အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနှင့် PVTV (Public Voice Television) တို့ ပူးပေါင်းဖန်တီး ထားသည့် “တော်လှန်ရေးဆိုသည်မှာ…” ရုပ်သံအစီအစဉ်ကို ပြီးခဲ့သည့် ဧပြီ ၃ ရက်မှ စတင်ကာ PVTV နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသလျက် ရှိသည်။
ယင်းအစီအစဉ်တွင် သရုပ်ဆောင် ဒေါင်း၊ ခန့်နှင့် သွန်းတို့ ပါဝင်ထားပြီး ကမ္ဘာ့သမိုင်းထဲက သင်ခန်းစာ ယူစရာ၊ နမူနာ ယူစရာ တော်လှန်ရေးများအကြောင်းကို ဗိုလ်ကြီးစနေနှင့် PDF ရဲဘော်တို့သည် တောတောင်ထဲက မီးပုံနံဘေးစကားဝိုင်း တွင် အပြန်အလှန် ဆွေးနွေးမေးမြန်းထားသည့်ပုံစံဖြင့် ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။
အဆိုပါ “တော်လှန်ရေးဆိုသည်မှာ…” ရုပ်သံ အစီအစဉ်နှင့် ပတ်သက်၍ ဖန်တီးဖြစ်ပုံ၊ ထုတ်လွှင့်ပြသသည့် ရည်ရွယ်ချက် နှင့် ဆက်လက် ပြသသွားမည့် အပိုင်းသစ်များအကြောင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန် ဦးနိုင်ထူး အောင်ထံ ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ ပထမဆုံး ဒီ “တော်လှန်ရေးဆိုသည်မှာ” အစီအစဉ်ကို NUG အစိုးရနဲ့ PVTV တို့ ပူးပေါင်းဖန်တီးဖြစ်ပုံ သိချင်ပါ တယ်။
ဖြေ ။ ။ MOD (ကာကွယ်ရေးဝန်ကြီးဌာန) အနေနဲ့ ပြည်သူလူထုကို စောင့်ရှောက်တဲ့အလုပ်ကို လုပ်နေရင်းနဲ့ပဲ တဖက် ကလည်း တော်လှန်ရေးကို အမုန်းတွေ၊ အာဃာတတွေနဲ့ လုပ်တာမဟုတ်ဘဲ ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာနဲ့ တော်လှန်တဲ့ တော်လှန်ရေးဖြစ်ဖို့ အမြဲလိုလားပါတယ်။ PVTV အနေနဲ့လည်း ပြည်သူ့ဘက်တော်သား အနုပညာရှင်တော်တော်များများနဲ့ ချိတ်ဆက်ပြီးတော့ သတင်းထုတ်လုပ်မှုတွေ၊ အနုပညာလက်ရာတွေနဲ့ တော်လှန်ရေးအတွက် အကျိုးရှိမယ့် အစီအစဉ် ကောင်းများစွာကို ထုတ်လုပ်တင်ဆက်လျက် ရှိနေပါတယ်။
အချိန်ကာလကြာမြင့်စွာ အမြစ်စွဲလာနေတဲ့ ဒီစစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မယ့် ဒီတော်လှန်ရေးအတွက် စိတ်ဓာတ်၊ ခံယူချက်တွေနဲ့အတူ အသိဉာဏ်ပညာပါဝင်မှ အောင်မြင်မယ်လို့ ယုံကြည်တဲ့အတွက် အခုလို စီစဉ်ကြတာ ဖြစ်ပါတယ်။
မေး ။ ။ အခုလို ဖန်တီးထုတ်လွှင့်ပြသရတဲ့ အဓိက ရည်ရွယ်ချက်ကိုလည်း သိချင်ပါတယ်။
