Coronavirus Update

ကိုဗစ် ကူးစက်မှု နောက်ဆက်တွဲအဖြစ် အမျိုးသားများမှာ ပန်းသေ၊ ပန်းညှိုး ဖြစ်နိုင်

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို တကမ္ဘာလုံးက စောင့်ဆိုင်းနေချိန်မှာ ကျွမ်းကျင်ပညာရှင်တွေက COVID-19 ရဲ့ နောက်ဆက်တွဲ ဖြစ်နိုင်ချေ အကျိုးဆက်အဖြစ် အမျိုးသားတွေမှာ ပန်းသေ၊ ပန်းညှိုး ဖြစ်နိုင်တယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။ ယခင်က အသက်ရှုရ ခက်ခဲတာ၊ အရသာခံနိုင်စွမ်း ပျောက်ဆုံးခြင်းနဲ့ သတိမေ့ လက္ခဏာတွေ ဖြစ်နိုင်တယ်လို့ ဆိုခဲ့ဖူးပါတယ်။

မကြာသေးခင်က အင်တာဗျူးတခုမှာ အထူးကုဆရာဝန် ဒေါက်တာ Dena Grayson က COVID-19 ရောဂါကြောင့် အမျိုးသားတွေမှာ ကာလရှည်ကြာ ပန်းသေ၊ ပန်းညှိုး ရောဂါခံစားရနိုင်တယ်လို့ ဖြေကြားခဲ့ပါတယ်။

“ကိုရိုနာဗိုင်း ရပ်စ်ကြောင့် သွေးကြောတွေ ထိခိုက်ကုန်တယ်။ ဒါတကယ့်ကို အလေးထားရမယ့် ကိစ္စပါ။ ဗိုင်းရပ်စ်ကြောင့် လူ့အသက်တွေ သေဆုံးနိုင်သလို၊ ခန္ဓာကိုယ်ကိုလည်း ရေရှည် ဒုက္ခပေးနေတာမျိုးပါ” လို့ ဒေါက်တာ Grayson က ဆိုပါတယ်။

ဇူလိုင်လတုန်းက အီတလီနိုင်ငံမှာ လေ့လာချက်တခုအရ ပန်းသေ၊ ပန်းညှိုး ရောဂါအခံရှိသူတွေဟာ COVID-19 နမိုးနီးယားရောဂါ ဖြစ်နိုင်ချေ များသလို၊ ရောဂါသက်သာလာသူတွေမှာလည်း အထူးသဖြင့် သက်ကြီးပိုင်း အရွယ်တွေမှာ နောက်ဆက်တွဲအဖြစ် ပန်းသေ၊ ပန်းညှိုး ဖြစ်နိုင်ချေရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

COVID-19 ရောဂါဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံး ထိခိုက်ခံစားရတဲ့ ရောဂါဖြစ်လို့ ဒီထဲကမှ ပန်းသေ၊ ပန်းညှိုး ရောဂါ နောက်ဆက်တွဲဖြစ်လာတာဟာ အံ့အားသင့်စရာ မဟုတ်ဘူးလို့ အီတလီက လေ့လာရေး ခေါင်းဆောင် ပါမောက္ခ Emmanuele Jannini က ဆိုပါတယ်။ ဒါကြောင့်လည်း ယခင်က ပန်းသေ၊ ပန်းညှိုး ရောဂါခံရှိခဲ့ဖူးသူတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပါက နမိုးနီးယားရောဂါ ရနိုင်ချေ ပိုများတယ်လို့ ဆိုတာပါ။

ပန်းသေ၊ ပန်းညှိုး ရောဂါ ဖြစ်လာရတဲ့ အကြောင်းရင်းကတော့ လိင်တံဆီကို သွေးစီးဆင်းမှု နည်းသွားတဲ့အခါ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှစ်ခုလုံး ရှုပ်ထွေးပြီး ဖြစ်လာတာပါ။ နှလုံးသွေးကြောစနစ်၊ အာရုံကြောစနစ်၊ ဟော်မုန်း ထုတ်ပေးနေတဲ့ Endocrine စနစ်တွေပေါ် အမျိုးမျိုးသော သက်ရောက်မှုတွေကြောင့် လိင်တံ ထောင်မတ်ဖို့ ခက်ခဲတဲ့ ပြဿနာ ဖြစ်စေနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လိင်တံအပါအဝင် ခန္ဓာကိုယ်အနှံ့က Endothelium လို့ခေါ်တဲ့ သွေးကြောနံရံတွေကို တိုက်ခိုက်ပျက်စီးတာကြောင့် သွေးကြောပိတ်ဆို့မှုတွေ ဖြစ်စေပါတယ်။

