စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကာလအတွင်း ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၂၀၀၀ ကျော်အား ယနေ့ ပြန် လွှတ်ပေးခဲ့ရာ နာမည်ကျော်အနုပညာရှင်များ ပါဝင်မည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း လက်ရှိတွင် သရုပ်ဆောင် မေတိုးခိုင် ၁ ဦးသာ ပြန်လွတ်လာကြောင်း သိရသည်။
သရုပ်ဆောင် မေတိုးခိုင်၏ ညီမဖြစ်သူက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “မဖူး (မေတိုးခိုင်) အိမ်ပြန်ရောက်ပါပြီ။ ဦးတီနဲ့ တီဝဲတော့ မပါလာသေးပါဘူး” ဟု ပြောဆိုရေးသားထားသည်။
ယနေ့ ပြန်လွှတ်ပေးမည့်သူများထဲတွင် ပိုင်တံခွန်၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်းနှင့် မေတိုးခိုင်တို့ ပြန်လွတ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် မပါဝင်ကြောင်းကိုမူ ၎င်း၏ရှေ့နေဖြစ်သူ ဦးခင်မောင်မြင့်က အတည်ပြု ပြောဆိုထားသည်။
ဦးခင်မောင်မြင့်က “Facebook ပေါ်မှာတော့ ပိုင်တံခွန်တောင် လွတ်သွားပြီ ပြောတယ်။ ပိုင်တံခွန်နဲ့ ရဲတိုက်က ကျနော့်အမှု သည်ပဲလေ။ သူတို့လွတ်ရင် ကျနော် အရင်သိရမှာ။ သူတို့မိသားစုတွေလည်း ထောင်ရှေ့မှာ စောင့်နေကြတယ်။ တချို့တွေ ကျတော့ စေတနာအလျောက် ဆန္ဒစောပြီး ပြောနေကြတာ ဖြစ်မှာပေါ့။ ကောလာဟလနဲ့။ တချို့ပြောတာ အိန္ဒြာကျော်ဇင် ဆို သူ့အိမ်တောင် ပြန်ရောက်နေပြီ” ဟု ပြောသည်။
ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ လူရွှင်တော် ဇာဂနာ၊ အဆိုတော် စောဖိုးခွား၊ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရဲတိုက်၊ ပိုင်တံခွန်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်းတို့သည် ပုဒ်မ ၅၀၅-က ဖြင့် အင်းစိန်အကျဉ်းထောင် တွင် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
ယမန်နေ့ (ဇွန် ၂၉ ရက်) ကလည်း စစ်ကောင်စီသည် ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည့် အနုပညာရှင် ၂၄ ဦးတို့ အား အမှုမှ ပြန်ရုပ်သိမ်းကြောင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ထပ်မံပြုလုပ်မည်ဆိုပါက တည်ဆဲဥပဒေ အရ အရေးယူခံရမည်ဖြစ်ကြောင်း စစ်တပ်ပိုင် မီဒီယာဖြစ်သော မြဝတီမှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
လူမှုကွန်ရက်စာမျက်နှာကို အသုံးပြုပြီး နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေလိုသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန် ထမ်းများကို CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ CRPH ကို ထောက်ခံခြင်းများကြောင့် ဟုဆိုကာ စစ်ကောင်စီ က ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များနှင့် အနုပညာရှင်တချို့ကို ဖေဖော်ဝါရီလလောက်ကတည်းက ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ဖမ်းဝရမ်းထုတ်ခဲ့ခြင်း ဖြစ်သည်။
ယနေ့တွင် နိုင်ငံတဝှမ်းရှိ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒပြသူများထဲမှ ဖမ်းဆီးတရားစွဲခံထားရသူ ကျား ၁၈၈၂ ဦး၊ မ ၄၆၀ ဦး စုစုပေါင်း ၂၃၄၂ ဦးအား လွှတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်း ထွန်းက မီဒီယာများထံ အတည်ပြု ပြောဆိုထားသည်။
ယနေ့ လွတ်မြောက်လာကြသူများသည် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သောကြောင့်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခံထားရသူ အများစုဖြစ်ပြီး တခြားသော အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်နေသူများ၊ CDM ကို ထောက်ပံ့နေသူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမာခံများမှာ လွတ်မြောက်လာသူများတွင် မပါဝင် ကြောင်း ရှေ့နေတချို့ထံမှ သိရသည်။
You may also like these stories:
ပိုင်တံခွန်အား Facebook တွင် တင်သည့် ပို့စ်များကြောင့် တရားစွဲရခြင်းဟု တရားလိုထွက်ဆို
၅၀၅ (က) ဖြင့် တရားစွဲခံရသည့် အနုပညာရှင်တချို့ အဖမ်းမခံရစေရန် ခံဝန်ရေးထိုး
ရှောင်ပုန်းနေရတာကြောင့် ဆေးခန်းပြခွင့် မရှိတဲ့ ကျော်ကျော်နန္ဒ
“ကိုယ့်အသိစိတ်နဲ့ကိုယ် တိုင်းပြည်ကို ချစ်လို့ ဓမ္မဘက်က ရပ်တည်နေကြတာ”
စစ်ကောင်စီက တရားစွဲထားသည့် အနုပညာရှင်များ၏ အမှုအခြေအနေ