ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ နောက်ဆုံးအယူခံ အမှုကို ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပြည်ထောင်စု တရား လွှတ်တော်ချုပ်က ပယ်ချလိုက်ပြီး စစ်တွေခရိုင်တရားရုံး၏ အမိန့်ကို အတည်ပြုလိုက်ကြောင်း သတင်း ရရှိသည်။
ရသေ့တောင်မြို့ပေါ်တွင် ပြုလုပ်ခဲ့သော စာပေဟောပြောချက်များနှင့် ပတ်သက်ပြီး ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ကြီးလေးသော ပုဒ်မများဖြင့် တရားစွဲကာ စစ်တွေခရိုင်တရားရုံးမှ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ခြင်း အပေါ် အထက် တရားရုံး အဆင့်ဆင့်တက်ကာ နောက်ဆုံး အကြိမ် အယူခံ ဝင်ရောက် ခဲ့ခြင်း ဖြစ်သည်။
စာရေးဆရာ ဝေဟင်အောင်၏ အမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က “ အထူး အယူခံတက်တဲ့ အမှုကို ဒီနေ့ ပယ်ချလိုက်ပါတယ်။ ခရိုင်က ချမှတ်တဲ့ အမိန့်ကို ကျမတို့က အထက် တရားရုံး အဆင့်ဆင့်ကို တက်ပြီးတော့ ၃ ကြိမ် တိုင်တိုင် အယူခံခဲ့တယ်။ အထက်တရားရုံး တရုံးရုံးကမှ တို့ထိ သုံးသပ်ခွင့်တောင် မရှိခဲ့ဘူး။ အားလုံးက ပယ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒေါက်တာအေးမောင်၏ သားဖြစ်သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း ကလည်း စာပေ ဟောပြောချက် တခုကြောင့် ယခုကဲ့သို့ ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်ခံရခြင်းသည် အစိုးရ၏ အမျိုးသား ရင်ကြားစေ့ရေး မူဝါဒ အပေါ် ပြန်လည်သုံးသပ်သင့်ကြောင်း ပြောသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက “ စစ်အစိုးရလက်ထက်မှာတောင် ဒေါ်အောင်ဆန်း စုကြည်ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ မလုပ်ဘဲ နေအိမ်အကျယ်ချုပ်ပဲ ချထားတာ။ ဒီမိုကရေစီ အစိုးရလက် ထက်မှာပဲ ငါနဲ့မတူ ငါ့ရန်သူ ဆိုပြီး အားလုံး ထောင်ထဲထည့်သလို ဖြစ်နေတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ အစိုးရက အခု ပင်လုံ ဆိုပြီး အော်နေတယ်။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆိုပြီး အော်နေတယ်။ သူတို့လုပ်ရပ်တွေဟာ အမျိုးသား ရင်ကြားစေ့ရေး ကို တကယ် ရောက်ပြီလား၊ မရောက်သေး ဘူးလားဆိုတာ ပြန်လည်သုံးသပ်ဖို့ လိုတယ် ”ဟု ပြောသည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့၌ ကျင်းပသော ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် စာပေ ဟောပြောပွဲနှင့် ပတ်သက်ပြီး ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ ဟောပြောချက်များသည် ဥပဒေနှင့် မလွတ်ကင်းဟုဆိုကာ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ ( ၁ )၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ ( ခ ) တို့ဖြင့် အစိုးရက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တရားစွဲဆိုခဲ့သည့်အတွက် ၎င်းတို့ ၂ ဦးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က စစ်တွေခရိုင် တရားရုံးမှ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် အနှစ် ၂၀၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ ( ခ )အတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း တပေါင်းတည်း ထောင်ဒဏ် ၂၀ နှစ် ချမှတ်လိုက်သည်။
ထိုသို့ စစ်တွေခရိုင်တရားရုံးက ချမှတ်သည့် အမိန့်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်တရား လွှတ်တော် အပါအဝင် နေပြည်တော်ပြည်ထောင်စု တရားလွှတ်တော်ချုပ်အထိ အဆင့်ဆင့် အယူခံ ၃ ကြိမ် တက်ခဲ့သော်လည်း ၎င်းတို့၏ အယူခံမှုကို အထက်တရားရုံး အားလုံး က ပယ်ချခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ အမှုကို အမိန့်ချမှတ်ခဲ့သည့် နေ့က စစ်တွေ တရားရုံးရှေ့၌ လာရောက်ဝန်းရံသူ များပြားခဲ့ပြီး အဆိုပါ ပြစ်ဒဏ်ချမှတ်မှု အပေါ် မတရား ပြစ်ဒဏ်ပေးသည် ဟုဆိုကာ ဝန်းရံသူများက အော်ဟစ်ပြောဆိုကြသည့်အတွက် ပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တို့အကြား တင်းမာမှု အခြေအနေ ဖြစ်ပွားခဲ့ကြ သည်။
ဆက်စပ်လင့်-
ဒေါက်တာအေးမောင် အမှု အထူးအယူခံ နေပြည်တော် တရားလွှတ်တော်ချုပ်သို့ တင်ပြ
ANP ပါတီ ဥက္ကဋ္ဌ ဘယ်သူဖြစ်လာမလဲ
စစ်ဘုရင်ဝါဒနဲ့ လုပ်ချင်တိုင်း လုပ်လာတာက ဗမာ
သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်တွင် ဒေါက်တာအေးမောင် မပါဝင်မှု ဝေဖန်နေကြ