မတ်လ ၁၅ ရက် မွန်းလွဲပိုင်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာမှ အိမ်တအိမ်တွင် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတဦး ပစ်သတ်ခံခဲ့ရသည်။
သေဆုံးသူ မသီတာအေးသည် ရွာတွင်းတွင် သေနတ်သံများ ကြားရပြီး သူငယ်ချင်းတဦး၏ အိမ်တွင် ရောက်နေခဲ့သည်။ သို့သော် မိန်းကလေးသည် အိမ်သို့ ပြန်လာပြီး အိမ်ထဲ၌ရှိနေစဉ် ရွာနှင့်ပေ ၁၀၀၀ ခန့် အကွာတွင် ရှိသော တောင်ကုန်းပေါ်မှ စနိုက်ပါသမားတဦး၏ ပစ်ခတ်မှုကို ခံခဲ့ရခြင်း ဖြစ်သည်ဟု သူ၏ဖခင် ဦးဝင်းကြိုင်က ဧရာဝတီသို့ ပြောသည်။
“ကလေးတွေက ကျနော့် အိမ်နောက်ဖေးမှာ ထိုင်နေတုန်း ကျနော့်သမီးကို တောင်ကုန်းပေါ်က စနိုက်ပါသမားက ၂ ချက် ပစ်ပါတယ်။ သိပ်မကြာဘူး ဆုံးတာပဲ” ဟု ဦးဝင်းကြိုင်က ပြောသည်။ မိန်းကလေး၏ ဈာပန အခမ်းအနားကိုပင် ထိုညနေခင်းတွင်ပင် ပြုလုပ်ခဲ့သည်။
“သူက အသက် ၁၆ နှစ်ရှိပြီ၊ COVID-19 ကြောင့် ကျောင်းတွေပိတ်မထားရင် ၁၀ တန်း ရောက်ပြီ” ဟု ဦးဝင်းကြိုင်က ပြောသည်။
မသီတာအေး၏ သူငယ်ချင်းတဦးလည်း ပစ်ခတ်မှုတွင် လက်ချောင်းများ ဒဏ်ရာရခဲ့ပြီး ကုသမှု ခံယူရန် ရွှေဘိုဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ချောင်းကြီးကျေးရွာသည် စဉ့်ကူးနှင့် သပိတ်ကျင်းကြားတွင် တည်ရှိသည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူများက မိုးကုတ်၊ သပိတ်ကျင်းနှင့် မန္တလေးသို့ ဦးတည်သည့် လမ်းဆုံတခု၌ နေ့စဉ် စုရုံးနေကြသည်။ မတ်လ ၁၅ ရက် နေ့တွင် စစ်တပ်က ဆန္ဒပြသူအချို့ကို ဖမ်းဆီးခဲ့ပြီးနောက် သူတို့ကို ပြန်လွှတ်ပေးရန် တောင်းဆိုသည့် ဒေသခံများနှင့် အချင်းဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများ လွတ်မြောက်သွားခဲ့ကြသော်လည်း စစ်သားများ ထရပ်ကားတစီးပေါ်မှ နေ၍ ဖြတ်သွားဖြတ်လာများကို ပစ်ခတ်သည့် အချိန်တွင် အမျိုးသမီး တယောက် ဒဏ်ရာရခဲ့သည်။
“အမျိုးသမီးတယောက် အပစ်ခံရတယ်။ အဲဒီရွာတွေက လမ်းပေါ်မှာ ရှိတယ်။ စစ်သား ၅ ယောက်က သေနတ်နဲ့ ပစ်တယ်လို့ အဲဒီရွာက ရွာသားတွေက ကျနော်တို့ကို ဖုန်းဆက်တယ်။ ဒါကြောင့် ချောင်းကြီးက ကျနော်တို့ ပြည်သူတွေက စစ်ကား ထွက်တဲ့ အချိန်မှာ လမ်းဘေးကို ဆွဲချလိုက်တယ်။ သေနတ်နဲ့ လူ ၂ယောက်ကို ကျနော်တို့ ထိန်းသိမ်းလိုက်တယ်။ ၃ ယောက်က ထွက်ပြေးသွားပြီး တောင်ကုန်းပေါ်ကနေ စနိုက်ပါ ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ” ဟု ဦးဝင်းကြိုင်က ပြောသည်။
သမီး၏ အလောင်းကို ချောင်းကြီးကျေးရွာသို့ ပြန်ယူမသွားဘဲ စဉ့်ကူးမြို့နယ်မှ ဆေးရုံရှိသည့် ကျေးရွာတခုသို့ သူက ယူသွားခဲ့သည်။
“ဆေးရုံရောက်တဲ့အချိန်မှာ သူသေပြီလို့ ပြောတယ်” ဟု ဦးဝင်းကြိုင်က ပြောသည်။ “သူ့ အလောင်းကို ရွာကိုပြန်ပို့မယ်ဆိုရင် ကျနော်တို့ ဖြတ်သွားရမယ့် အဓိကတံတားမှာ တပ်ချထားတယ်။ စစ်သားတွေက သူ့အလောင်းကို သိမ်းသွားမှာ ကျနော်တို့ စိုးရိမ် ပါတယ်။ ဒါကြောင့် ကျနော်တို့ သူ့ကို စဉ့်ကူးမှာပဲ မြှုပ်နှံခဲ့တယ်” ဟု သူက ဆက် ပြောသည်။
စဉ့်ကူးရှိ ကျည်တောက်ပေါက် ကျေးရွာတွင်လည်း စစ်သားများ၏ ပစ်ခတ်မှုကြောင့် အနည်းဆုံးလူ ၅ ဦး သေဆုံးခဲ့သည်ဟု သတင်းများ ရရှိခဲ့သည်။ ဧရာဝတီသတင်းဌာန အနေဖြင့် ထိုသတင်းများကို လွတ်လပ်စွာ အတည်ပြုနိုင်ခဲ့ခြင်း မရှိပါ။
ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းသည့်ချိန်မှစ၍ စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်တပ်က နှိမ်နင်းရာတွင် လူ ၂၀၀ ကျော်သေဆုံးခဲ့ရပြီး ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောသည်။
You may also like these stories:
စစ်တပ်နှင့်ရဲ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်ပြီ
CRPH အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း ရုံးခန်းကို စစ်တပ်နှင့်ရဲ ဝင်ရောက်ဖျက်ဆီး
ကျနော်တို့ဟာ နိုင်ငံတကာအသိုက်အဝန်းထံက အကာအကွယ်ကို လိုအပ်နေပါတယ်