Trend

ကြောင်စာကျွေးလို့ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၇၉ နှစ်အရွယ် အမျိုးသမီး

လမ်းဘေးကြောင်တွေကို အစားကျွေးမိတဲ့အတွက် အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်မှာ ရှိတဲ့ အသက် ၇၉ နှစ် အရွယ် အမျိုးသမီးတဦး ဖမ်းဆီးခံခဲ့ရပါတယ်။ Nancy Segula လို့ အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ အိမ်နီးချင်း တယောက်က အိမ်ပြောင်းချိန်မှာ ပစ်ထားတဲ့ ကြောင်လေးတွေကို ခေါ်ပြီး အစာကျွေးတာ ကြာပြီလို့ CNN သတင်းဌာနက ဖော်ပြထားပါတယ်။

ကြောင်ချစ်တတ်တဲ့ အဲဒီအမျိုးသမီးဟာ ကြောင်တွေကို ချစ်လွန်းတာကြောင့် “လမ်းဘေး ကြောင်စာ၊ ခွေးစာ မကျွေးရ” ဆိုတဲ့ ဥပဒေရှိလျှက်နဲ့ ဖောက်ဖျက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပိုင်ရှင်မဲ့ကြောင်တွေကို အစာကျွေးမှုများလာရင် လမ်းဘေးကြောင် ပေါက်ဖွားနှုန်းနဲ့ ရောဂါဖြစ်နိုင်ခြေတွေ ရှိတာကြောင့် အိမ်နီးချင်းတွေက တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

Nancy Segula  ဟာ ၂၀၁၅ ခုနှစ်ကလည်း သူ့အိမ်ကို လာလေ့ရှိတဲ့ ကြောင် ၂၂ကောင်ကို အစာကျွေးတာကြောင့် နေအိမ် အကျယ်ချူပ် ၁၀ ရက် ကျခဲ့ရပါသေးတယ်။ ဒီလို နေအိမ် အကျယ်ချုပ် ကျခံရပြီးနောက် လမ်းဘေး တိရစ္ဆာန်တွေကို အစာ ထပ်မကျွေးဘူးဆိုတဲ့ ခံဝန်ကတိကို လက်မှတ် ထိုးခဲ့ပေမယ့် အလားတူ ကိစ္စမျိုးကို အခုအချိန်မှာ ထပ်မံကျူးလွန်တာပဲ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ကတည်းက တာဝန်ရှိသူတွေက သတိပေးစာတွေကို ပို့ပေးခဲ့ပေမယ့် Nancy Segula  ဟာ ကြောင်တွေကို ခေါ်ယူ မွေးစားခြင်း မရှိဘဲ အစာကျွေးတဲ့ အလုပ်ကိုသာ ပြုလုပ်တာကြောင့် ၂၀၁၉ ခုနှစ် အစပိုင်းမှာ အရေးယူခြင်းခံခဲ့ရပြီး သြဂုတ်လ ၁၁ ရက်နေ့မှာ အကျဉ်းချခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“အသက် ၇၉ နှစ်အရွယ် အမျိုးသမီး တယောက်က ထောင်ထဲမှာ ဘယ်လို နေထိုင်မလဲ။ ဘာ မဟုတ်တဲ့ ကိစ္စလေးနဲ့ ကျနော့် အမေကို ထောင်ထဲ ဝင်ခိုင်းတော့မှာလား”လို့ Nancy Segula ရဲ့ သားဖြစ်သူက ဆိုပါတယ်။

“ကျမကို အခုလို အရေးယူမှု ပြုလုပ်တာက အရမ်းလွန်ပါတယ်။ အပြင်လောကမှာ မကောင်းမှုတွေ လုပ်နေသူတွေ ဒီလောက်အများကြီး ရှိနေတာ။ ကျမက ကြောင်စာလေးပဲ ကျွေးတာပါ”လို့ Nancy က ပြောပါတယ်။

လူမှုကွန်ရက် စာမျက်နှာတွေ ပေါ်မှာတော့ အခုလို ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး သဘော မတူမှုတွေ ရှိနေတာကို တွေ့ရပါတယ်။

Ref. ktla.com

You may also like these stories:

ကြောင်ချစ်သူတွေအတွက် ရည်ရွယ်ပြီး ကြောင်ပုံစံတူ ဖိနပ်တွေကို ထုတ်လုပ်လိုက်တဲ့ ဂျပန်ကုမ္ပဏီ

အိမ်မွေးခွေးအဖြစ် မွေးပြီး ၂ နှစ်ကြာမှ ခွေး မဟုတ်ဘဲ ဝက်ဝံဖြစ်နေမှန်း သိခဲ့ရတဲ့ ဖြစ်ရပ်

ခွေးမွေးထားသူတွေဟာ ပျော်ရွှင်မှုအရှိဆုံး လူသားတွေ ဖြစ်ကြောင်း လေ့လာ တွေ့ရှိ

Loading