ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒု-ညွန်ကြားရေးမှူးချုပ်နှင့် လက်ထောက် ညွှန်ကြားရေးမှူး အဆင့်ရှိ ထိပ်တန်းအရာရှိ ၂ ဦး ယနေ့(မတ် ၁၁ ရက်) နုတ်ထွက်စာတင်လိုက်ကြောင်း သိရသည်။
၎င်းတို့ ၂ ဦးမှာ ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒု-ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်နှင့် လက်ထောက် ညွှန်ကြားရေးမှူး (တိုးချဲ့/ကာကွယ်ဆေး၊ ကူးစက်) ဒေါက်တာ စောမြခိုင်တို့ ဖြစ်သည်။
ဒု-ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က မိမိနှင့် မိသားစု၏ ကျန်းမာရေးအခြေအနေအရ တာဝန် ဆက် လက်ထမ်းဆောင်ရန် အခက်အခဲ ရှိသဖြင့် ရာထူးမှ နုတ်ထွက်ခွင့်ပြုရန်နှင့် နုတ်ထွက်ခွင့် စောင့်ဆိုင်းနေစဉ် ကာလအ တွင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ တာဝန်ဝတ္တရားများကို လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စောမြခိုင်အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဧရာဝတီတိုင်းစစ်ကောင်စီ ဥက္ကဋ္ဌထံ ယနေ့ရက်စွဲဖြင့် စာရေးသား တင်ပြခဲ့ သည်။
ထိုသို့ တာဝန်လွှဲအပ်ခံရသည့် ဒေါက်တာ စောမြခိုင်ကလည်း ၎င်းအနေဖြင့် လုပ်ငန်းတာဝန်များအား ဆက်လက် ထမ်းဆောင်ရန် အဘက်ဘက်မှ အခက်အခဲ ဖြစ်နေပါသဖြင့် ရာထူးမှ နုတ်ထွက်ခွင့်ပြုရန် တိုင်းစစ်ကောင်စီ ဥက္ကဋ္ဌထံ ယနေ့ (မတ် ၁၁ ရက်) ရက်စွဲဖြင့် စာတင်ခဲ့ကြောင်း သိရသည်။
တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် နီးစပ်သူတဦးက “ဧရာဝတီတိုင်း ကျန်းမာရေးဌာန အကြီးအကဲတွေကို ဆေးရုံတွေ ပြန်ဖွင့်နိုင်ရေးလုပ်ဖို့ ကောင်စီဘက်က ဖိအားပေးတာတွေ ရှိတယ်။ ပြီးတော့ တိုင်းအတွင်းက CDM လုပ်တဲ့ ဆေးရုံအုပ် ကြီးတွေကို နေရာ အပြောင်းအရွှေ့လုပ်ဖို့ ကိစ္စတွေ ရှိလာတယ်။ တဖက်ကလည်း ပြည်သူတွေက ဝေဖန်တာတွေ ရှိ လာတော့ ဆရာကြီးတို့မှာ အခက်အခဲတွေ ဖြစ်လာတယ်။ ဒါကြောင့်လည်း ရာထူးက ထွက်စာတင်တာ” ဟု ဧရာဝတီ ကို ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်း ပြည်သူများ၏ ဆန့်ကျင်ဆန္ဒပြမှုများ၊ နိုင်ငံ့ဝန်ထမ်းများ၏ အကြမ်း မဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်း၌လည်း ဖေဖော်ဝါ ရီ ၃ ရက်မှစ၍ စစ်အာဏာရှင် လက်အောက်တွင် အလုပ်မလုပ်လိုသည့် ကျန်းမာရေးဝန်ထမ်း ၅၀၀၀ ကျော်က CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။
ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်း အများအပြား CDM ပြုလုပ်သဖြင့် ဒေသတွင်း ဆေးရုံအများအပြား ပိတ်သိမ်း ထားခဲ့သော်လည်း ပြင်ပတွင် ပရဟိဆေးခန်းများဖွင့်၍ လူနာများကို ကုသပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
You may also like these stories:
မြိုင်တွင် အကြမ်းဖက်ပစ်ခတ်မှု ၆ ဦးသေဆုံး
ရဲနှင့် တပ် အလုံလမ်း Car Service ကို ဝင်ရောက်ဖျက်ဆီး၊ ဝန်ထမ်း ၁၀ ဦးကို ဖမ်းသွား