Entertainment

“အနုပညာသက်တမ်း တလျှောက် အကောင်းအဆိုးတွေ အများကြီး ရှိတယ်”

Want create site? Find Free WordPress Themes and plugins.

“သင်္ကြန်မိုး” လို့ ဆိုလိုက်တာနဲ့ မေသန်းနုကို တွဲမြင်ကြမှာပါ။ မေသန်းနုအတွက်တော့ “သင်္ကြန်မိုး” ဇာတ်ကားဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ဇာတ်ကားတကားပါလို့ ဆိုပါတယ်။

“မဆင့်က သင်္ကြန်မိုး ၁၉၈၅ ကတည်းကဆိုတော့ အနုပညာသက်တမ်း ၃၅ နှစ် ကျော်ပြီ။ သင်္ကြန်မိုးကတော့ မဆင့်ဘဝအတွက် ဘယ်လိုမှ တန်ဖိုးမဖြတ်နိုင်တဲ့ ကားတကားမှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းကို အဖိုးတန်တယ်။ တန်ဖိုးမဖြတ်နိုင်ဘူး။ နှစ်တိုင်း သင်္ကြန်မိုးကလည်း လာနေတယ်။ နောင်လာ နောက်သားတွေလည်း ကြည့်ကြရတော့ တန်ဖိုးမဖြတ်နိုင်တဲ့ ကားတကားပါ”လို့ မေသန်းနုက ပြောပါတယ်။

မေသန်းနုကတော့ အနုပညာသက်တမ်း တလျှောက်မှာ အမှတ်တရတွေ အများကြီးရှိသလို အကောင်းအဆိုးတွေ အများကြီး ရှိတယ်လို့ ဆိုပါတယ်။

“မဆင့်အတွက် အနုပညာသက်တမ်းမှာ အမှတ်တရတွေကတော့ အများကြီးပေါ့။ အကောင်းအဆိုးတွေ အများကြီး ရှိတယ်။ ပထမဆုံး အကယ်ဒမီမှာဆို မူပိုင်ချစ်သူကို မဆင့် မှန်းထားတာ မဟုတ်ဘူး။ အဲ့ကားမှာ ကိုကျော်သူ အရမ်းကောင်းတယ်။ ရတော့ ကိုယ်က ရတယ်”

“တချို့စဉ်းစားထားတဲ့ ကားတွေ ရှိတာပေါ့။ ကိုယ်လည်း အရမ်းကြိုးစားတယ်။ အနုပညာအရရော၊ ငွေရေးကြေးရေးအရရော အရမ်းအောင်မြင်တဲ့ ကားတွေမှာ အကယ်ဒမီ မရခဲ့တာတွေလည်း ရှိတယ်။ အဲ့လိုမျိုးကျတော့ နှမြောတာပေါ့”လို့ မေသန်းနုက ပြောပါတယ်။

ဆင်ဆာ တင်းကျပ်ချိန်မှာ မင်းသမီးဖြစ်လာတာမို့ ဆင်ဆာနဲ့ အသားကျနေပြီလို့လည်း ဆိုပါတယ်။

“ဆင်ဆာ အရမ်းတင်းကျပ်တဲ့ အချိန်မှာ မဆင့်တို့က မင်းသမီး ဖြစ်လာတာဆိုတော့ ဆင်ဆာနဲ့ အသားကျနေတာပေါ့။ အကောင်းအဆိုးကို ကိုယ်သိနေတဲ့အခါကျတော့ ဆင်ခြင်ပြီးသားလည်း ဖြစ်နေတဲ့အခါကျတော့ တချို့ကျတော့ ကောင်းတာလည်း ရှိသလို၊ ဆိုးတာလည်း ရှိတာပေါ့။ မြန်မာ့ရိုးရာနဲ့ ကိုက်ညီတာတွေကျတော့ ကောင်းတာပေါ့”လို့ မေသန်းနုက ပြောပါတယ်။

ဇာတ်လမ်းအနေနဲ့ တကယ့်အဖြစ်အပျက်တွေကို ပြန်ရိုက်တာလည်း ရှိတဲ့အတွက် ဆင်ဆာကို သိပ် တင်းကျပ်ဖို့ မလိုဘူးလို့လည်း ဆိုပါတယ်။

“ဇာတ်လမ်းအနေနဲ့ကျတော့ အဖြစ်အပျက်တခုကို အပြင်မှာ တကယ်ရှိတဲ့ဟာမျိုးကျတော့ ခွင့်မပြုတာတွေ ရှိတာပေါ့။ အပြင်မှာ တကယ်တမ်းရှိတဲ့ ဇာတ်လမ်းတွေလည်း ရှိတော့ ပေးရင်တော့ ပိုကောင်းတာပေါ့။ ဆင်ဆာအနေနဲ့ ဇာတ်လမ်းကို သိပ်တင်းကျပ်ဖို့ မလိုဘူး ထင်ပါတယ်”လို့ မေသန်းနုက ပြောပါတယ်။

သရုပ်ဆောင် မေသန်းနုကတော့ အနုပညာသက်တမ်း ၃၅ နှစ်ကျော်ပြီ ဖြစ်ပြီး အကယ်ဒမီ ၅ ထပ်ကွမ်း ရရှိထားတဲ့ ဝါရင့် မင်းသမီးတလက် ဖြစ်ပါတယ်။

You may also like these stories:

“အနုပညာ ပြန်လုပ်ချင်ပေမယ့် ကမ်းလှမ်းမယ့်သူ မရှိသေးဘူး”

“အသည်းကွဲတဲ့ရောဂါ” သီချင်း သီဆိုသူ အဆိုတော် လာဇရု ကွယ်လွန်

“ရည်းစားထားဖို့ အချိန်မပေးနိုင်သေးဘူး”လို့ ပြောတဲ့ ဆောင်းအိန္ဒြေထွန်း

Did you find apk for android? You can find new Free Android Games and apps.
Loading