သတင်း

ရွေးကောက်ပွဲ အချက်အလက်များ ခွင့်ပြုချက်မရဘဲ မပေးဖို့ UEC ညွှန်ကြား

ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သည့် စာရွက်စာတမ်း၊ အချက်အလက်များအား ခွင့်ပြုချက်မရဘဲ ထုတ်ပေးခြင်းမပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကော်မရှင်အဖွဲ့ခွဲများထံ ယမန်‌နေ့က ညွှန်ကြားလိုက်သည်။

ယင်းညွှန်ကြားချက်သည် ရွေးကောက်ပွဲ စိစစ်သုံးသပ်ရေး လိုအပ်သည် စာရွက်စာတမ်းများ ကူးယူခွင့်အတွက် သက်သေခံဥပ‌ဒေ ပုဒ်မ-၇၄ နှင့် ပုဒ်မ-၇၆ တို့အရ လိုအပ်သလို ညွှန်ကြားပေးရန် UEC ထံသို့ တပ်မတော်က မေတ္တာရပ်ခံအပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးထွဋ်ဦးက “ကျနော်တို့ဆီ နှုတ်မိန့ ်တော့ ပြောထားပါတယ်။ ဥပဒေအရ ပေးရမယ့် စာရွက်စာတမ်းကလွဲလို့ ကျန်တဲ့ဟာတွေ မပေးဖို့ပေါ့လေ။ လျှို့ ဝှက်ထိန်းသိမ်းရမယ့် စာရွက်စာတမ်းတွေ မပေးမိဖို့ပေါ့။ ဒါက ပုံမှန်ညွှန်ကြားချက်အရ မပေးရမယ့် စာရွက်စာ တမ်းတွေ ပေးမိမှာစိုးတဲ့ သဘောပါ၊ ပုံမှန်လဲ ဒီလိုညွှန်ကြားချက်လေးတွေရှိပါတယ်” ဟု အတည်ပြုပြောကြား သည်။

ယင်းအပြင် ကချင်ပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့်လည်း အထက်ပါ ညွှန်ကြားချက် ရရှိထား ပြီး တောင်းခံလားမှုများကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အဆင့်ဆင့် တင်ပြသွားမည်ဖြစ် ကြောင်း ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြောသည်။

“စာရင်း ဇယားအချက်အလက်တွေ တောင်းခံလာတယ်ဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ခွင့်ပြု ချက်ယူပြီးတော့မှ ခွင့်ပြုချက်ရမှပေးဖို့ အကြောင်းကြားတာပါ။ ရုံးလုပ်ငန်းသဘောအရ သာမန်ညွှန်ကြားချက် တခုပါပဲ”ဟု ဦးထွန်းအောင်ခိုင်ကပြောသည်။

လက်ရှိတွင်လည်း ကချင်ပြည်နယ်အတွင်း မိုးညှင်းမြို့နယ်အပါအဝင် မြို့နယ်တချို့တွင် တပ်မတော် တပ်ရင်းများ က အချက်အလက်တောင်းခံသည့် စာများလက်ခံရရှိထားပြီး အဆင့်ဆင့် တင်ပြပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

တပ်မတော်၏ အချက်အလက်တောင်းခံမှုနှင့် ပတ်သက်ပြီး မဲပေးခဲ့သည့် တပ်မတော်သား၊ မိသားစုဝင်များ၏ လွတ်လပ်စွာမဲပေးမှုအပေါ် သက်ရောက်မှုရှိလာမည်ကို စိုးရိမ်ကြောင်းနှင့် အကယ်၍ အချက်အလက်များ ပေးမည်ဆိုပါကလည်း အဖွဲ့အစည်းတခုတည်းအား ပေးခြင်းမဟုတ်ဘဲ အဖွဲ့တိုင်းကြည့်နိုင်စေရန် Open Election Data ကဲ့သို့ UEC ၏ ဝက်ဆိုဒ်တွင် ကြေညာထားရှိသင့်ကြောင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခဲ့သည့် New Myanmar Foundation ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မြနန္ဒာသင်းက ပြောသည်။

တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ မဲပေးခဲ့သည့် မြို့နယ် ၂၁၈ မြို့နယ်မှ ပြန်လည် စိစစ်သုံးသပ်ကာ လိုအပ်ပါက မဲဆန္ဒရှင်များက UEC ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းမည်ဖြစ်ကြောင်း နိုဝင်ဘာ ၃၀ ရက်နေ့က ကြေညာထားသည်။

ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် မဲစာရင်းကဲ့သို့ အချက်အလက်များအား တရားဝင် ကူးယူနိုင်ရန် ဥပဒေအရ ပြဌာန်းပေးထားပြီးဖြစ်ပြီး တချို့သောအချက်အလက်၊ စာရင်းဇယားများသည် ရွေး‌ကောက်ပွဲ ခုံအဖွဲ့များ၏ အမိန့်နှင့် ကော်မရှင်တို့က တရားဝင် သီးသန့်ညွှန်ကြားချက်ရမှသာ အများရှေ့တွင် ပြန်လည်စိစစ်ရသည့် အခြေအနေရှိကြောင်းလည်း ကော်မရှင်အဖွဲ့ဝင်များက ရှင်းပြသည်။

You may also like these stories:

မဲရုံတာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ/ဆရာမ နှစ်ဦးကို ကြံ့ခိုင်ရေးပါတီ တရားစွဲ

USDP နှင့် တနေရာမျှ မနိုင်သည့် ၁၈ ပါတီက ရွေး/ကော်ကို အရေးယူရန် သမ္မတထံ စာပို့

Loading