ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကူးစက်ပျံ့နှံ့မှုနှုန်းက ပိုပိုပြီး တိုးလာနေတာကို တွေ့ရပါတယ်။ ဒီကနေ့အချိန်ထိတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၂၁၃ ယောက်ရှိနေပြီး လူပေါင်း ၉ ထောင်ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတယ်လို့ သိရပါတယ်။ သံသယလူနာပေါင်း ၁၂,၁၆၇ ရှိပြီး ၁၆၃ ယောက်ကတော့ နလန်ပြန်ထူ လာနိုင်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံအပြင် တခြားနိုင်ငံတွေကိုလည်း ကူးစက်နေတဲ့အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း(WHO) ကလည်း ကမ္ဘာ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာထားပါတယ်။ ဒီလို ကြေညာထားတဲ့အတွက်လည်း နိုင်ငံတကာနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ပြဿနာကို ဝိုင်းဝန်းဖြေရှင်းရတော့မှာပဲ ဖြစ်ပါတယ်။
တရုတ်အစိုးရအနေနဲ့လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေမှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေတာမျိုးရှိပါတယ်။ ဒီကနေ့အချိန်ထိတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ နိုင်ငံပေါင်းက အနည်းဆုံး ၁၉ နိုင်ငံ အထိ ရှိသွားပါပြီ။ ဗိုင်းရပ်စ်ကူးစက်မှုက အခုရက်ပိုင်းအတွင်း ပိုပြီးမြန်ဆန်လာခဲ့ပါတယ်။ တရုတ်နိုင်ငံမှာတော့ လူသေဆုံးမှုအထိ ဖြစ်ပွားနေပေမယ့် ကျန်တဲ့နိုင်ငံတွေမှာတော့ လူသေဆုံးတာမျိုး မရှိသေးပါဘူး။
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ဆေးဝါးရယ်လို့ မရှိသေးပေမယ့် သြစတြေးလျ သိပ္ပံပညာရှင်တွေကတော့ ကိုရိုနာဗိုင်းရပ်စ် ပုံတူကို ဖန်တီးနိုင်ခဲ့ပါပြီ။ အဲဒီပုံတူ ဖန်တီးထားတဲ့ ဗိုင်းရပ်စ်ကနေတဆင့် ကိုရိုနာဗိုင်းရပ်စ်ကို ပြန်လည် တိုက်ထုတ်နိုင်မယ်လို့ ပညာရှင်တွေက မျှော်လင့်ထားပေမယ့် ဘယ်အချိန်မှ ဆေးဝါးကုသပေးနိုင်မယ်လို့တော့ မသိရသေးပါဘူး။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းက မြန်ဆန်နေတဲ့အတွက် နိုင်ငံတချို့မှာ တရုတ်ခရီးသွားတွေကို ခရီး သွားလာခွင့် ယာယီ ပိတ်ပင်ထားတာမျိုး ရှိပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးတာမျိုး ရှိနေပါတယ်။
တရုတ်နိုင်ငံပြင်ပမှာဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံနေရတဲ့ နိုင်ငံကတော့ ထိုင်းနိုင်ငံပါ။ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ အများစုဟာ တရုတ်နိုင်ငံကနေ လာရောက်တဲ့ ခရီးသွားဧည့်သည်တွေလို့ သိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာလည်း ဝူဟန်မြို့က လာရောက် လည်ပတ်တဲ့ တရုတ်ခရီးသွား ၃၀၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။
Ref: BBC, theguardian
You may also like these stories:
အီဘိုလာ၊ ဆားစ်ရောဂါတွေထက် ပြင်းထန်ပြီး ကူးစက်မြန်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုဒုတိယအများဆုံးနိုင်ငံ ဖြစ်လာတဲ့ ထိုင်းနိုင်ငံ
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ဘယ်လို Mask မျိုး သုံးသင့်သလဲ