အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ရှေးရှုသည့် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ရခိုင့်နိုင်ငံရေးခေါင်းဆောင် ဒေါက်တာအေးမောင် ပါဝင်မှုမရှိသည့်အပေါ် ဝေဖန်ပြောဆိုမှုများရှိနေသည်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ကို ဝေဟင်အောင်တို့သည် ၎င်းတို့၏ ဟောပြောချက်များနှင့်ပတ်သက်ပြီး ထောင်ဒဏ် ၂၀ နှစ်စီ ပြစ်ဒဏ်ချခံထားရသည်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါလာမယ်လို့ မျှော်လင့်ခဲ့ပေမယ့် မပါလာတဲ့အတွက် မျှော်လင့်ချက် ကုန်ဆုံးသွားတာပေါ့။ တောခိုတဲ့ပုဂ္ဂိုလ်တွေနဲ့တောင်မှ ငြိမ်းချမ်းရေးစကား ပြောနေတဲ့အချိန်မှာ နိုင်ငံရေးသမားတယောက်ရဲ့အပေါ်မှာ စကားတခွန်းကြောင့် ကြီးလေးတဲ့ပြစ်ဒဏ်ကိုပေးတယ်ဆိုတာက တမင် ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးနှိပ်ကွပ်မှုလို့ ယူဆတယ်” ဟု ဝေဖန်ခဲ့သည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့က ရသေ့တောင်မြို့တွင် ပြုလုပ်သည့် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ်အခမ်းအနား စာပေဟောပြောပွဲတွင် ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့ ဟောပြောချက်များ အပေါ် ဥပဒေနှင့်မညီဟုဆိုကာ တရားစွဲဆိုခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် ၂၀ နှစ်တို့ကို တပေါင်းတည်းကျခံစေရန် စစ်တွေခရိုင်တရား ရုံးက အမိန့်ချခဲ့သည်။
ရခိုင်အမျိုးသားပါတီ၏ ဥက္ကဌလည်းဖြစ်သူ ဒေါက်တာအေးမောင်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်အထိ မျှော်မှန်းကာ မာန်အောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရပြီး ၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင်မှ အမ်းမြို့နယ်တွင် အနိုင်ရရှိကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသူဖြစ်သည်။
၎င်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ မှအနိုင်ရရှိကာ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်အဖြစ် ဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။
သမ္မတ၏ လွတ်ငြိမ်းချမ်းသာ တတိယအသုတ်အဖြစ် မေလ ၇ ရက်နေ့ကပေးအပ်ခဲ့သည့် အကျဉ်းသား/သူ ၆၅၂၀ ဦးတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)- AAPP ၏ စာရင်းအရ Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀ ဦးပါဝင်ခဲ့သော်လည်း ဒေါက်တာ အေးမောင်တို့နှစ်ဦးမှာ ပါဝင်ခဲ့ခြင်း မရှိပေ။
AAPP အတွင်းရေးမှူး ဦးဘိုကြည်က “ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ဖမ်းထားတဲ့အချိန်မှာ နိုင်ငံတကာ ဖိအားတွေ အများကြီးရလာသလို ပြည်တွင်းက မကျေနပ်မှုတွေကလည်း အများကြီးတိုးလာတယ်။ သူ့တို့ကို လွတ်ပေးပြီး နိုင်ငံရေးရေးဖြစ်စဉ်တွေထဲ ပါဝင်ခွင့်ပေးလိုက်တဲ့အချိန်မှာ ကျနော်တို့နိုင်ငံက အရွေ့တခုကို ရောက်သွားတယ်။ အခုလဲ ဒီသင်ခန်းစာကိုယူပြီး နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးပြီး နိုင်ငံရေးဖြစ်စဉ်တွေထဲ ပါဝင်ခွင့်ပေးဖို့လိုတယ်။ အဲ့တော့မှလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအပေါ် အထောက်အကူဖြစ်မှာပါ”ဟု ပြောသည်။
နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူးအထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာအနေဖြင့် ၃ ကြိမ်ခွဲကာ အကျဉ်းသား/သူ ၂၃၀၀၃ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦးတို့ကို လွတ်ပေးခဲ့ရာတွင် မူးယစ်ဝါး သုံးစွဲမှု/လက်ဝယ်တွေ့ရှိမှုတို့ဖြင့် ပြစ်ဒဏ်ကျခံနေရသူ အများစုပါဝင်ခဲ့ကြောင်း သိရသည်။
ထိုလွတ်ငြိမ်းချမ်းသာရရှိသူများထဲတွင် AAPP ၏ စာရင်းများအရ နိုင်ငံရေးအကျဉ်းသားအနေဖြင့် ၂၅ ဦးသားပါဝင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား အနေဖြင့် ပြစ်ဒဏ်ချမှတ်ခံရပြီးသူ ၂၄ ဦး၊ ထောင်အချုပ်မှ အမှုရင်ဆိုင်နေရသူ ၉၀ ဦးနှင့် အပြင်မှ အမှုရင်ဆိုင်နေရသူ ၁၉၃ ဦးရှိကြောင်း သိရသည်။
အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ဆက်လက်ပြစ်ဒဏ်ကျခံနေရသည့် အခြေအနေနှင့်ပတ်သက်ပြီး မဖြစ်သင့်တော့ကြောင်းနှင့် အမြန်ဆုံးလွတ်ပေးဖို့ လိုအပ်ကြောင်းလည်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှကလည်း ပြောကြားသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကမူ ဒေါက်တာအေးမောင်တို့နှစ်ဦး လွတ်ငြိမ်းတွင် ပါဝင်လာမှုမရှိသည့်အချက်မှာလည်း ရခိုင့်နိုင်ငံရေး တည်ငြိမ်မှုအခြေအနေနှင့် ဆက်စပ်မှုရှိနိုင်သကဲ့သို့ ရက္ခိုင့်စစ်တပ်(AA)နှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ပါက ယင်းပြသနာအပေါ် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောသည်။
ဦးမောင်မောင်စိုးက “တကယ်လို့သာ မေလအတွင်း AA နဲ့ ပဏာမအပစ်ရပ်လက်မှတ်ရေးထိုးနိုင်မယ်ဆိုရင်၊ ရခိုင်နိုင်ငံရေး တစုံတရာ တည်ငြိမ်သွားနိုင်မယ်ဆိုရင် ဒီပြသနာကို နောက်ဆက်တွဲအနေနဲ့ ဖြေရှင်နိုင်မယ်လို့ ထင်ပါတယ်။ လောလောဆယ်မှာ ရခိုင်နိုင်ငံရေး ရေချိန် မြှင့်နေတဲ့အချိန်မှာတော့ လွတ်တဲ့အထဲ မပါလာတာ ဖြစ်နိုင်တယ်လို့ပဲ ယူဆရပါတယ်”ဟု သုံးသပ်ပြောကြားသည်။