ဖြေ ။ ။ ရည်ရွယ်ချက် ၂ ခု ရှိပါတယ်။ ပထမတခုကတော့ ကမ္ဘာ့သမိုင်းမှာရှိခဲ့ဖူးတဲ့ တော်လှန်ရေးတွေထဲက အတုယူ စရာ၊ သင်ခန်းစာယူစရာ အချက်တွေ၊ ဆောင်ရန်ရှောင်ရန်တွေကို ကျနော်တို့ နွေဦးတော်လှန်ရေးမှာ ကျရာနေရာကနေ ပါဝင်ဆင်နွှဲသူနေသူတွေအားလုံး သိမြင်ပြီးတော့ တော်လှန်ရေးအတွက် တစုံတရာသော အသိအမြင် ရရှိစေချင်တယ်။ ဒီအသိအမြင်ကနေပြီးတော့ တော်လှန်ရေးကြီးကို ပိုပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေချင်တာ ဖြစ်ပါတယ်။
နောက်တခုကတော့ ဒီအကြမ်းဖက် စစ်ကောင်စီဘက်ကနေပြီးတော့ သူတို့ကို မလွန်ဆန်နိုင်တဲ့ သရုပ်ဆောင်အချို့နဲ့ အနှစ် သာရမရှိ၊ အရည်အသွေးမရှိတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေ လုပ်နေတဲ့အချိန်မှာ တော်လှန်ရေးနဲ့ ပြည်သူ့ဘက်ကို ပြတ် ပြတ်သားသား ရပ်တည်နေတဲ့ အနုပညာရှင်တွေရဲ့ အနုပညာစစ်စစ်တွေကို ချပြချင်တဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။
ရည်ရွယ်ချက်ကောင်းနဲ့ ဖန်တီးတဲ့ အနုပညာစစ်စစ်တွေကို ပြည်သူတွေဆီ ရောက်ရှိစေချင်တဲ့ ရည်ရွယ်ချက်လည်း ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာနဲ့ တွဲဖက်ပြီးတော့ တိုက်ရတဲ့ဒီတော်လှန်ရေးမှာ အသိပညာအချို့ကို အနုပညာနဲ့ တွဲစပ်ပြီးတော့ တင်ဆက်တဲ့သဘော ဖြစ်ပါတယ်။
မေး ။ ။ အခု ပြသနေတာ အပိုင်း ၄ ပိုင်း ရှိသွားပြီဆိုတော့ ကြည့်ရှုတဲ့ ပြည်သူတွေဆီကနေ ဘယ်လိုမျိုး တုံ့ပြန်မှုတွေ ရရှိလဲ။
ဖြေ ။ ။ ပထမဆုံး ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ကြေညာတဲ့အခါမှာ ရန်ပုံငွေတွေနဲ့ ရုပ်ရှင်ရိုက်ဖြစ်တယ်ပေါ့။ ဒီလိုအချိန် မှာ ရုပ်ရှင်တွေ လုပ်နေရသလားဆိုတဲ့ ဝေဖန်မှုတချို့ ရှိခဲ့ပါတယ်။ တကယ်ကတော့ ဒီမှာ ပါဝင်တဲ့ အနုပညာရှင်အားလုံးနဲ့ ဖန်တီးတင်ဆက်ကြသူ အားလုံးက ဘယ်လိုအနုပညာကြေးမှ မယူပါဘူး။ ဘာကိုမှလည်း မမျှော်ကိုးခဲ့ဘူး။ တော်လှန်ရေး စိတ်သန့်သန့်နဲ့ ကူညီကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကုန်ကျစရိတ်က မရှိသလောက်ပဲ ဖြစ်ပါတယ်။ အနည်းငယ် ကုန်ကျစရိတ်ကိုလည်း PVTV ရဲ့ YouTube Channel ကနေ ပြည်သူတွေ ကြည့်ရာကနေရတဲ့ ငွေကြေးနဲ့ သုံးစွဲတာ ဖြစ်ပါ တယ်။ အစောပိုင်းမှာတော့ ဒီဝေဖန်မှုတွေ ရှိခဲ့တယ်။ အခုတော့ တော်တော်နားလည်သွားကြပြီလို့ ကျနော်တို့ ထင်ပါတယ်။
