၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံသည့် ဇာတ်ဝင်ခန်းပါသော အဆိုတော်ယုန်လေး ရိုက်ကူးခဲ့သော “ငါတို့အားလုံးရဲ့မြေ” MTV သီချင်းကို မှတ်မိကြဦးမည်။
ဇာတ်လမ်းက ဒေါ်အောင်ဆန်းစုကြည် အစည်းအဝေး လုပ်နေချိန် အကြမ်းဖက်သမားတွေ ရောက်ရှိလာပြီး ဝင်ရောက် တိုက်ခိုက်ကြသည့်အခါ ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်များက ကာကွယ်ပေးသော်လည်း မနိုင်ဘဲ ဖြစ်နေချိန် တပ်မတော်က အချိန်မီ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်လိုက်သည့် MTV ဖြစ်သည်။
ထိုအချိန်က ဆိုရှယ်မီဒီယာတွင် ဝေဖန်မှုများ အုံးအုံးထခဲ့ပြီး အဆိုပါ MTV သီချင်း ရိုက်ကူးရေး သူ့ကိုယ်ပိုင်စိတ်ကူးသာ ဖြစ်ပြီး ဘယ်သူထံကမှ ပိုက်ဆံတကျပ်မှ မရခဲ့ဟု အဆိုတော်ယုန်လေးက မီဒီယာအချို့မှာ ဖြေကြားခဲ့သည်။ သို့သော် ယုန်လေး ကျပ်သိန်း ၂ ထောင်ရရှိခဲ့သည်။
ငါတို့အားလုံးရဲ့မြေ MTV သီချင်း ရိုက်ကူးရန်အတွက် စစ်တပ်က ယုန်လေးအား ကျပ်သိန်း ၂ ထောင် ပေးအပ်ခဲ့ကြောင်း NLD အစိုးရ လက်ထက်တွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုအချိန်က စုံစမ်းထောက်လှမ်းခဲ့ရသော အရာရှိကြီးတဦးက ဧရာဝတီကို ပြန်ပြောင်းပြောပြသည်။
NLD အစိုးရ လက်ထက် နိုင်ငံအကြီးအကဲများထံ တင်ပြခဲ့သော အစီရင်ခံစာတွင် “ယုန်လေး၏ MTV အား ကျပ်သိန်း ၂ ထောင်ကို ဗိုလ်မှူးချုပ် ကျော်မိုးသက်က ထောက်ပံ့ပေးခဲ့ကြောင်း ၎င်းကိုယ်တိုင် နှုတ်ဖြင့် ပြောကြားသည်။ ယင်း MTV မှာ လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက ရည်ရွယ်ချက်ရှိရှိ ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်”ဟု ရေးသားခဲ့ကြောင်း ယခုအခါ CDM ပြုလုပ်လာပြီဖြစ်သည့် အဆိုပါ အရာရှိက ဆိုသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမီးနှင့် ACE ကုမ္ပဏီ ပိုင်ရှင်၏ သားဖြစ်သူ စံကိုကိုတင်ဆန်းတို့ ပူးတွဲ တည်ထောင်ထားသောလုပ်ငန်း ဖြစ်သည့် 7Sence ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ပေးခဲ့သည်။
ယုန်လေးသည် အဆိုပါ ငွေကျပ်သိန်းနှစ်ထောင်ကို ဗိုလ်မှူးချုပ် ကျော်မိုးသက်ဆီကယူရန် ရန်ကုန်မှ နေပြည်တော်သို့ လေယဉ်ဖြင့် လာရောက်ခဲ့သည်။
ဗိုလ်မှူးချုပ်ကျော်မိုး သက်ဘယ်သူလဲ
ယုန်လေးအား MTV ရိုက်ကူးရန် ငွေကျပ်သိန်း ၂ ထောင်ပေးသော ဗိုလ်မှူးချုပ် ကျော်မိုးသက်မှာ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ် (လေ) အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ အသက် ၅၆ နှစ်အရွယ်ရှိသော ဗိုလ်မှူးချုပ်ကျော်မိုးသက်မှာ စစ်တပ်တက္ကသိုလ်အပတ်စဉ် ၃၀ (DSA-30) ကျောင်းဆင်းတဦး ဖြစ်သည်။ လေတပ် အသိုင်းအဝိုင်းတွင် ဗိုလ်မှူးချုပ် ကျော်မိုးသက်အား “ကျားမှုန်”ဟု နာမည်ပေးထားကြသည်။
“ကျားမှုန်ဆိုတာ သူက ယောက်ျားလေးတွေဆိုရင် မမြင်တော့ဘူး။ မိန်းကလေးတွေပဲ မြင်လို့ ကျားမှုန်လို့ နာမည်ပေးထားတာ”ဟု တပ်မတော်(လေ)မှ စစ်တပ် အရာရှိတဦးက ဆိုသည်။
