ဖေဖော်ဝါရီလ ၁၀ ရက်နေ့ဟာ စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းရေးဥပဒေ စတင် အကောင်အထည်ဖော်တဲ့ တနှစ်မြောက်နေ့ဖြစ်တယ်။ အဲဒီ ဥပဒေကြောင့် လူငယ်တွေ အလုံးအရင်း နိုင်ငံကို စွန့်ခွာပြီး မရေတွက်နိုင်တဲ့ လူအများအပြားအတွက် ကံကြမ္မာဆိုး ကျရောက်စေတယ်။
စစ်ကောင်စီဟာ အဲဒီ ဥပဒေကို ကျင့်သုံးဖို့ ကတိုက်ကရိုက်လုပ်ပြီး တနှစ်အတွင်း အပတ်စဉ် ကိုးခုမှာ ခန့်မှန်းခြေ လူ ၄ သောင်းခွဲကို အတင်းအကျပ် စစ်သားစုဆောင်းခဲ့တယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) တွေကို တိုက်ခိုက်ဖို့ ၃ သောင်းခွဲလောက်ကို နိုင်ငံအနှံ့က ရှေ့တန်းစစ်မြေပြင်တွေဆီ စေလွှတ်တယ်။
အတင်းအကျပ် စစ်သားစုဆောင်းခံရသူ အများအပြား ရှေ့တန်းမှာ သေဆုံးသလို အခြားသူ အများအပြားကလည်း တော်လှန်ရေးအင်အားစုတွေဘက်ကို ပြောင်းကြတယ်။ အမျိုးသားနဲ့ အမျိုးသမီးငယ် ထောင်ပေါင်းများစွာဟာ အတင်းအကျပ် စစ်သားစုဆောင်းတဲ့ ဥပဒေကို ရှောင်ရှားဖို့ သူတို့လုပ်နိုင်တဲ့ ဘယ်နည်းနဲ့မဆို နိုင်ငံက ထွက်ခွာကြတယ်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့နောက်ပိုင်း စစ်ကောင်စီရဲ့ အဓိက ခြေလှမ်းတွေကို ဧရာဝတီက တင်ပြလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ။ စစ်ကောင်စီက တနိုင်ငံလုံး စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းလိုက်ပြီး အရွယ်ရောက်ပြီး လူငယ်တွေ နှစ်နှစ်ကနေ ငါးနှစ်အထိ စစ်မှုမထမ်းမနေရအောင် လုပ်လိုက်တယ်။
အဲဒီဥပဒေကို ဗိုလ်ချုပ် နေဝင်းက ၁၉၅၉ ခုနှစ်မှာ ဖန်တီးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ အဲဒီတုန်းက အာဏာရှင် သန်းရွှေက ပြင်ဆင်တယ်။ ဒါပေမယ့် အဲဒီဥပဒေကို ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ၊ ဦးသိန်းစိန်တို့ရဲ့ အရပ်သားအစိုးရတုနဲ့ ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတို့အောက်မှာ တခါမှ မကျင့်သုံးခဲ့ဘူး။
နိုင်ငံက လူငယ် ၁၄ သန်းဟာ အတင်းအကျပ် စစ်သားစုဆောင်းဖို့ အကျုံးဝင်တယ်လို့ စစ်ကောင်စီက ကြေညာတယ်။ အဲဒါဟာ နိုင်ငံလူဦးရေ ၅၄ သန်းရဲ့ ၂၆ ရာခိုင်နှုန်းဖြစ်တယ်။ ပထမဆုံး စစ်သားစုဆောင်းခံရမယ့်သူ ၅ ထောင်ကို ဧပြီလ ရုံးပိတ်ရက်ပြီးရင် ရွေးပြီး ပထမအသုတ်တွေမှာ မိန်းကလေးတွေကို မခေါ်ဘူးလို့ စစ်ကောင်စီက ပြောတယ်။
စစ်မှုထမ်းတာကို ရှောင်တိမ်းရင် ထောင် ၃ နှစ်ကနေ ၅ နှစ်အထိချပြီး ဒဏ်ငွေရိုက်လို့ရတယ်။ စစ်မှုထမ်းတာကို ရှောင်ရှားဖို့ ကျန်းမာရေးမကောင်း ဒါမှမဟုတ် မသန်စွမ်းဟန်ဆောင်ရင် ထောင် ၅ နှစ်အထိ ချလို့ရတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ အများပြည်သူကြား စိုးရိမ်ပူပန်မှုတွေ အများအပြား ဖြစ်နေချိန်မှာ စစ်ကောင်စီက စစ်မှုထမ်းတာကို ကြီးကြပ်တဲ့ အမျိုးသားအဆင့်ကော်မတီ ဖွဲ့စည်းလိုက်တယ်။ အဲဒီကော်မတီကို ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ခေါင်းဆောင်ပြီး စစ်တပ်မှာ နံပတ် ၃ နေရာရှိတဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကွဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဒုဥက္ကဋ္ဌလုပ်တယ်။
အဲဒီနေ့မှာပဲ နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့လက်ထောက် စိုးဝင်းက အတင်းအကျပ် စစ်မှုထမ်းဥပဒေအကြောင်း ရှင်းပြဖို့ စစ်ကောင်စီအဆိုပြု ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၄၂ ခုက ခေါင်းဆောင်တွေနဲ့ တွေ့တယ်။ အဲဒီဥပဒေဟာ အမျိုးသားလုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ အေးချမ်းသာယာရေးအတွက်သာ ရည်ရွယ်တယ်လို့ မင်းအောင်လှိုင်က အကြောင်းပြတယ်။