ဒီအစီအစဉ်ကို ပြသနေတဲ့အချိန်မှာ ပြည်သူတွေဆီကနေ ကောင်းမွန်တဲ့တုံ့ပြန်မှုတွေ ရရှိခဲ့ပါတယ်။ နောက် PDF (ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့) အချို့ဆီကလည်း ကောင်းမွန်တဲ့တုံ့ပြန်မှုတွေ ရရှိခဲ့ပါတယ်။ သူတို့နဲ့ တူညီတဲ့ကိစ္စတွေ အခြားတော် လှန်ရေးတွေမှာလည်း လုပ်ခဲ့ရတယ်ဆိုတော့ အားတက်လာတာ တွေ့ရပါတယ်။ ဥပမာ – အရှေ့တီမော တော်လှန်ရေး အကြောင်း ပြတုန်းကဆိုရင် PDF ကလေးတွေကနေ ငါတို့ဆီမှာပဲ မဟုတ်ဘူး။ အရှေ့တီမောမှာလည်း သစ်သားသေနတ် တွေနဲ့ပဲ လေ့ကျင့်ခဲ့ရတာဆိုတဲ့ အချင်းချင်းပြောကြတာ ရှိသလို ဒါငါတို့ချည်းပဲမဟုတ်ဘူး အခြားသူတွေလည်း ဒီလိုပဲ ရုန်း ကန်ခဲ့ကြတာပဲ ဆိုတာကို မြင်ပြီးတော့ အတုယူတာတွေ၊ အားတက်တာတွေဖြစ်တာ တွေ့ရပါတယ်။
မေး ။ ။ အပိုင်းတပိုင်းစီမှာ အရှေ့တီမောရဲ့ တော်လှန်ရေး၊ အီတလီတော်လှန်ရေး စတဲ့ ကမ္ဘာ့သမိုင်းတော်လှန်ရေး အကြောင်းအရာတွေကို ထည့်သွင်းပြောပြသွားတာတွေ တွေ့ရတယ်။ ဒါကရော ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ထည့်သွင်း ထားတာပါလဲ။
ဖြေ ။ ။ ကျနော်တို့ရဲ့ ဒီအစီအစဉ် အပိုင်းတပိုင်းစီမှာပါတဲ့ အရှေ့တီမောရဲ့တော်လှန်ရေး၊ အီတလီတော်လှန်ရေး စတဲ့ ကမ္ဘာ့သမိုင်း တော်လှန်ရေးတွေဟာဆိုရင် ပြည်သူသာလျှင် အဓိကဖြစ်တယ်။ ခိုင်မာတဲ့စိတ်ဓာတ်တွေ၊ မဆုတ်မနစ်တဲ့ ဇွဲလုံ့လတွေကသာလျှင် အဓိကဖြစ်တယ်။ ဒီလို စိတ်ဓာတ်တွေ၊ ဇွဲလုံ့လတွေနဲ့ ကြိုးစားတဲ့အခါမှာ အာဏာရှင်စနစ်ကို အနိုင်ယူပြီးတော့ ပြည်သူတွေ အောင်ပွဲရခဲ့တယ် စတဲ့အချက် သင်ခန်းစာယူစရာတွေ အများကြီး ရှိတယ်။ ကျနော်တို့ တော်လှန်ရေးအတွက် အများကြီးသင်ယူစရာတွေ ရှိတဲ့အတွက်ကြောင့် ရွေးချယ်ပြီးတော့ ထည့်သွင်းပြောပြခဲ့တာ ဖြစ်ပါ တယ်။
မေး ။ ။ ခုလိုအချိန်ကာလမှာ တော်လှန်ရေးဆိုင်ရာ အသိပညာပေးမှုတွေဟာ ဘယ်လောက်ထိ အရေးပါတယ်လို့ ထင်ပါ သလဲ။
ဖြေ ။ ။ တော်လှန်ရေးတခုကို အသိပညာနဲ့ မောင်းနှင်မှသာလျှင် တော်လှန်ရေးအောင်မြင်ဖို့ အတွက်ကိုရော၊ တော်လှန် ရေးအပြီး မျှော်မှန်းတဲ့ နိုင်ငံတော်တခု တည်ဆောက်ရေး အတွက်ကိုရော စိတ်ချသေချာရစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလို တော်လှန်ရေးကာလအတွင်းမှာ ဒီတော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ အသိပညာပေးတဲ့ ကိစ္စရပ်တွေက ပြည်သူတွေ အတွက် မဖြစ်မနေကို လိုအပ်ပါတယ်။ ပြည်သူတွေအတွက်လည်း တော်လှန်ရေးဆိုင်ရာ အသိတွေရှိဖို့ အထူးအရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ များနိုင်သမျှများအောင်၊ သိနိုင်သမျှသိအောင် လုပ်ဖို့ လိုအပ်ပါတယ်။