ဗိုလ်မှူးချုပ် ကျော်မိုးသက်သည် ၂၀၀၀ ခုနှစ်တွင် မန္တလေးတိုင်း၊ တံတားဦး လေတပ်ဆွယ်တွင် ဗိုလ်မှူး ရာထူးဖြင့် A-5 တိုက်လေယာဉ်အုပ် တာဝန်ယူခဲ့ပြီး ဗိုလ်မှူးကြီးရာထူးဖြင့် နမ့်စန် လေတပ်စခန်း ဌာနချုပ်မှူး (တပ်နယ်မှူး) အဖြစ် ၂၀၁၆ ခုနှစ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
“သူက ဘယ်မှာ စပြီး အောင်မြင်သွားလဲဆိုတော့ တံတားဦးမှာ A – 5 လေးစီးရတာ။ တံတားဦး တပ်ဆွယ်မှာ A – 5 ၄ စီးကို ဗိုလ်မှူးဘဝနဲ့ အုပ်ချုပ်ရတာ အဲဒီမှာ ပိုက်ဆံက အများကြီး ရသွားတာ”ဟု အမည်မဖော်လိုသူ လေကြောင်းရန်တပ်မှ CDM လုပ်လာသူ အရာရှိတဦးက ဆိုသည်။
တံတာဦး လေတပ်ဆွယ်၏ လေယဉ်အုပ်မှူးသည် တခြားသော လေယဉ်အုပ်မှူးများကဲ့သို့ လေတပ်ဌာနချုပ်မှူး ဒုတိယ လေတပ်ဌာနချုပ်မှူးများအား ခွဲတမ်းပေးရသည့်နေရာ မဟုတ်သည့်အတွက် အဆိုပါအုပ်မှူး တာဝန်ယူသူများမှာ တခြားအုပ်မှူး များထက် ငွေကြေး ပိုမိုချမ်းသာကြသည်။
ဗိုလ်မှူးချုပ် ကျော်မိုးသက်နှင့် ပတ်သက်၍ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးထံပေးပို့ခဲ့သော အစီရင်ခံစာတွင် “ဇနီးသည်မှာ ၎င်းထက် အသက် ၁၆ နှစ်ကြီးပြီး သီးခြားအလုပ်အကိုင်မရှိဟု သိရပါသည်။ မန္တလေးတွင်လည်းကောင်း၊ တံတားဦးတွင်လည်းကောင်း သိန်းသောင်းနဲ့ချီသော မြေကွက်များလည်း ပိုင်ဆိုင်သည်”ဟု ရေးသားထားသည်။
“သူက လူကြီးနဲ့နီးစပ်တယ်။ စစ်တပ်ကို ဝါဒဖြန့်ချီရေးကို လုပ်ပေးတာ မျက်နှာလိုချင်လို့ပါပဲ။ လေချုပ်ဖြစ်ချင်တာ။ ဒါပေမဲ့ ဖြစ်ဖို့မလွယ်တော့ဘူး။ မျက်နှာလိုချင်တာ တပ်လော်ဘီ လုပ်တာ။ တပ်ချုပ်နဲ့ရင်းနှီးတယ်။ သူက တကယ်ဝှက်ဖဲပဲ” ဟု လေကြောင်းရန် အရာရှိချုပ်ရုံးမှ CDM ပြုလုပ်လာခဲ့သူ အရာရှိတဦးကလည်း မှတ်ချက်ပြုသည်။
ဗိုလ်မှူးချုပ် ကျော်မိုးသက်နှင့် ပတ်သက်သော အစီရင်ခံစာတွင် လေကြောင်းရန် အရာရှိချုပ် (လေ) ရာထူးမှာ ၎င်းအတွက် ဂိတ်ဆုံးရာထူးဖြစ်ပြီး ၎င်း၏ အသက်မှာ ၅၆ နှစ် ပတ်ဝန်းကျင်ရှိပြီဖြစ်ရာ တပ်မှ အငြိမ်းစားယူချိန်တွင် နိုင်ငံရေး နယ်ပယ်တွင် ဝင်ရောက်ပတ်သက်လိုသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းပေလော စဉ်းစားဖွယ်ရာ ဖြစ်သည်ဟုလည်း ပါရှိသည်။
ငွေကြေးအင်အားချမ်းသာသော ဗိုလ်မှူးချုပ် ကျော်မိုးသက်သည် ယုန်လေးအပြင် တခြားသော အနုပညာရှင်များကိုလည်း စပွန်ဆာပေးနေသည်။ လာမည့်သင်္ကြန်ပွဲတော်တွင် အချို့သော ဖျော်ဖြေရေးပွဲများကို အဆိုတော် ယုန်လေးက စီစဉ်နေပြီး သူ့နောက်တွင် ဗိုလ်မှူးချုပ် ကျော်မိုးသက်မှာ ရှိနေသေးသည်ဟု စုံစမ်းသိရှိရသည်။
You may also like these stories:
စစ်အာဏာသိမ်းမှုအောက်က တော်လှန်အနုပညာရှင်များ
မြန်မာ့တော်လှန်ရေးကို နယူးယောက်ဖက်ရှင်ပွဲသို့ ရောက်စေသူ ဒီဇိုင်နာ အင်ကြင်းစံ
ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာနဲ့ တော်လှန်တဲ့ တော်လှန်ရေးဖြစ်ဖို့ အမြဲလိုလားပါတယ်
ပန်းချီကားတွေထဲက ရှင်သန်ဆဲ နွေဦးတော်လှန်ရေး