နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ လိုအပ်ချက်ကို လျှော့ချနိုင်ရန်အတွက် စစ်ကောင်စီသည် ပို့ကုန်သွင်းကုန် လိုင်စင်များကို ကန့်သတ်ထားခြင်းနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းများ ထိန်းချုပ်ထားသည့်တိုင် ပြီးခဲ့သည့် ရက်ပိုင်းတွင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းက ပြန်လှုပ်လာခဲ့သည်။
တဒေါ်လာ ၂၁၀၀ ကျပ်ဟု စစ်ကောင်စီဗဟိုဘဏ်က ကနဦး သတ်မှတ်ခဲ့ပြီး နောက်ပိုင်း ဘဏ်နှင့် ဈေးကွက်အတွင်း ၂၈၀၀ ကျပ်ဖြင့် ရောင်းချခွင့်ပေးခဲ့ရာ အချိန်အတော်ကြာ တန့်နေခဲ့ရာမှ ယခု မေလ တတိယပတ်အတွင်း၌ အပြင်ဈေးကွက်တွင် ၁ ဒေါ်လာလဲလှယ်နှုန်း ၃၀၀၀ ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာခဲ့သည်။
စစ်ကောင်စီဗဟိုဘဏ်ကမူ အမေရိကန်ဒေါ်လာကို ပေါက်ဈေးထက် ပိုမိုရောင်းဝယ်ခြင်းများ၊ ငွေကြေးမတည်ငြိမ်မှု ဖြစ်ပေါ်စေရန် ဈေးကစားခြင်းနှင့် ကောလဟလများလွှင့်နေခြင်းကြောင့် ဒေါ်လာဈေးနှုန်း ပြန်လည်မြင့်တက်ရခြင်းဖြစ်ပြီး ယင်းသို့ လုပ်ဆောင်သူများကို အရေးယူမည်ဟု မေလ ၂၅ ရက်က ထုတ်ပြန်လာသည်။
ထိုသို့ လုပ်ဆောင်မှုများတွင် ပြည်တွင်းဘဏ်များ ပါဝင်ပတ်သက်နေပါကလည်း အရေးယူခံရမည် ဖြစ်ကြောင်း သတိပေးထားသေးသည်။ ထို့ပြင် နိုင်ငံခြားငွေ လဲလှယ်နှုန်း တည်ငြိမ်စေရေး ဘဏ်များသို့ နိုင်ငံခြားငွေများ တိုးမြှင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆိုထားသေးသည်။
စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာကို ပေါက်ဈေးထက် ပိုမိုရောင်းဝယ်ခြင်းများ၊ ငွေကြေးမတည်ငြိမ်မှု ဖြစ်ပေါ်စေရန် ဈေးကစားခြင်းနှင့် ကောလဟလများလွှင့်နေခြင်းကြောင့် ဒေါ်လာဈေးနှုန်း ပြန်လည်မြင့်တက်ရခြင်းဖြစ်ပြီး ယင်းသို့ လုပ်ဆောင်သူများကို အရေးယူမည်ဟု မေလ ၂၅ ရက်က ထုတ်ပြန်လာသည်။
သို့သော်လည်း ဗဟိုဘဏ်၏ သတိပေးချက်များသည် ဈေးကွက်ကို ခြိမ်းခြောက်ခြင်း ဖြစ်သလို ဈေးကွက်အတွင်း ဒေါ်လာ အမှန်တကယ် လိုအပ်သော စီးပွားရေးလုပ်ငန်းများသို့လည်း ဒေါ်လာများ လုံလောက်အောင် ရောင်းချပေးနိုင်ခြင်း မရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဧရာဝတီသို့ ပြောသည်။