အဲဒီနေ့မှာပဲ နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့လက်ထောက် စိုးဝင်းက အတင်းအကျပ် စစ်မှုထမ်းဥပဒေအကြောင်း ရှင်းပြဖို့ စစ်ကောင်စီအဆိုပြု ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၄၂ ခုက ခေါင်းဆောင်တွေနဲ့ တွေ့တယ်။ အဲဒီဥပဒေဟာ အမျိုးသားလုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ အေးချမ်းသာယာရေးအတွက်သာ ရည်ရွယ်တယ်လို့ မင်းအောင်လှိုင်က အကြောင်းပြတယ်။
အဲဒီ အတင်းအကျပ် စစ်သားစုဆောင်းတဲ့ဥပဒေကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို နိုင်ငံတဝန်းက မြို့ ၃၀ ကျော်မှာ ပြုလုပ်ဖို့ စစ်ကောင်စီက နောက်ကွယ်ကနေ ပံ့ပိုးတယ်။
ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ နေပြည်တော်နဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ စစ်သားစုဆောင်းရေးကို ကြီးကြပ်ဖို့ ဒေသဆိုင်ရာကော်မတီတွေကို စစ်ကောင်စီက ဖွဲ့စည်းတယ်။ စစ်သားဟောင်းတွေကို ရှေ့တန်းစေလွှတ်ခွင့်ပေးတဲ့ အရန်တပ်ဖွဲ့ဥပဒေကိုလည်း စစ်ကောင်စီက ကျင့်သုံးတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ စစ်ကောင်စီခေါင်းဆောင်ဟာ အတင်းအကျပ် စစ်သားစုဆောင်းတဲ့ ဥပဒေကို ရှင်းပြဖို့ မြန်မာသံအမတ်တွေနဲ့ သံရုံးယာယီတာဝန်ခံတွေကို နေပြည်တော်ဆီ ဆင့်ခေါ်တယ်။ မြန်မာနိုင်ငံမှာ ဒီဥပဒေတွေ ဘာကြောင့် လိုအပ်သလဲဆိုတာ အိမ်ရှင်နိုင်ငံတွေမှာ ရှင်းပြဖို့အတွက် အတင်းအကျပ် စစ်သားစုဆောင်းတဲ့ ဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေတွေကို အသေးစိတ်လေ့လာဖို့ သူတို့ကို ပြောတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ စစ်ကောင်စီက အတင်းအကျပ် စစ်မှုထမ်းရတာကို ပိုမိုဆွဲဆောင်မှုရှိတဲ့ အမြင်တွေ တင်ပြဖို့ ပိုစတာတွေ၊ လက်ကမ်းစာစောင်တွေ၊ ဟောပြောပွဲတွေနဲ့ ခြိမ်းခြောက်မှုတွေလုပ်ပြီး အတင်းအကျပ် စစ်သားစုဆောင်းရေးအတွက် ဝါဒဖြန့်ချိရေးလှုပ်ရှားမှု လုပ်တယ်။
ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ ထောင်ပေါင်းများစွာသော လူငယ်တွေဟာ နိုင်ငံက ထွက်ခွာပြီး အတင်းအကျပ် စစ်သားစုဆောင်းမှုကို တိမ်းရှောင်ဖို့ နိုင်ငံကူးလက်မှတ် လျှောက်ထားရေး အလုအယက် တန်းစီရပြီး မန္တလေးက မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ အရုဏ်မတက်မီ လူအုပ်ပြိုလို့ အမျိုးသမီး နှစ်ယောက် သေဆုံးတယ်။

ဖေဖော်ဝါရီလ ၂၆ နှင့် ၂၇ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ စစ်ကောင်စီ ဝါဒဖြန့်ချိရေး သတင်းစာတွေမှာ တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) ကို ဝင်ဖို့ တက္ကသိုလ်ကျောင်းသားတွေကို စည်းရုံးတဲ့ ရည်ရွယ်တဲ့ ဆောင်းပါးတွေ၊ တွေ့ဆုံမေးမြန်းတာတွေ ဖော်ပြလာတယ်။ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဟာ စစ်တပ်ရဲ့ ကုန်ခန်းသွားတဲ့ အင်အားတွေကို ပြန်လည်ဖွဲ့စည်းဖို့ အရန်တပ်ဖြစ်တယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ဗိုလ်ချုပ်အများအပြားဟာ UTC တပ်ဖွဲ့ဝင်ဟောင်းတွေ ဖြစ်တယ်လို့ စစ်ကောင်စီသတင်းစာတွေက ဖော်ပြတယ်။
တချိန်တည်းမှာပဲ စစ်ကောင်စီဟာ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို အတင်းအကျပ် စစ်သားစုဆောင်းတယ်။ စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို လူသားဒိုင်းအဖြစ် အသုံးချဖို့ ကြိုးစားတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲတယ်။
ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးနဲ့ အမျိုးသားအဆင့် စစ်မှုထမ်းမှု ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းဟာ အသစ်ကျင့်သုံးနေတဲ့ စစ်သားစုဆောင်းမှု ဥပဒေနဲ့ ကလေးငယ်တွေကို စစ်တပ်အတွင်း စစ်သားစုဆောင်းမှု တားဆီးရေး ဆွေးနွေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီ ဌာနေကိုယ်စားလှယ်နဲ့ ယာယီ လူသားချင်းစာနာမှု ညှိနှိုင်းရေးမှူး မာကိုလွီဂီ ကော်စီကို တွေ့ဆုံခဲ့ပါတယ်။
မတ်လ ၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ စစ်ကောင်စီဟာ စစ်သင်တန်းပေးမယ့် နေရာတွေကို ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ တင်အောင်စန်းက အမျိုးသားအဆင့် စစ်မှုထမ်းကြီးကြပ်ရေးကော်မတီ အစည်းအဝေးတခုမှာ ပြောတယ်။
စစ်တပ် စစ်ဥပဒေချုပ် ဦးဆောင်တဲ့ လုပ်ငန်းကော်မတီတခုဟာ စစ်ကောင်စီ ဥပဒေရေးရာ ဝန်ကြီးဌာနနဲ့ ပူပေါင်းပြီး အတင်းအကျပ် စစ်သားစုဆောင်းရေး နည်းဥပဒေ တတိယမူကြမ်းရေးဆွဲပြီး စစ်သားစုဆောင်းရေး စံလုပ်ထုံးလုပ်နည်းတွေကို ချမှတ်ခဲ့တယ်လို့ အစည်းအဝေးတခုမှာ ပြောပါတယ်။
မတ်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အဆိုပြုထားတဲ့ အသုံးစရိတ်မှာ အတင်းအကျပ် စစ်သားစုဆောင်းရေးအတွက် ရန်ပုံငွေတွေ ပါတယ်လို့ စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက ရသုံးမှန်းခြေငွေစာရင်း အစည်းအဝေးတခုမှာ ပြောပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်က ဧပြီလ ၁ ရက်နေ့မှာ စတင်ပါတယ်။

မတ်လ ၁၃၊ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ စစ်သားစုဆောင်းမှုကို ကြီးကြပ်ဖို့ မြို့နယ်အဆင့် ကော်မတီတွေက ရန်ကုန်နဲ့ နေပြည်တော်မှာ ခေါ်စာတွေဖြန့်ချိပြီး အကျုံးဝင်သူတွေ သတင်းပို့ဖို့ ပြောပါတယ်။
အတင်းအကျပ် စစ်သားစုဆောင်းတာကို ဆန့်ကျင်ဖို့ ပြည်တွင်း ပြည်ပက မြန်မာပြည်သူတွေကို လက်မှတ်ထိုး တောင်းဆိုရေး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က လှုပ်ရှားမှု စတင်ပါတယ်။ အဲဒီတောင်းဆိုမှုကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို တင်ပြမှာ ဖြစ်ပါတယ်။
အတင်းအကျပ် စစ်သားစုဆောင်းတဲ့ စစ်ကောင်စီရဲ့ အားထုတ်မှုမှာ ပူးပေါင်းဆောင်ရွက်သူ မည်သူမဆိုကို ဥပဒေအရ အရေးယူမယ်လို့ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။
အတင်းအကျပ် စစ်သားစုဆောင်းသူ မည်သူမဆိုကို စစ်တပ်အတွက် အတင်းအကျပ် လုပ်အားအဖြစ်သုံးဖို့ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ခြင်းအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံရမယ်လို့ သတိပေးပါတယ်။ အရပ်သားတွေကို စစ်သင်တန်းတက်အောင် အတင်းအကျပ်လုပ်ဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းသူတွေကိုလည်း အလားတူ အရေးယူမယ်လို့ ပြောပါတယ်။
မတ်လ ၂၆ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး တင်အောင်စန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီ ဌာနေကိုယ်စားလှယ်၊ ယာယီ လူသားချင်းစာနာမှု ညှိနှိုင်းရေးမှူး မာကိုလွီဂီ ကော်စီတို့ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရေး တိုးတက်မှုတွေ၊ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်က ကုလသမဂ္ဂဝန်ထမ်းတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ နေပြည်တော်မှာ ထပ်မံ တွေ့ဆုံကြပါတယ်။
မတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ တော်လှန်ရေးနေ့ အထိမ်းအမှတ် စစ်ရေးပြပွဲမှာ မင်းအောင်လှိုင်က အတင်းအကျပ် စစ်သားစုဆောင်းတဲ့ဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေဟာ နိုင်ငံရဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို အင်အား တောင့်တင်းစေမယ်လို့ ပြောပါတယ်။ အဲဒီ စစ်ရေးပြပွဲကို အတိုင်းအတာ လျှော့ချထားရပြီး စစ်တပ်မှာ လူအင်အား မလုံလောက်ကြောင်း ထင်ရှားနေပါတယ်။
မဲနှိုက်ပြီး စစ်သင်တန်း တက်ခိုင်းခံရတဲ့ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က အသက် ၂၇ နှစ်အရွယ် မွတ်ဆလင်အမျိုးသားတဦးဟာ မင်္ဂလာဒုံမြို့နယ်က တပ်ရင်းတခုမှာ စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်ခံရပြီး လေးရက်အကြာမှာ သေဆုံးပါတယ်။ အဲဒီလူဟာ ဝက်ရူးပြန်ရောဂါနဲ့ မင်္ဂလာဒုံစစ်ဆေးရုံမှာ သေဆုံးတာလို့ မိသားစုကို အကြောင်းကြားပါတယ်။
မတ်လ ၃၁ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ မဲနှိုက်ပြီး စစ်သင်တန်း တက်ခိုင်းခံရတဲ့ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က အသက် ၂၇ နှစ်အရွယ် မွတ်ဆလင်အမျိုးသားတဦးဟာ မင်္ဂလာဒုံမြို့နယ်က တပ်ရင်းတခုမှာ စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်ခံရပြီး လေးရက်အကြာမှာ သေဆုံးပါတယ်။ အဲဒီလူဟာ ဝက်ရူးပြန်ရောဂါနဲ့ မင်္ဂလာဒုံစစ်ဆေးရုံမှာ သေဆုံးတာလို့ မိသားစုကို အကြောင်းကြားပါတယ်။
ဧပြီလ ၁ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ မင်းအောင်လှိုင်ဟာ နေပြည်တော်က ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွန်ကြားရေးမှူးရုံးလို့ခေါ်တဲ့ စစ်တပ် ဝါဒဖြန့်ချိရေးဌာန ၇၇ နှစ်မြောက် အခမ်းအနား တက်ရောက်ပြီး စစ်သားစုဆောင်းထားသူတွေကို မျိုးချစ်စိတ် ထည့်သွင်းပေးဖို့နဲ့ တပ်ဖွဲ့ဝင်တွေကို စိတ်ဓာတ်မြှင့်တင်ပေးရေးကို အထူးဂရုစိုက်ဖို့ ပြောပါတယ်။

ဧပြီလ ၂ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ ဒု စစ်ခေါင်းဆောင် စိုးဝင်းဟာ ရှမ်းပြည်တောင်ပိုင်း၊ ဗထူးမြို့က တိုက်ခိုက်ရေးသင်တန်းကျောင်းကို သွားရောက်ပြီး စစ်သားစုဆောင်းရေးဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေကို အသေးစိတ် လေ့လာဖို့နဲ့ သူတို့ တာဝန်ကျတဲ့ဒေသတွေမှာ စစ်မှုမထမ်းမနေရလုပ်ငန်းကို ထောက်ခံအောင်လုပ်ဖို့ နည်းပြတွေနဲ့ သင်တန်းသားတွေကို တိုက်တွန်းတယ်။
အတင်းအကျပ် စစ်သားစုဆောင်းသူတွေအတွက် သင်တန်း ပထမပတ်ကို ဧပြီလမှာ စတင်မယ်၊ စစ်မှုထမ်းနည်းဥပဒေကို စစ်ကောင်စီ ဥပဒေရေးရာဝန်ကြီးဌာနကို တင်ပြထားပြီး ဝန်ကြီးအဖွဲ့ အတည်ပြုချက် စောင့်နေတယ်လို့ အမျိုးသားအဆင့် စစ်မှုထမ်း ကြီးကြပ်ရေးကော်မတီ အစည်းအဝေးတခုမှာ တင်အောင်စန်းက ပြောပါတယ်။
ဧပြီလ ၈ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ တနိုင်ငံလုံးက စစ်စခန်းတွေနဲ့ သင်တန်းကျောင်းတွေမှာ အတင်းအကျပ် စစ်သားစုဆောင်းခံရသူတွေအတွက် အခြေခံစစ်သင်တန်းကို စစ်ကောင်စီ စတင်လိုက်ပါတယ်။ အဲဒီ သင်တန်းတွေကို နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီ၊ မကွေးတိုင်းတွေနဲ့ ရှမ်း၊ မွန်ပြည်နယ်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းနဲ့ ဒေသဆိုင်ရာ စစ်တိုင်းတွေက သင်တန်းကျောင်းတွေမှာ စတင်ပါတယ်။
လူ ၁ သောင်းကျော် ဆန္ဒအလျောက် စစ်မှုထမ်းဖို့ အဆိုပြုကြပြီး ပထမအသုတ်မှာ လူ ၅ ထောင်ပဲ လက်ခံမယ်လို့ စစ်ကောင်စီ အရင်က ပြောဖူးပါတယ်။ ဒါပေမယ့် ပထမအသုတ်မှာ လူ ဘယ်လောက်ပါတယ် ဆိုတာကို စစ်ကောင်စီက မဖော်ပြပါဘူး။