အကြီးစား သွေးခဲမှုကြောင့် နှလုံး ရုတ်တရက်ဖောက်တာ၊ လေဖြတ်ခြင်းမျိုး ဖြစ်နိုင်သော်လည်း COVID-19 ကြောင့် နှလုံးထိခိုက် ပျက်စီးမှုမှာတော့ နှလုံးသွေးကြောထဲက သွေးမျှင်ကြောလေးတွေ ပိတ်ဆို့ရာကတဆင့် ဖြစ်စေနိုင်တယ်လို့ လက်ခံထားကြပါတယ်။ သွေးလွှတ်ကြော စီးဆင်းမှု ကျဉ်းမြောင်းသွားချိန်မှာ လိင်တံတွင်းရှိ သွေးလွှတ်ကြောမျှင်လေးတွေပါ အလျင်အမြန် ပိတ်ဆို့သွားပါတယ်။

COVID-19 ကူးစက်ခံရမှုရဲ့ နောက်ဆက်တွဲ ပန်းသေ၊ ပန်းညှိုး ရောဂါအကြောင်းကို ရှင်းပြချက်တွေ အမြောက်အမြား ရှိပေမယ့် ပညာရှင်တွေကတော့ COVID-19 နဲ့ ဆက်စပ်မှုတွေကို အတိအကျ သိရှိလာအောင် နောက်ထပ် လေ့လာချက်တွေ ပြုလုပ်ဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး စင်တာကနေ ဖော်ပြချက်တွေမှာတော့ COVID-19 ရဲ့ နောက်ဆက်တွဲ အကျိုးဆက် ရောဂါလက္ခဏာစာရင်းမှာ ပန်းသေ၊ ပန်းညှိုး ရောဂါကို ထည့်သွင်းထားခြင်း မရှိပါဘူး။ ဒေါက်တာ Grayson ထောက်ပြ ပြောဆိုချက်အရတော့ ပညာရှင်တွေဟာ လူနာတွေကို နှစ်ရှည် စောင့်ကြည့် လေ့လာသွားဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ပညာရှင်အများစုက COVID-19 ရောဂါကြောင့် ခံစားရမယ့် နောက်ဆက်တွဲရောဂါ လက္ခဏာတွေကို အကောင်းဆုံး ရှောင်ရှားနိုင်မယ့် နည်းလမ်းကတော့ COVID-19 မကူးစက်ရအောင် ဦးစားပေး ကာကွယ်ရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က COVID-19 ရောဂါ ကာကွယ်ရေးအတွက် အများပြည်သူသွားလာရာ နေရာတွေမှာ နှာခေါင်းစည်း Mask တပ်ကြဖို့နဲ့ အနည်းဆုံး ၂ မီတာ (၆ ပေ) အကွာနေကြဖို့၊ လူစုလူဝေး ရှောင်ပြီး လက်ကို မကြာခဏ သန့်စင်ဆေးကြောပေးဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

Ref: DW

You may also like these stories:

နိုင်ငံဦးစားပေး ကာကွယ်ဆေး ဝယ်ယူမှုတွေကို ကုလအတွင်းရေးမှူးချုပ် သတိပေး

ဗြိတိန်မှာ ထိုးနှံပေးနေတဲ့ ကိုဗစ် ကာကွယ်ဆေးနဲ့ ဓာတ်မတည့်သူတွေ ရှိလာ

ယူကေမှာ ပထမဆုံးအကြိမ် COVID-19 ကာကွယ်ဆေး စတင်ထိုးနှံ

Did you find apk for android? You can find new Free Android Games and apps.
Loading