“ဗဟိုဘဏ် ထုတ်ရောင်းပေးမယ်သာ ပြောတာ။ ဘယ်တော့မှ လုပ်ငန်းရှင်တွေဆီကို သေချာ မရောက်ဘူး။ သူတို့ ရောင်းပေးလိုက်တဲ့ လူတစုကပဲ အများစု ရသွားကြတာ။ အဲဒီတော့ လုပ်ငန်းရှင်ဆိုတဲ့ သဘောက တွက်ချေမကိုက်ရင် ဘာမှမလုပ်ကြဘူးဆိုတော့ အခုဆိုရင် တော်တော်များများ ပုံမှန်အလုပ်ပဲ လုပ်ပြီး စောင့်ကြည့်နေကြတာ” ဟု ပို့ကုန် သွင်းကုန် စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်သည် ပို့ကုန်လုပ်ငန်းများ၏ ပို့ကုန်ရငွေများကို ၃၅ ရာခိုင်နှုန်းကိုသာ စိတ်ကြိုက် လုပ်ကိုင်ခွင့် ပေးထားပြီး ကျန် ၆၅ ရာခိုင်နှုန်းကို ၎င်းတို့ သတ်မှတ်ထားသော ၁ ဒေါ်လာကို ကျပ် ၂၁၀၀ ဖြင့် လဲလှယ်ရန် ကန့်သတ်ထားသည်။ ထို့အတွက်ကြောင့် လုပ်ငန်းရှင်များသည် ရငွေအများစုကို ပြင်ပပေါက်ဈေးထက် နိမ့်သော ၁ ဒေါ်လာကို ကျပ် ၂၁၀၀ နှုန်းဖြင့်သာ ရရှိကြပြီး လိုအပ်သော သွင်းကုန်ပစ္စည်းများ ပြန်လည်ဝယ်ယူရန် လိုအပ်သော ဒေါ်လာ ပမာဏကို ပြင်ပပေါက်ဈေးဖြစ်သော ၁ ဒေါ်လာကို ကျပ် ၂၈၀၀ မှ ၃၀၀၀ ကြားဖြင့် ပြန်လည် ဝယ်ယူကြရတော့သည်။
လတ်တလောဖြစ်ပေါ်နေသော နိုင်ငံခြားငွေ အကျပ်အတည်းမှာ စစ်ကောင်စီ ဗဟိုဘဏ်၏ ငွေကြေးဈေးကွက်ကို ထိန်းကျောင်းရမည့်အစား အမိန့်ပေး ထိန်းချုပ်ကန့်သတ်ခြင်းများ၏ အကျိုးဆက် ရလဒ်များပင်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုတွင် နေထိုင်နေသော စီးပွားရေးပညာရှင် ဦးစိန်ဌေးက ဧရာဝတီသို့ ပြောသည်။
“အာဏာသိမ်းပြီးကတည်းက တိုင်းပြည်စီးပွားရေးကို သူတို့ရဲ့ စရိုက်အတိုင်း ဖိနှိပ်အုပ်ချုပ်တဲ့ နည်းနဲ့ ဝင်ရောက် စွပ်ဖက်တာကနေ ပြဿနာတွေ စတာပဲ။ ပထမဆုံး ဘဏ်တွေကို ဗဟိုဘဏ်က ဝင်ပြီးတော့ ကန့်သတ်ချက်တွေ လုပ်လာတယ်။ နောက်တခုက ပြည်သူ့လူထုရဲ့ သူတို့အပေါ် ယုံကြည်မှု မရှိဘူး။ အခုဆိုရင် ပို့ကုန် သွင်းကုန်တွေကို တရစ်ချင်း ကျပ်လာတယ်။ သူတို့က ပိုက်ဆံလိုချင်တာကိုး။ ကုန်သည်တွေက မကိုက်တော့တဲ့အခါမှာ တိုင်းပြည်စီးပွားရေးက ထိခိုက်နစ်နာလာနေပြီ” ဟု ၎င်းက ဆိုသည်။
လတ်တလောဖြစ်ပေါ်နေသော နိုင်ငံခြားငွေ အကျပ်အတည်းမှာ စစ်ကောင်စီ ဗဟိုဘဏ်၏ ငွေကြေးဈေးကွက်ကို ထိန်းကျောင်းရမည့်အစား အမိန့်ပေး ထိန်းချုပ်ကန့်သတ်ခြင်းများ၏ အကျိုးဆက် ရလဒ်များပင်
