Coronavirus Update

UK မှာ ကိုဗစ် ကူးစက်မှု မြင့်တက်လာတာကြောင့် ဒုတိယအကြိမ် Lockdown ဖြစ်နိုင်

ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ဖြစ်နိုင်ခြေရှိတယ်လို့ ထွက်ပေါ်လာပြီးနောက် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ နိုင်ငံတွင်းမှာ COVID-19 ကန့်သတ်ချက်တွေကို တိုးမြင့်လုပ်ဆောင်သွားဖို့ ပြောကြားလိုက်ပါတယ်။ ကူးစက်မှု အသစ်တွေကြောင့် စည်းမျဉ်းအသစ်တွေ ထပ်တိုးဖို့ စီစဉ်နေတာပါ။

နေ့စဉ် ကူးစက်မှုတွေဟာ စက်တင်ဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ ဗြိတိန်မှာ ၄ လအတွင်း အမြင့်ဆုံးအဖြစ် တရက်တည်း ကူးစက်သူ ၄,၄၂၂ ဦး ရှိပြီး သေဆုံးသူ ၂၇ ဦး ရှိခဲ့ပါတယ်။ မေလ ၈ ရက်နေ့ကစလို့ နေ့စဉ် စမ်းသပ်မှုတွေကိုလည်း ၄,၀၀၀ ကျော် တိုးမြင့်လိုက်ပါတယ်။

အင်္ဂလန်အပြင် စကော့တလန်၊ ဝေလ၊ မြောက်အိုင်ယာလန်တွေမှာလည်း နေ့စဉ် ကူးစက်မှုနှုန်း မြင့်တက်နေတာပါ။ ဘောလ်တန်က အားလပ်ရက် အပန်းဖြေခရီး ပြန်လာသူတဦးဟာ သီးခြားခွဲနေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့အပြင် လူအများစုဝေးရာ Pub ကိုလည်း သွားခဲ့တာကြောင့် ဝေဖန်ခံနေရပါတယ်။

အစိုးရက ထုတ်ပြန်ချက်အသစ်တွေ ထုတ်ပြန်ပြီး Pub ဖွင့်ချိန်ကိုလည်း လျှော့ချလိုက်ပါတယ်။ ဒါ့အပြင် တဦးတည်း သီးသန့်နေထိုင်ဖို့ ငြင်းဆိုနေသူတွေကို ဒဏ်ကြေးနှုန်းထား အသစ်နဲ့ ဆောင်ဖို့ ဝန်ကြီးချုပ်က ကြေညာလိုက်ပါတယ်။

ဗြိတိန်တင်မကဘဲ တခြား ဥရောပနိုင်ငံတွေမှာပါ ကူးစက်မှုနှုန်း မြင့်တက်လာတာကြောင့် စည်းမျဉ်းကန့်သတ်ချက်အသစ်တွေ ထပ်မံထုတ်ပြန်ခဲ့ကြပါတယ်။ ဝန်ကြီးချုပ် ဂျွန်ဆင်က ပြင်းထန်တဲ့ Lockdown ကန့်သတ်ချက်မျိုး ထပ်မလုပ်လိုဘဲ Social distancing စည်းမျဉ်းတွေကိုသာ တင်းကြပ်သွားဖို့ ဆန္ဒရှိနေပါတယ်။

ဒါကြောင့်လည်း အစိုးရဟာ အင်္ဂလန်နိုင်ငံတဝှမ်း ရက်တို တစိတ်တဒေသ အသွားအလာ ကန့်သတ်ခြင်း (Circuit break) ပုံစံမျိုး လုပ်ဆောင်ဖို့ စဉ်းစားနေပါတယ်။ ကျောင်းတွေ၊ အလုပ်တွေကိုတော့ ဖွင့်လှစ်ပေးထားမှာ ဖြစ်ပါတယ်။

ပြင်းထန်တင်းကြပ်တဲ့ Lockdown ကို ရှောင်လွှဲနိုင်ဖို့ နောက်ဆုံး အခွင့်အရေးအနေနဲ့ အစိုးရ ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး စည်းမျဉ်းတွေကို ပြည်သူတွေ အတိအကျ လိုက်နာကြမှ ဖြစ်မယ်လို့ ကျန်းမာရေးဌာန အကြီးအကဲက စက်တင်ဘာ ၂၁ ရက်က သတိပေး ပြောဆိုလိုက်ပါတယ်။

လန်ဒန်မြို့တော်ဝန် Sadiq Khan က မြို့တော် လန်ဒန်တဝိုက်မှာ ကူးစက်မှုနှုန်း အလျင်အမြန် တိုးမြင့်လာတာဟာ အလေးထား ဆောင်ရွက်ရမယ့် အကြောင်းအရာ ဖြစ်နေပြီလို့ ဆိုပါတယ်။ ဒါ့အပြင် ယူကေက တခြားဒေသတွေမှာ ထုတ်ပြန်ထားပြီးဖြစ်တဲ့ စည်းမျည်းတွေကိုလည်း ထည့်သွင်း စဉ်းစားသွားရမယ်လို့ ပြောလိုက်ပါတယ်။

“ကျနော်တို့ စောင့်ကြည့်နေလို့ မရတော့ပါဘူး။ လွန်ခဲ့တဲ့ ၆ လကလိုပဲ ကြိုတင် မထိန်းချုပ်နိုင်ခင် နောက်ထပ် ပျံ့နှံ့သွားနိုင်တယ်” လို့ Khan က ဆိုပါတယ်။ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း Trafalgar Square မှာ Lockdown နဲ့ ကာကွယ်ဆေးတွေကို ဆန့်ကျင်ဆန္ဒပြခဲ့သူ ၃၂ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

Ref: BBC

You may also like these stories:

ညမီးရောင်စုံတွေကြား ပြန်စည်ကားလာတဲ့ ဝူဟန်မြို့

ကိုဗစ်ကူးစက်မှု အသစ်တွေကြောင့် အစ္စရေးကို ဒုတိယအကြိမ် Lockdown ချ

စစ်ပွဲ၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကိုဗစ် အကျပ်အတည်းကြားက ယီမင်နိုင်ငံ

Loading