မေး ။ ။ တဖက်မှာလည်း စစ်ကောင်စီက သူ့တို့ရဲ့ ဝါဒဖြန့်ချိရေးဇာတ်ကားတွေ ဖြန့်ချိနေတယ်။ ဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။
ဖြေ ။ ။ စစ်ကောင်စီက သူတို့ရဲ့ ဝါဒဖြန့်ချိရေး ယန္တရားတွေသုံးပြီး ပြည်သူတွေကို လိမ်လည်ခဲ့တာ၊ လှည့်ဖျားခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒီကိစ္စကိုလည်း ပြည်သူတော်တော်များများ သိခဲ့ရှိပြီး ဖြစ်တယ်လို့ ကျနော်တို့ နားလည်ပါတယ်။ ဒါကြောင့်မို့လည်း ပြည်သူတွေရဲ့ ဆင်ခြင်တုံတရားနဲ့အသိကို ယုံကြည်တဲ့အတွက် သူတို့သည် ဘယ်လိုပဲ လုပ်လုပ် ပြည်သူတွေအပေါ်မှာတော့ သက်ရောက်မှုများစွာ မရှိလောက်ဘူး ထင်ပါတယ်။
မေး ။ ။ တော်လှန်ရေးမှာ ပါဝင်နေတဲ့ အနုပညာရှင်တွေရဲ့ အခန်းကဏ္ဍကိုလည်း သိချင်ပါတယ်။
ဖြေ ။ ။ အနုပညာရှင်ဆိုတာ ပြည်သူတွေအပေါ်မှာ လွှမ်းမိုးမှုများစွာ ရှိပါတယ်။ အနုပညာရှင်တွေရဲ့ ပေးပို့တဲ့သတင်း၊ အကြောင်းအရာ၊ အသိပညာ စတာတွေက ပြည်သူတွေရဲ့ ရင်ထဲခေါင်းထဲကို အလွယ်တကူနဲ့ ရောက်ရှိသွားစေတာမျိုး ဖြစ်ပါတယ်။ ဒီလိုမျိုး စွမ်းဆောင်ရည်မျိုးကလည်း အနုပညာရှင်တွေမှာ ရှိကြပါတယ်။ ဒါကြောင့်မို့လို့ ဒီတော်လှန်ရေးမှာ အနုပညာရှင်တွေရဲ့ အခန်းကဏ္ဍက ကျယ်ပြန့်စွာနဲ့ ပါဝင်တယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ လက်ရှိ ပြသနေတဲ့ တော်လှန်ရေးဆိုသည်မှာ ရုပ်သံအစီအစဉ်ကို အပိုင်းဘယ်လောက်ထိ သွားမှာလဲခင်ဗျ။
ဖြေ ။ ။ အခုချိန်ထိတော့ အရှေ့တီမောနဲ့ အီတလီတော်လှန်ရေးတွေ ပြပြီးသွားပါပြီ။ ဒါပြီးတော့ တောင်ကိုရီးယား၊ အင်္ဂလန်တော်လှန်ရေး၊ လက်ရှိ ယူကရိန်းတော်လှန်ရေး စတဲ့အကြောင်းတွေ ဆက်ရိုက်ဖို့ ရှိပါတယ်။ ပြီးရင်တော့ ဒီတော် လှန်ရေးတွေပြီးရင် အာဏာရှင်တွေ ဘယ်လို ဇာတ်သိမ်းခဲ့တယ်ဆိုတာ ဆက်တိုက် ရိုက်ကူးသွားဖို့ ရှိပါတယ်။
ကျနော်တို့ လောလောဆယ်တော့ အပိုင်း ၁၀ ပိုင်း ဝန်းကျင် ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ အနည်းငယ်လည်း ထပ်တိုးတာ မျိုး ရှိကောင်းရှိနိုင်ပါတယ်။ ဒါပြီးရင်လည်း အခြားသောပုံစံမျိုးနဲ့ ပြည်သူတွေကို အသိပညာပေးတာမျိုး ဆက်လုပ်သွားဖို့ ရှိပါတယ်။