စစ်ကောင်စီသည် နိုင်ငံခြားငွေအတွက် ကုန်သွယ်မှုမှ ရပေါက်ရလမ်း အခွင့်မသာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ် ဝင်ရောက်မှုမရှိခြင်းနှင့် နိုင်ငံတကာချေးငွေများလည်း မရရှိခြင်းများကြောင့် နိုင်ငံခြားအရန်ငွေ ရှားပါးလာသည့် အကျပ်အတည်းကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးစိန်ဌေးက သုံးသပ် ပြောဆိုသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မဖြစ်ခင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) အရပ်သားအစိုးရ လက်ထက် တာဝန်ယူခဲ့သော နောက်ဆုံးအချိန်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၇ ဘီလီယံအထိရှိခဲ့ကြောင်း နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယုံကြည်စိတ်ချရနိုင်လောက်သော စာရင်းအချက်အလက်များ ရရှိရန် ခက်သွားပြီး တဖက်တွင် ပြည်တွင်း ခုခံတော်လှန်ရေး စစ်ပွဲများကြောင့် မြင့်တက်လာသော စစ်အသုံးစရိတ်အခြေအနေများအရ စစ်ကောင်စီ၏ နိုင်ငံခြား အရန်ငွေပမာဏသည် စိုးရိမ်စရာဖြစ်လာနေပြီ ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံး သပ်ပြောဆိုကြသည်။
ကုလသမဂ္ဂနှင့် ဆက်စပ်အဖွဲ့အစည်းတခု၏ ၁၀ လကြာ စုံစမ်းစစ်ဆေးမှုအရ စစ်ကောင်စီသည် ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြုတ်ချလိုက်ပြီး နောက်ပိုင်း နိုင်ငံတကာမှ လက်နက်များနှင့် လက်နက်ထုတ်လုပ်ရာတွင် သုံးသည့် ကုန်ကြမ်းပစ္စည်းများ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး တင်သွင်းခဲ့ကြောင်း သိရသည်။
ပြည်တွင်း ခုခံတော်လှန်ရေး စစ်ပွဲများကြောင့် မြင့်တက်လာသော စစ်အသုံးစရိတ်အခြေအနေများအရ စစ်ကောင်စီ၏ နိုင်ငံခြား အရန်ငွေပမာဏသည် စိုးရိမ်စရာဖြစ်လာနေပြီ ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံး သပ်ပြောဆိုကြသည်။
ထို့အပြင် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့အနေဖြင့် ပြည်တွင်းပြည်ပ ချေးငွေများကို အတိုးနှင့်အရင်းပေါင်း အမေရိကန်ဒေါ်လာ သန်း ၇၀၀ ခန့် နှစ်စဉ် ပေးဆပ်နေရကြောင်းလည်း ပြောဆိုခဲ့သည်။
အဆိုပါ အခြေအနေများအပြင် နိုင်ငံအတွက် အရေးကြီးကုန်စည်များဖြစ်သည့် လောင်စာဆီ၊ ဆေးဝါးနှင့် စာအုန်းဆီများ၏ နှစ်စဉ်တင်သွင်းရမှုသည်လည်း အမေရိကန်ဒေါ်လာ ဘီလီယံချီ ကုန်ကျလျက်ရှိသည်။
ရန်ကုန်မြို့ရှိ စီးပွားရေးပညာရှင်တဦးက “ဒေါ်လာ အကျပ်အတည်းဖြစ်လာရင် သွင်းကုန်ရှားပါးမှုတွေ ပိုဖြစ်လာပြီးတော့ စီးပွားရေးက ပိုပြီး ကျပ်တည်းလာမယ်။ ဟိုးအရင် (ဆိုရှယ်လစ်) ခေတ်တုန်းကလို မှောင်ခိုဈေးကွက်က ပြန်ပြီး ကြီးထွားလာဖို့ပဲရှိတယ်။ အခုတောင်မှ ဒေါ်လာဆိုရင် မှောင်ခိုဈေးကွက် ဖြစ်နေပြီလေ ” ဟု ဧရာဝတီသို့ ပြောဆိုသည်။
