွေအသုံးပြုကာ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အပြည်ပြည်ဆိုင်ရာ တရားခုံရုံးတွေမှာ တရားစွဲတင်နိုင်ရေးမှာ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။
လက်တွေ အပြစ်ပေး အရေးယူနိုင်တဲ့ အခြေအနေ မရောက်သေးပေမယ့် စုံစမ်းတွေ့ရှိထားတဲ့ အချက်အလက်၊ သက်သေတွေဟာ ကုလလသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စဉ်းစားမှုတွေ၊ ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေမှာ သက်ရောက်မှုတွေ ရှိနေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
NUG ကလေးသူငယ်ရေးရာဌာနမှူး ရိုစလင်းက “အတိုင်းအတာတခုအထိတော့ ကြာပါတယ်၊ စစ်ကောင်စီက ဘယ်လို နည်းနဲ့မဆို သူတို့ ပြန်ပြီးတော့ တရားမျှတမှုအတွက် ပြန်လည်ပေးဆပ်ရမှာပါ။ ဒါနဲ့ ပတ်သက်ပြီး ကျူးလွန်ခဲ့တာတွေ အကုန်လုံး၊ လူတွေခံစားခဲ့ရတဲ့ဟာတွေ အတွက် သူတို့သည် အပြည်ပြည်ဆိုင်ရာ တရားစီရင်မှုမှာ စီရင်ခံစားရမယ့်နေ့ဟာ အနှေးနဲ့အမြန်လာတော့မှာ။ အဲဒီအတွက် မဖြစ် ဖြစ်အောင်လည်း လုပ်နေပါတယ်” လို့ ပြောပါတယ်။
ဒီလိုနိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ ကြန့်ကြာနေတဲ့ တရားစီရင်ရေး ယန္တရားတွေ ပိတ်ဆို့ အရေးယူမှုတွေဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်ရက်စက်မှုတွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကြုံတွေ့ခံစားနေရတဲ့ ကလေးသူငယ်တွေနဲ့ စစ်ဘေးရှောင်ပြည်သူ တွေရဲ့ နာကျင်မှုနဲ့ စိတ်ဒဏ်ရာတွေအပေါ် ကုစား မပေးနိုင်တာကြောင့် လက်တွေကျပြီး ထိရောက်တဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေပေးဖို့ကိုသာ ပြည်သူတွေက ပြင်းပြင်းထန်ထန် တောင်းဆိုနေကြတာပါ။
“ဒါက ပြည်တွင်းရေးဆိုပြီး မလွှဲချကြပါနဲ့တော့ တဖက်သတ် လူမျိုးတုန်း သတ်ဖြတ်နေတာ လက်နက်မဲ့လူထုကို တဖက် သတ်အနိုင်ကျင့်နေတာပါ။ မြန်မြန် မကူညီရင် လူထုဟာ ဇကာတင်ပဲ ကျန်လိမ့်မယ်၊ ကံကောင်းတဲ့သူပဲ အသက်ရှင် လိမ့် မယ်”လို့ လက်ယက်ကုန်းမှာ သေဆုံးခဲ့ရသူ မောင်ဘုန်းတေဇရဲ့ မိခင်ကတော့ နိုင်ငံတကာ တာဝန်ရှိသူတွေကို အခုလို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
You may also like these stories:
စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု
ကလေးများ ပြန်ပြောပြသော လက်ယက်ကုန်း လူသတ်ပွဲ
မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးများ လူသတ် စစ်ကောင်စီကို တရားဝင်မှုပေးနေ
ကလေးငယ်များကို သတ်ဖြတ်မှုအပေါ် နိုင်ငံတကာအဖွဲ့များ နှုတ်ဆိတ်နေဟု ဝေဖန်