အဲဒီနေ့မှာပဲ ရန်ကုန်မှာ ပြည်သူတွေက အတင်းအကျပ် စစ်သားစုဆောင်းတဲ့ဥပဒေကို ကန့်ကွက်ဆန္ဒပြပါတယ်။
မေလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ စစ်ကောင်စီ ဒု ခေါင်းဆောင် စိုးဝင်းဟာ ရန်ကုန်တိုင်းအစိုးရရုံး အရာရှိတွေနဲ့ တွေ့ဆုံပြီး လွတ်လပ်တဲ့သတင်းဌာနတွေဟာ မြန်မာနိုင်ငံအကျိုးစီးပွားကို ဆန့်ကျင်ပြီး လူထုတုန်လှုပ်အောင် အတင်းအကျပ် စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်တဲ့ သတင်းမှားတွေ ဖြန့်ချိနေတယ်လို့ ပြောပါတယ်။ စစ်ကောင်စီဟာ အဲဒီဥပဒေကို ဥပဒေမူဘောင်အတွင်းက အကောင်အထည်ဖော်နေတာလို့ သူက ကာကွယ်ပြောဆိုပါတယ်။
အကျုံးဝင်သူတွေကို စနစ်တကျ စစ်သားစုဆောင်းနေတယ်လို့ စစ်ကောင်စီခန့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောပါတယ်။ ဧပြီလက ပထမအသုတ်မှာ ရန်ကုန်တိုင်းက အများစုပါတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

မေလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် စစ်ကောင်စီရဲ့ ဒေသဆိုင်ရာ စစ်တိုင်းတွေမှာ အတင်းအကျပ် စစ်သားစုဆောင်းသူတွေအတွက် သင်တန်း ဒုတိယပတ် စတင်ပါတယ်။ ဒုတိယ အသုတ်မှာ လူဘယ်လောက် စစ်သားစုဆောင်းတယ် ဆိုတာကိုတော့ စစ်ကောင်စီမီဒီယာက မဖော်ပြပါဘူး။
အပတ်စဉ်တခုကို လူ ၅ ထောင်လောက် ခေါ်ယူမယ်၊ အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်အကြား အိမ်ထောင် မရှိတဲ့ အမျိုးသမီးတွေကို အပတ်စဉ် ၅ က စတင်ခေါ်မယ်လို့ စစ်ကောင်စီ အရင်က ပြောဖူးပါတယ်။
မေလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ စစ်မှုထမ်းတာကို ရှောင်တိမ်းသူတွေ စစ်မှုထမ်းဥပဒေပုဒ်မ ၂၃ အရ ထောင် သုံးနှစ်နဲ့ ဒဏ်ငွေကျခံရမယ်လို့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး (ယခု ကာကွယ်ရေးဝန်ကြီး) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက စစ်သားစုဆောင်းရေး ဗဟိုကော်မတီ အစည်းအဝေးတခုမှာ ပြောပါတယ်။
အရင် နှစ်သုတ်တုန်းက လျာထားချက် မပြည့်မီလို့ နေပြည်တော်၊ ပြည်နယ်တွေနဲ့ တိုင်းတွေက စစ်သားစုဆောင်းရေး ဥက္ကဋ္ဌတွေ စစ်သားသစ် အပတ်စဉ် ၃ အတွက် လျာထားချက် ပြည့်မီအောင်လုပ်ဖို့ ဗဟိုစစ်သားစုဆောင်းရေးကော်မတီမှာ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ မောင်မောင်အေးက တိုက်တွန်းပါတယ်။
ဇွန်လ ၂၅ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ စစ်သင်တန်း တတိယအသုတ်ကို ဒေသဆိုင်ရာ စစ်တိုင်းတွေမှာ စတင်ပါတယ်။
ဇွန်လ ၂၈ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ ၁၀၂၇ စစ်ဆင်ရေး ပြန်လည် စတင်လို့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေစဉ် ပထမအသုတ် စစ်မှုထမ်းတွေ စစ်သင်တန်းဆင်းပွဲတွေကို စစ်တိုင်းတွေမှာ ကျင်းပပါတယ်။ သူတို့တွေဟာ ဧပြီလမှာ သင်တန်းစတက်ပြီး သုံးလ မပြည့်ခင် သင်တန်းဆင်းကာ ရှေ့တန်းစစ်မျက်နှာကို တိုက်ရိုက် ပို့ဆောင်ခံရပါတယ်။
သြဂုတ်လ ၅ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ ရှမ်းပြည်နယ်၊ လားရှိုးက စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ဟာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) လက်ကို ကျရောက်ပြီး နှစ်ရက်အကြာမှာ စစ်သင်တန်း စတုတ္ထသုတ်ကို စစ်တိုင်းတွေမှာ စတင်ပါတယ်။ အတင်းအကျပ် စစ်သားစုဆောင်းခံရသူတွေ ရှေ့တန်းမှာ ဘက်ပြောင်းတဲ့သတင်းတွေ ထွက်လာပါတယ်။

