မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပိုး တွေ့ရှိခဲ့တဲ့ လူနာ ၂ ဦးနဲ့ (ယနေ့ ထပ်တိုး ၁ ဦး) တို့ တွေ့ပြီးနောက်မှာ စိုးရိမ်ပူပန်မှု ဖြစ်နေကြတဲ့ ပရိသတ်တွေကို စိတ်မပူစေဖို့နဲ့ အိမ်ထဲမှာနေပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြဖို့ ဝတ်မှုံရွှေရည်က သူ့ရဲ့ Facebook Page ကနေ Live လွှင့်ပြီး ပြောပြခဲ့ပါတယ်။
“အရမ်းစိတ်မပူကြပါနဲ့။ ကိုယ့်အိမ်မှာပဲ ကိုယ်နေ၊ ကိုယ့်မိဘတွေဆိုရင်လည်း အသက်တွေ ကြီးပြီ။ လူကြီးတွေ ဖြစ်နေတော့ ကိုယ်ခံအားကျနေမှာတွေ စိုးရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မောင်နှမ၊ မိဘတွေ အပြင်ပေးမသွားနဲ့။ အိမ်ထဲမှာပဲ နေပါ။ ကစ်ကိုချစ်တဲ့သူတွေ ကစ်ချစ်တဲ့သူတွေ စိတ်ပူပါတယ်” လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။
အပြင်မထွက်ခြင်းအားဖြင့် ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ကယ်တင်လိုက်ခြင်းဖြစ်တာကြောင့် ကုသိုလ်လည်းရတယ်လို့ ဆိုပါတယ်။
“အရမ်းစိတ်မပူပါနဲ့။ စိတ်အေးအေးထား၊ မှန်တဲ့သတင်းတွေကို နိုင်ငံတော်က ထုတ်ပြန်တဲ့သတင်းတွေကို နားစွင့်ပါ။ မျိုးစုံတော့ ပြောနေကြမှာပဲ။ အဲ့အချိန်မှာ စိတ်မပူဖို့ လိုပါတယ်။ ကိုယ်ချစ်တဲ့သူတွေကိုဂရုစိုက်ပေးဖို့။ ကစ်ကတော့ တရားစာအုပ်လေးတွေ စိတ်ငြိမ်သွားမယ့် စာအုပ်လေးတွေ ဖတ်တယ်”
“ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ စာဖတ်တာပဲဖြစ်ဖြစ်ပေါ့နော်။ တယောက်တည်း နေရင်ကျတော့ လျှောက်တွေးမိတယ်။ တက်လာတဲ့ သတင်းမျိုးစုံးကို လိုက်ပြီး မခံစားဖို့ လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်၊ မိသားစုနဲ့နေတာပဲဖြစ်ဖြစ် အာရုံပြောင်းပြီး စိတ်ကိုထားပေးပါ” လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။
ပစ္စည်းများ အပြင်ထွက်ဝယ်တဲ့အခါမှာလည်း လိုအပ်မှသာ ဝယ်ယူကြပြီး ကိုယ့်ရဲ့အနီးနားမှာရှိတဲ့ လူနည်းတဲ့နေရာများမှာဝယ်ယူကြဖို့လည်း ပြောခဲ့ပါတယ်။
“ပစ္စည်းတွေ ဘာတွေဆိုရင်လည်း အရမ်းကြီး လိုအပ်မှသာ သွားဝယ်ပါ။ လူများတဲ့နေရာတွေ သွားမဝယ်ပါနဲ့။ တကယ်လိုအပ်မှသာ အနီးနားတဝိုက် နေရာလေးတွေ၊ လူနည်းတဲ့ နေရာလေးတွေမှာ သွားဝယ်ပါ။ လူများတဲ့ နေရာတွေကို သွားမဝယ်ပါနဲ့” လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။
ဆက်လက်ပြီး “အခုဆိုရင် ဆေးရုံတွေ၊ ဆေးခန်းတွေမှာ ဆရာဝန်၊ ဆရာမတွေက တကယ့်ကို အသက်ပေးပြီး ကာကွယ်နေကြတာပေါ့။ ကိုယ်သာ တခုခုဖြစ်သွားရင် ကိုယ့်ပတ်ဝန်းကျင်သာ တခုခု ရောဂါကူးစက်သွားခဲ့ရင် ဆေးရုံ၊ ဆေးခန်းတွေမှာ အလုပ်ရှုပ်နေတဲ့ ဆရာဝန်၊ ဆရာမတွေအတွက် အလုပ်တွေ ပိုများသွားမယ် ။ အကုန်လုံး အဆင်ပြေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ။ လူစုလူဝေးတွေ မသွားပါနဲ့ဦး” လို့ ပြောပါတယ်။
အစားအသောက်နဲ့ ပတ်သက်ပြီးတော့လည်း အရက် မသောက်ကြဘဲ ဗီတာမင်စီကို သောက်ပေးဖို့အတွက်လည်း တိုက်တွန်းပြောထားပါတယ်။
“အစားအသောက်ကိုလည်း အားရှိတဲ့ အစားအစာတွေစားဖို့ ကိုယ်ခံအားကောင်းနေဖို့လည်း လိုတယ်။ ကိုယ်ခံအားကောင်းမှသာ ရောဂါတွေကို ကာကွယ်နိုင်မှာ။ ကိုယ်ခံအားကောင်းဖို့အတွက် ဗီတာမင်တွေလိုတယ်။ ဗီတာမင်စီကတော့ ပိုလိုတယ်။ အဲဒါကြောင့် အရက်တွေ မသောက်ပါနဲ့။ ကိုယ်ခံအား ကျတယ်။ ရေများများသောက် အိပ်ရေးဝဝ အိပ်ပါ။ ကျန်းမာအောင် နေပါ။ ပရိသတ်တွေလည်း ဂရုစိုက်ပါ” လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။
သရုပ်ဆောင် ဝတ်မှုံရွှေရည်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်း မတ်လ ၁၇ ရက်နေ့က COVID-19 ရောဂါ ကာကွယ်ရေးအတွက် ရန်ကုန်မြို့၊ ဟယ်လ်ပင် ကလေးဆေးရုံမှာလည်း လိုအပ်တဲ့ လက်သန့်ဆေးများ ၊ PPE ဝတ်စုံ ၁၀ စုံတို့ကို လှူဒါန်းခဲ့ပါတယ်။
You may also like these stories:
စူပါမားကတ်တွေမှာ ကြက်ဥ မရှိလို့ ကြက်မွေးလိုက်တဲ့ မင်းသား Tom Holland
Quarantine ကာလအတွင်း ခွေးလေးနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံကို Chris Evan ပြန်မျှဝေ
ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှုကနေ လူဦးရေ ၁ သိန်းကျော် ပြန်လည်သက်သာ