တပ်မတော်က အာဏာသိမ်းယူခဲ့သည့် ဖေေဖော်ဝါရီလ ၁ ရက်တွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှမှာ လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
ရခိုင်အမျိုးသားပါတီ (ANP) ဗဟို မူဝါဒရေးရာ ကော်မတီဝင်လည်းဖြစ် ရခိုင်လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်သူ ဦးစံကျော်လှအား ပြီးခဲ့ သည့် ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်းက ၎င်းနေထိုင်ရာ စစ်တွေမြို့ရှိ ဝန်ကြီးများအိမ်ရာရုံးရှိ အိမ်တွင် တပ်မတော်သား များက လာရောက် ခေါ်ဆောင်သွားဖြစ်ကြောင်းလည်း ရခိုင် အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်များက ဧရာဝတီသို့ ပြောသည်။
ANP ဗဟို မူဝါဒရေးရာကော်မတီဝင် ဒေါ်ခင်စောဝေက “သူက ဒီနေ့အထိတော့ လွတ်လာခြင်းမရှိသေးဘူး။ ဘယ်နေ့ လွတ် လာမလဲ ဆိုတာတော့ မသိရသေးဘူး။ ကျမကို အဲဒီနေ့က ခေါ်ဆောင်ခြင်းကို ခံခဲ့ရတယ်။ ဒါပေမယ့်လည်း အဲဒီနေ့မှာပဲ သူတို့က ပြန်ပို့ပေးလိုက်တယ်” ဟု ပြောသည်။
လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကို စစ်တွေ တပ်နယ်အတွင်းရှိ ဗန္ဓုလရိပ်သာတွင် ထိန်းသိမ်းထားကြောင်းလည်း သိရ သည်။
ဖေဖော်ဝါရီလ ၁ ရက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ပြည်နယ် လျှစ်စစ် နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့ကို ဂွမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနဧည့်ရိပ်သာတွင် တည်းခိုနေစဉ် တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီ၂ ရက်တွင် ပြန်လည်လွှတ်ပေးခဲ့သည်။
တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ဝန်ကြီးချုပ်များကို တပ်မတော်က ပြန်လည်လွှတ်ပေးခြင်း၊ နေအိမ်အကျယ်ချုပ်ချထားခြင်း တို့ လုပ်ဆောင်ခဲ့သော်လည်း ဦးစံကျော်လှ ကဲ့သို့ပင် အခြားသော ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ ပြန်လည် လွှတ်ပေးခြင်း မရှိသေးပေ။
ဖေဖော်ဝါရီလ ၁ ရက်က တပ်မတော်က တနိုင်ငံလုံးအတိုင်းအတာဖြင့် အာဏာသိမ်းခဲ့ပြီးသည့် နောက်ပိုင်း စစ်တွေမြို့ နယ်၊ ပြည်နယ်အစိုးရရုံးကို တပ်မတော်က ဝင်ရောက်နေရာယူထားပြီး ခရိုင်အုပ်ချုပ်၊ မြို့နယ် အုပ်ချုပ်ရေးရုံးများကိုလည်း ပိတ်ထားခဲ့သည်။
You may also like these stories:
တိုင်းရင်းသားပါတီများ၏ ရပ်တည်ချက်နှင့် အနာဂတ်
ရခိုင်တွင် ကာလရှည် ပိတ်ထားသည့် အင်တာနက် ပြန်ဖွင့်ပေး
တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်၊ ဝန်ကြီးတချို့ ယနေ့ ပြန်လွတ်လာ