လက်ရှိအခြေအနေများအရ စစ်ကောင်စီသည် တိုင်းပြည်စီးပွားရေးကို ဈေးကွက်က ဦးဆောင်သည့်စနစ်ကို အားလျှော့စေ သော အရာရာကို ကန့်သတ်ထိန်းချုပ်သော စနစ်များလုပ်လာနေခြင်းကြောင့် မှောင်ခိုဈေးကွက်ကို ပိုကြီးထွားလာစေရန် တွန်းအားဖြစ်စေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိအခြေအနေများအရ စစ်ကောင်စီသည် တိုင်းပြည်စီးပွားရေးကို ဈေးကွက်က ဦးဆောင်သည့်စနစ်ကို အားလျှော့စေ သော အရာရာကို ကန့်သတ်ထိန်းချုပ်သော စနစ်များလုပ်လာနေခြင်းကြောင့် မှောင်ခိုဈေးကွက်ကို ပိုကြီးထွားလာစေရန် တွန်းအားဖြစ်စေမည်။
နိုင်ငံခြားငွေ လိုအပ်ချက်ကြီးမားလာနေခြင်းကြောင့် စစ်ကောင်စီသည် နယ်စပ်ကုန်သွယ်ရေးများတွင် တရုတ်ယွမ်နှင့် ထိုင်းဘတ်များဖြင့် ငွေပေးချေခွင့်ပြုပေးထားပြီး ထိုသို့ ငွေကြေးများဖြင့် ကုန်သွယ်မှု ပြုမည်ဆိုပါက သွင်းကုန်လိုင်စင်များ အတွက် ဦးစားပေး ခွင့်ပြုမည်ဟု လုပ်ငန်းရှင်များကို ဆွဲဆောင်လျက်ရှိသည်။
ယင်းသို့ လုပ်ဆောင်ခြင်းသည် လတ်တလောကြုံတွေ့နေသော နိုင်ငံခြားငွေအကျပ်အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်သော ရေတိုဖြေရှင်းသည့် နည်းလမ်းများသာ ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ပြောဆိုကြသည်။
စီးပွားရေးပညာရှင် ဦးစိန်ဌေး က “အခုက ပြဿနာက တိုင်းပြည်ထဲမှာ ကုန်ထုတ်လုပ်မှုက ကမောက်ကမ ဖြစ်တယ်။ သူတို့ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ဖြစ်နေတာ။ သေနတ်ပြပြီး စစ်တိုက်သလိုပဲ စီးပွားရေးကိုလည်း အမိန့်ပေး ထိန်းချုပ်တဲ့ပုံစံနဲ့ သွားနေတာဆိုတော့ စီးပွားရေးက ဆိုးသထက် ဆိုးလာဖို့ပဲ ရှိတယ်” ဟု ပြောဆိုသည်။
You may also like these stories:
ငွေကြေး မတည်ငြိမ်စေရန် လုပ်ဆောင်သူများ အရေးယူမည်ဟု ဗဟိုဘဏ် ထုတ်ပြန်
ဆန်စပါး သိုလှောင်ပါက မှတ်ပုံတင်ရမည်ဟု စစ်ကောင်စီထုတ်ပြန်
ရခိုင်၌ စားသောက်ကုန်၊ ဆေးဝါး အိမ်ဆောက်ပစ္စည်း ဝယ်မရဖြစ်နေ
ညောင်ဦးနှင့်မကွေးရှိ ရေနံမှော်များ ပိတ်သိမ်းမှု သိန်းနှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်
ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်မှ ငါးဖမ်းကျေးရွာများ အကြီးအကျယ် ပျက်စီး
ယခုနှစ် မိုးစပါးစိုက်ဧက လျော့နိုင်သဖြင့် အထွက်နှုန်းလည်းကျနိုင်