Miss Universe Myanmar 2020 အလှမယ် သူဇာဝင့်လွင်ဟာ လက်ရှိ အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး၊ အမေရိကန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် (Asylum) တောင်းခံထားတယ်ဆိုတဲ့ သတင်းတွေဟာ ကောလာဟလသာ ဖြစ်ကြောင်း Chin TV International ကနေ ဖြေရှင်းလိုက်ပါတယ်။
“အဲ့သတင်းတွေက ကောလာဟလ သတင်းအမှားတွေပါ။ ညီမ တကယ်တော့ ဒီမှာ (အမေရိကားမှာ) ခဏ နေနေတာက ဗီဇာသက်တမ်းလည်း နည်းနည်း ကျန်သေးတယ်။ ပြီးတော့ ဒီမှာရှိတဲ့ ချင်းလူမျိုးတွေနဲ့ မြန်မာလူမျိုးတွေက ညီမကို ဂုဏ်ပြုချင်တယ်”
“ဂုဏ်ပြုပွဲလေး လုပ်ပေးချင်တယ်ဆိုလို့ ညီမက နိုင်ငံနဲ့ ဝေးနေရတဲ့ အချိန်မှာ ကိုယ့်နိုင်ငံက လူတွေနဲ့ တွေ့တော့ ပိုပြီးတော့လည်း လုံခြုံတယ်၊ နွေးထွေးသလို ခံစားရလို့ ညီမကိုယ်တိုင်ကလည်း ဒီမှာရှိတဲ့ State တွေ အကုန်လုံးနီးပါးကို လိုက်ပြီးတော့ သူတို့နဲ့ တွေ့ဆုံပွဲလေး လုပ်နေတာပါ။ အဲဒါပဲ ရှိတာပါ”လို့ အလှမယ် သူဇာဝင့်လွင်က ပြောပါတယ်။

နိုင်ငံရေး ခိုလှုံခွင့်တောင်းဖို့ စိတ်ကူး မရှိသေးသလို၊ မြန်မာနိုင်ငံက အခြေအနေတွေ အဆင်ပြေသွားရင် ပြန်ဖို့ လုပ်မှာပါလို့ သူဇာဝင့်လွင်က ဆိုပါတယ်။
“Asylum (နိုင်ငံရေး ခိုလှုံခွင့်) လုပ်ဖို့လည်း စိတ်ကူးလည်း မရှိသေးပါဘူး။ ပြီးတော့ ညီမက မြန်မာနိုင်ငံမှာ အခြေအနေတွေ အဆင်ပြေသွားရင် ပြန်ဖို့လည်း လုပ်မှာပါ။ အခု လောလောဆယ်ကလည်း ဒီမှာပဲ အလုပ်လေး လုပ်ရင်းနဲ့ အဲ့လိုပဲ ခဏ နေမှာပါ။ Asylum ကိစ္စက မဟုတ်ပါဘူး။ သတင်းအမှားတွေ တက်နေတာပါ”လို့ သူဇာဝင့်လွင်က ပြောပါတယ်။
ဆက်လက်ပြီး သူဇာဝင့်လွင်အား ဝရမ်း ထုတ်ခံထားရတယ်ဆိုတဲ့ သတင်းကလည်း သတင်းအမှားသာ ဖြစ်ကြောင်း ထပ်မံ ဖြေရှင်းထားပါတယ်။
“ညီမကို ဝရမ်းထုတ်ခံထားရတယ် ဆိုတာလည်း သတင်းအမှားပါပဲ။ ညီမ Page ကနေလည်း ဖြေရှင်းထားပါတယ်။ ညီမ ဝရမ်းလည်း အထုတ်မခံထားရပါဘူး။ နိုင်ငံကနေ ထွက်လာပြီးတော့ ပြိုင်ပွဲ ပြိုင်ချင်တယ်ဆိုပြီး ပြိုင်ပွဲ ပြိုင်ပြီးသွားပြီပေါ့။ အဲ့သတင်းကိုလည်း ညီမ ပြန်ပြီး ဖြေရှင်းထားပါတယ်”လို့ သူဇာဝင့်လွင်က ပြောထားပါတယ်။

ဒါ့အပြင် သူဇာဝင့်လွင် ဝတ်ဆင်ခဲ့တဲ့ ၆၉ ကြိမ်မြောက် Miss Universe “Best National Costume” ဆုရ ချင်းရိုးရာ ဝတ်စုံကို အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ Indianapolis မြို့မှာရှိတဲ့ Chin Center ပြတိုက်မှာ သမိုင်းဝင် အဆင်တန်ဆာအနေနဲ့ ဂုဏ်ပြု ပြသသွားမယ်လို့ သိရပါတယ်။
You may also like these stories:
သူဇာဝင့်လွင်ကို လိုအပ်တဲ့ အကူအညီများ ပေးမယ့် ဥက္ကာမင်းမောင်
ညီမဖြစ်သူ သူဇာဝင့်လွင်အတွက် စိတ်ပူနေတဲ့ သရုပ်ဆောင် မေ
ချင်းရိုးရာ ဝတ်စုံနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တဲ့ သူဇာဝင့်လွင်
အခက်အခဲတွေကြားက မြန်မာ့ဂုဏ်ဆောင် အလှမယ် သူဇာဝင့်လွင်