သြဂုတ်လ ၁၆ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ အသက် ၃၅ နှစ်အထက်တွေကို သူတို့ရပ်ကွက်နဲ့ ဒေသတွေ လုံခြုံရေးအတွက် ဖြန့်ကြက်တာကို ကြီးကြပ်ဖို့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို စစ်ကောင်စီ စတင်ဖွဲ့စည်းပြီး ဒု ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဥက္ကဋ္ဌလုပ်ကာ ကာကွယ်ရေးနဲ့ ပြည်ထဲရေး ဒု ဝန်ကြီးတွေက ဒု ဥက္ကဋ္ဌတွေ လုပ်ကြပါတယ်။
အဲဒီလုပ်ရပ်ဟာ အတင်းအကျပ် စစ်သားစုဆောင်းတဲ့ဥပဒေမှာ အကျုံးမဝင်တဲ့ အသက် ၃၅ နှစ်အထက် အမျိုးသားတွေကို လုံခြုံရေးယန္တရားထဲ ထည့်သွင်းဖို့ ရည်ရွယ်ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့မှာ မင်းအောင်လှိုင် မန္တလေးကိုသွားပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပြည်သူ့လုံခြုံရေးစနစ်မှာ ပြည်သူတွေပါဝင်ဖို့ လိုတယ်လို့ ပြောပါတယ်။
စက်တင်ဘာလ ၉ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ စစ်မှုထမ်း ပဉ္စမအသုတ်ကို စစ်တိုင်းတွေမှာ စတင်ပါတယ်။ အရင်အသုတ်တွေက စစ်သားစုဆောင်းခံရသူတွေ တပ်ရင်းတပ်ဖွဲ့ အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြောင်း စစ်ကောင်စီထိန်းချုပ် သတင်းစာတွေက စက်တင်ဘာလ ၁၀ ရက်နေ့မှာ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ် ရှေ့တန်း စစ်မျက်နှာကို အတင်းအကျပ် စစ်သားစုဆောင်းသူ အများအပြား စေလွှတ်ခဲ့တယ်၊ အများအပြားဟာ မကြာသေးမီက တိုက်ပွဲတွေမှာ သေဆုံးကုန်တယ်လို့ အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။
အောက်တိုဘာလ၊ ၂၀၂၄ ခုနှစ် ။ ။ အတင်းအကျပ် စစ်သားစုဆောင်းမှု ဆဋ္ဌမ အသုတ်ကို စစ်တိုင်းတွေမှာ စတင်တယ်။
ရခိုင်ပြည်နယ်မှာ အကြီးအကျယ် စစ်ရေးရှုံးနိမ့်ပြီး စစ်ကောင်စီဟာ မြို့ပြနဲ့ ကျေးလက်ဒေသတွေမှာပါ အတင်းအကျပ် စစ်သားစုဆောင်းမှု အရှိန်မြှင့်တင်ပြီး လူငယ်တွေကို လမ်းတွေ၊ သူတို့အိမ်တွေ၊ ဘတ်စ်ကားမှတ်တိုင်တွေနဲ့ ဘတ်စ်ကားတွေပေါ်မှာပါ ဖမ်းဆီးပါတယ်။
နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ မှတ်ပုံတင်ပြီးနောက် တာဝန်ထမ်းဆောင်ရေး သတင်းပို့ဖို့ ပျက်ကွက်သူတွေ၊ ဆေးစစ်တာအောင်ပြီး ရောက်မလာသူတွေနဲ့ စစ်သင်တန်း ပြီးအောင် မတက်သူတွေကို အရေးယူဖို့ စစ်သားစုဆောင်းရေးအဖွဲ့တွေကို ဗဟိုစစ်သားစုဆောင်းရေးအဖွဲ့ ၇ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ အဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး (ယခု ဝန်ကြီးချုပ်ရုံးဝန်ကြီး) တင်အောင်စန်းက ပြောပါတယ်။

နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ စစ်သင်တန်း သတ္တမ အသုတ်ကို စစ်ကောင်စီက စတင်လိုက်ပါတယ်။
ဒီဇင်ဘာလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ် ။ ။ သတ္တမ အသုတ် စစ်သင်တန်း စတင်ပြီး တလမပြည့်မီမှာပဲ စစ်ကောင်စီဟာ စစ်သင်တန်း အဋ္ဌမအသုတ်ကို စတင်ပါတယ်။ အဲဒီမတိုင်ခင် သုံးရက်မှာ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို AA ဆီ လက်လွှတ်လိုက်ရပါတယ်။
ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ် ။ ။ နဝမမြောက် စစ်သင်တန်းအသုတ်ကို စတင်ပါတယ်။
၂၀၂၄ ခုနှစ်၊ ဧပြီလကနေ ဒီဇင်ဘာလအထိ စစ်ကောင်စီဟာ အတင်းအကျပ် စစ်သားစုဆောင်းမှု အသုတ် ရှစ်သုတ် လုပ်ခဲ့ပါတယ်။ အတင်းအကျပ် စစ်သားစုဆောင်းခံရသူ အရေအတွက်ဟာ စစ်မှုထမ်းဥပဒေအရ စာရင်းသွင်းသူ အရေအတွက်ထက် အရမ်းများပါတယ်။ စစ်ကောင်စီဟာ တသုတ်ကို လူ ၅ ထောင်ခေါ်ဖို့ လျာထားတဲ့အတွက် စစ်သားသစ် ၄ သောင်းခွဲလောက် ခေါ်ယူထားနိုင်ပါတယ်။
ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၂၅ ခုနှစ် ။ ။ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို ကျင့်သုံးပြီး တနှစ်နီးပါး ကြာတဲ့အချိန်မှာ ပိုမိုတင်းကျပ်တဲ့ စစ်မှုထမ်းနည်းဥပဒေကို ထုတ်ပြန်ပါတယ်။
အဲဒီ နည်းဥပဒေအရ စစ်မှုထမ်းပြီးသူတွေကို စစ်ကောင်စီက လိုအပ်တယ်ထင်ရင် ရှေ့တန်းကို ထပ်မံ ပို့နိုင်ပါတယ်။ ဆေးစစ်တာအောင်ပြီး စစ်သင်တန်းတက်ဖို့ စောင့်ဆိုင်းသူစာရင်းမှာ ပါတဲ့ ရွေးချယ်ခံရသူတွေဟာ ဗဟိုအဖွဲ့ရဲ့ ကြိုတင်ခွင့်ပြုချက် မရဘဲ နိုင်ငံက မထွက်ခွာဖို့ တားမြစ်ခံရပါတယ်။
အဲဒီ နည်းဥပဒေအရ စစ်မှုထမ်းပြီးသူတွေကို စစ်ကောင်စီက လိုအပ်တယ်ထင်ရင် ရှေ့တန်းကို ထပ်မံ ပို့နိုင်ပါတယ်။ ဆေးစစ်တာအောင်ပြီး စစ်သင်တန်းတက်ဖို့ စောင့်ဆိုင်းသူစာရင်းမှာ ပါတဲ့ ရွေးချယ်ခံရသူတွေဟာ ဗဟိုအဖွဲ့ရဲ့ ကြိုတင်ခွင့်ပြုချက် မရဘဲ နိုင်ငံက မထွက်ခွာဖို့ တားမြစ်ခံရပါတယ်။
အစိုးရဝန်ထမ်းတွေဟာ စစ်မှုထမ်းဖို့ လိုအပ်ပြီး သူတို့ရဲ့ လက်ရှိလစာဖြစ်စေ၊ စစ်တပ်က လစာဖြစ်စေ တခုကိုပဲ ခံစားရမယ်လို့ ဆိုပါတယ်။ အုပ်ချုပ်ရေးမှူးတွေဟာ အကျုံးဝင်သူစာရင်းကို နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ တင်သွင်းရမှာ ဖြစ်ပါတယ်။ အဲဒီနည်းဥပဒေဟာ စစ်မှုထမ်းဖို့ တိမ်းရှောင်သူတွေရဲ့ မိသားစုတွေကိုလည်း အပြစ်ဒဏ်တွေနဲ့ ခြိမ်းခြောက်ပါတယ်။ အခြေခံပညာကျောင်း သင်ရိုးတွေမှာ စစ်မှုထမ်းရေး လှုံ့ဆော်တဲ့လှုပ်ရှားမှုတွေ ထည့်သွင်းရမယ်လို့လည်း အဲဒီ နည်းဥပဒေမှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၂၅ ခုနှစ် ။ ။ စစ်မှုထမ်း တိမ်းရှောင်နိုင်အောင် လုပ်သူထံက ကျပ် သိန်း ၁၃၀ (အမေရိကန်ဒေါ်လာ ၂,၈၀၀ ခန့်) ယူတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ အထွေထွေအုပ်ချုပ်ရေးဌာန ဝန်ထမ်း နှစ်ဦးကို အပြစ်ပေးလိုက်တယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။
တကယ်တော့ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ စစ်သားစုဆောင်းမှုနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ အုပ်ချုပ်ရေးအရာရှိတွေဟာ ငွေအများအပြား ရနေကြပြီး စစ်သားစုဆောင်းတဲ့လုပ်ငန်း စတင်ကတည်းက စစ်မှုထမ်း တိမ်းရှောင်လိုသူတွေဆီက လာဘ်ငွေ သိန်း ၁၀၀ အထိ တောင်းနေပါတယ်။
တချိန်တည်းလောက်မှာပဲ ထိုင်းက တရားမဝင် ဝင်ရောက်လာသူဆိုပြီး ပြည်နှင်ဒဏ်ပေးတဲ့ တနင်္သာရီတိုင်း၊ ကော့သောင်းက မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းတဲ့အကြောင်း ဧရာဝတီသတင်းဌာနက စုံစမ်းဖော်ထုတ် တင်ပြခဲ့ပါတယ်။
ဇန်နဝါရီလ ၂၈ ရက်၊ ၂၀၂၅ ခုနှစ် ။ ။ စစ်မှုထမ်း တိမ်းရှောင်လိုသူတွေထံကနေ စစ်သားတွေက ငွေညှစ်ကြောင်း စစ်သားစုဆောင်းရေး ဗဟိုအဖွဲ့အစည်းအဝေးတခုမှာ မောင်မောင်အေးက ဝန်ခံပါတယ်။
အဲဒီလို လုပ်ရာမှာ ပါဝင်ပတ်သက်သူတွေကို အရေးယူနေကြောင်း ပြောပြီး ရပ်ကွက်၊ ကျေးရွာနဲ့ မြို့နယ် စစ်သားစုဆောင်းရေးအဖွဲ့တွေကို လာဘ်ပေးလာဘ်ယူကိစ္စ သတိပေးပါတယ်။
အတင်းအကျပ် စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်ကြား အမျိုးသမီးတွေ သန်းပေါင်းများစွာကို စောင့်ကြည့်ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ အမျိုးသားစစ်မှုထမ်း သတင်းအချက်အလက် စီမံခန့်ခွဲရေးစနစ်သစ်ကိုလည်း သူက ကြေညာပါတယ်။
ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၅ ခုနှစ် ။ ။ နဝမမြောက် စစ်မှုထမ်းအသုတ် စစ်သင်တန်းစတင်ပါတယ်။ စစ်ကောင်စီဟာ စစ်မှုထမ်း အကျုံးဝင်တဲ့ အမျိုးသမီးစာရင်းကို ရန်ကုန်တိုင်းမှာ စတင်လိုက်လို့ တုန်လှုပ်မှုတွေ ဖြစ်ပြီး အများအပြား နိုင်ငံက ထွက်ခွာရပါတယ်။ အမျိုးသမီးတွေကို ပဉ္စမအသုတ်က စတင် စစ်သား စုဆောင်းမယ်လို့ အရင်က ပြောခဲ့ပါတယ်။
ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၅ ခုနှစ် ။ ။ အသက် ၁၈ နှစ်က ၃၅ နှစ်ကြား အမျိုးသားတွေအတွက် ပြည်ပအလုပ်အကိုင် စာချုပ်တွေကို စစ်ကောင်စီက အချိန်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပါတယ်။ အဲဒီညွှန်ကြားချက်ကို ပြည်ပအလုပ်အကိုင် အေဂျင်စီတွေနဲ့ အလုပ်သမားရုံးတွေမှာသာ ဌာနတွင်း ဖြန့်ချိတာ ဖြစ်ပါတယ်။

ရန်ကုန်က စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို သတင်းထုတ်ပြန်လေ့ရှိတဲ့ Rangoon Scout Network ရဲ့ အဆိုအရ ရန်ကုန်မှာ ယခုနှစ် ဇန်နဝါရီလအတွင်း အတင်းအကျပ် စစ်သားစုဆောင်းရေး ဥပဒေအရ ပြန်ပေးဆွဲခံရတဲ့ အမှုပေါင်း ၂၀၀ နီးပါးရှိပြီး လူငယ် ၅၀၀ လောက် အဖမ်းခံရတယ်လို့ သိရပါတယ်။ အဲဒီလအတွင်းမှာပဲ မန္တလေးက လူ ၂၃၇ ဦးကို အတင်းအကျပ် စစ်သားစုဆောင်းခဲ့ကြောင်း မန္တလေးသပိတ်အင်အားစုက ဖော်ပြပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်၊ ၂၀၂၅ ခုနှစ် ။ ။ NUG အစိုးရ အပါအဝင် အဖွဲ့အစည်း ငါးခုက ကြေညာချက်တစောင် ထုတ်ပြန်ပြီး အတင်းအကျပ် စစ်သားစုဆောင်းတာကို ရှုတ်ချကာ အဲဒီလို လုပ်တာဟာ နယ်မြေမတည်ငြိမ်မှု ဖြစ်စေတယ်လို့ ဖော်ပြပါတယ်။ အဲဒီလို လုပ်တာဟာ ပြည်သူတွေရဲ့ လူမှု-စီးပွားဘဝကို အနှောင့်အယှက်ဖြစ်စေတယ်၊ ပြည်တွင်းပြည်ပ နေရပ်စွန့်ခွာမှုတွေ ဖြစ်စေတယ်လို့လည်း ဖော်ပြပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းအရွယ် အမျိုးသားတွေ နိုင်ငံက ထွက်ခွာခွင့် ပိတ်ပင်ထားတဲ့အတွက် အလုပ်သမားတွေကို အခြားနိုင်ငံတွေက ရှာဖွေဖို့ စင်ကာပူရဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနဟာ သူတို့ဆီက အလုပ်အကိုင် အေဂျင်စီတွေကို နောက်တနေ့မှာပဲ တိုက်တွန်းပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းအရွယ် အမျိုးသားတွေ နိုင်ငံက ထွက်ခွာခွင့် ပိတ်ပင်ထားတဲ့အတွက် အလုပ်သမားတွေကို အခြားနိုင်ငံတွေက ရှာဖွေဖို့ စင်ကာပူရဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနဟာ သူတို့ဆီက အလုပ်အကိုင် အေဂျင်စီတွေကို နောက်တနေ့မှာပဲ တိုက်တွန်းပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၅ ခုနှစ် ။ ။ အတင်းအကျပ် စစ်သားစုဆောင်းတဲ့ဥပဒေ ကျင့်သုံးမှု တနှစ်ပြည့်ပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Timeline—One Year On: Key Developments in Junta’s Fast-Track Conscription ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်အင်အား ဖြည့်တင်းရေး စစ်ကောင်စီ အကျပ်အတည်းဆိုက်နေသည်
လူငယ်တွေကို ခြိမ်းခြောက်နေတဲ့ စစ်မှုထမ်းဥပဒေ (ရုပ်/သံ)
စစ်မှုထမ်းအကျုံးဝင် အမျိုးသားများ ပြည်ပထွက်ခွင့်ပိတ်
အမျိုးသမီးစစ်မှုထမ်းအတွက် စာရင်းစကောက် (ရုပ်/သံ)
စစ်မှုထမ်းဖို့ ရောင်းစားခံရတဲ့ လူငယ်တဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ်
စစ်ကောင်စီ ငြင်းသော်လည်း ရန်ကုန်၌ အမျိုးသမီးစစ်မှုထမ်း စာရင်းကောက်နေ
လူပြန်ပေးဖြစ်လာသည့် စစ်မှုထမ်းဥပဒေ
HIV နှင့် ဆေးယဉ်ပါးတီဘီ ဖြစ်နေသူများ စစ်မှုထမ်းရန် ခေါ်ခံရ
စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးနှင့် မိန်းကလေးများ မလုံခြုံတော့