မေး ။ ။ ဒီအစီအစဉ်ကနေတဆင့် ပြည်သူတွေအနေနဲ့ ဘာတွေ ရသွားမယ်လို့ထင်လဲ။ ပြည်သူတွေရဲ့ အတွေးအမြင်၊ ခံယူချက်တွေရော ပြောင်းလဲသွားနိုင်မယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ဒီတော်လှန်ရေးဆိုသည်မှာ အစီအစဉ်ဆိုတာ ဖျော်ဖြေရေးတခုလည်းဖြစ်သလို တော်လှန်ရေးဆိုင်ရာ အသိ ပညာတွေလည်း ရရှိအောင် တင်ဆက်တဲ့ Edutainment သဘောမျိုး ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေပြီးတော့ ပြည်သူတွေ တော်လှန်ရေးနဲ့ ပတ်သက်တဲ့အသိတွေ ရလာမယ်။
နောက်ပြီးတော့ ဒီလိုမျိုးကိစ္စရပ်တွေက ငါတို့ တနိုင်ငံတည်းမှာပဲ ရင်ဆိုင်နေရတာ မဟုတ်ဘူး၊ အခြားနိုင်ငံတွေမှာလည်း ရင်ဆိုင်ခဲ့ရတယ်။ သူတို့တောင် အောင်မြင်အောင် ကျော်ဖြတ်နိုင်တယ်။ ငါတို့လည်း အောင်မြင်အောင် ကျော်ဖြတ်နိုင်မယ် ဆိုတဲ့ ခိုင်မာတဲ့စိတ်ဓာတ်မျိုးလည်း ရနိုင်ပါတယ်။ နောက် တော်လှန်ရေးတခုမှာ အသုံးပြုသင့်တဲ့ နည်းနာတွေကိုလည်း ပိုပြီးတော့သိလာမယ် ထင်ပါတယ်။ ဒါကြောင့်မို့ အတွေးအမြင် ပြောင်းလဲမှုတွေ၊ ခံယူချက် ပြောင်းလဲမှုတွေ ပြည်သူတွေ အပေါ်မှာ များစွာရှိလာနိုင်မယ်လို့ ကျနော်တို့ ထင်ပါတယ်။
မေး ။ ။ ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ ခင်ဗျ။
ဖြေ ။ ။ ကျနော်တို့ ဒီတော်လှန်ရေးမှာ ဉာဏ်ပညာ၊ ချစ်ခြင်းတရားတွေကို အခုထက် ပိုပြီးတော့ တိုးမြှင့်ပြီးတော့ ကျနော်တို့ရဲ့ မဆုတ်မနစ်တဲ့ဇွဲတွေနဲ့ ရှေ့ဆက်ကြမယ်။ စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်ကြမယ်ဆိုရင် ဒီတော်လှန်ရေးကြီး အောင်မြင်ဖို့က မဝေးတော့ဘူးလို့ ပြောလို့ရသလို ကျနော်တို့ မျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ထွန်း လာဖို့ဆိုတာလည်း မဝေးတော့ပါဘူး။
ဒါကြောင့်မို့လို့ ကျနော်တို့ ဒီတော်လှန်ရေးမှာ ဆက်လက်ပြီးတော့ စည်းလုံးညီညွတ်စွာနဲ့ ဆက်လက်ပါဝင်ပေးဖို့၊ တော်လှန် ရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေ ပိုပြီးတော့သိရှိအောင် အားထုတ်ပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းပါတယ်။ နောက်ပြီး တော့ ကျနော်တို့ရဲ့ ဒီတော်လှန်ရေးဆိုသည်မှာ အပါအဝင် NUG အစိုးရနဲ့ PVTV ကနေ ပူးပေါင်းဖန်တီးမယ့် နောက်ထပ် အသိပညာပေး အစီအစဉ်များကိုလည်း ကြည့်ရှုအားပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။