မလေးရှားသို့ ပို့ဆောင်မည့် အိုက်စ် (မက်သဖက်တမင်း) မူးယစ်ဆေး ကီလိုဂရမ် ၁၅၀၀ သယ်ဆောင်လာသည့် စက်လှေ တစင်းအား တနင်္သာရီတိုင်း ပင်လယ်ပြင်တွင် ဇွန် ၂၇ ရက်နေ့က ဖမ်းမိခဲ့ကြောင်း ကော့သောင်းခရိုင် ရဲစခန်းက အတည်ပြုသည်။
“မူးယစ်ဆေးတွေ ဖမ်းမိထားတာ ဟုတ်ပါတယ်၊ အခုရဲစခန်းမှာ အမှုဖွင့်ထားပါပြီ၊ လူက ၇ ဦးပါပါတယ်” ဟု ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်ဖွဲ့ဝင်တဦးကပြောသည်။
အဆိုပါ စက်လှေအား ရေတပ်က ဖမ်းမိခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးများနှင့် မြန်မာလှေလုပ်သား ၇ ဦးအား ဇွန် ၂၉ ရက်နေ့ တွင် ရဲစခန်းသို့ အပ်နှံခဲ့သဖြင့် မူးယစ်ဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်ထားသည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၁၈ ရက်နှင့် ၂၀ ရက်နေ့များကလည်း ကျိုင်းတုံမြို့နှင့် ကျိုက်ထိုမြို့တို့ရှိ စစ်ဆေးရေးဂိတ်များတွင် ကျပ် ဘီလီယံ ၁၀၀ ကျော် တန်ဖိုးရှိသည့် အိုက်စ် မူးယစ်ဆေး ၃ ဒသမ ၂၉ တန်အား ဖမ်းဆီးရမိခဲ့သေးသည်။
ကျိုက်ထို မရမ်းချောင် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိသည့် မူးယစ်ဆေးများသည် သီပေါမြို့နယ်မှ မြဝတီသို့ သွားရောက်မည့် ယာဉ်ပေါ်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
၂၀၂၀၊ ဩဂုတ် ၉ ရက်နေ့ကလည်း မြဝတီ – ဝေါလေ ကားလမ်းပေါ်တွင် အိုက်စ် ၁ တန်ခွဲကျော်အား ဖမ်းမိခဲ့ ပြီးနောက် ဩဂုတ် ၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘုရားသုံးဆူလမ်းကြောင်းမှ သယ်ဆောင်ခဲ့သည့် အိုက်စ်မူးယစ်ဆေး ၁ ဒသမ ၃ တန်ကျော်အား ထိုင်းနိုင်ငံဘက်ခြမ်း ကချနာဘူရီပြည်နယ်၊ သောင်ဖာပွန်စစ်ဆေးရေးဂိတ်၌ ထပ်မံ ဖမ်းဆီးမိခဲ့ပြန်သည်။
၂၀၂၀ ခုနှစ်အတွင်း ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်းနှင့် လက်ခုပ်ကုန်းကမ်းခြေတို့တွင် ပင်လယ်ရေကြောင်းမှ တဆင့် မလေးရှားနှင့် ထိုင်းနိုင်ငံ ပင်လယ်ရေပြင်တို့ထံ ပို့ဆောင်မည့် အိုက်စ်မူးယစ်ဆေးများ တန်နှင့်ချီကာ ဖမ်းမိခဲ့သည်။
ထိုသို့ ဖမ်းမိခဲ့သည့် အိုက်စ် မူးယစ်ဆေးများအား တထုပ်လျှင် ၁ ကီလို ပါဝင်သည့် အထုပ်များဖြင့် Refined Coffee Tea၊ GUAN YIN WANG စသည့် တရုတ်လက်ဖက်ခြောက်တံဆိပ်ပါ အိတ်ခွံများဖြင့် ထုတ်ပိုးထားလေ့ရှိသည်ကို တွေ့ရသည်။
ရဲတပ်ဖွဲ့ဝင်များ၏ အဆိုအရ အဆိုပါ အိုက်စ်မူးယစ်ဆေးများအား ရှမ်းပြည်နယ်မှ သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး မြန်မာကမ်း ရိုးတန်းများမှတဆင့် ပင်လယ်ပြင်ဖြတ်ကာ မလေးရှားနှင့် ထိုင်းနိုင်ငံများထံ ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ကလည်း ကိုဗစ်-၁၉ ကပ်ရောဂါ စည်းကမ်းချက်များအပေါ် အခွင့်ကောင်းယူကာ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးများ ပိုမိုထုတ်လုပ်လာနိုင်ပြီး အထူးသဖြင့် ရွှေတြိဂံဒေသတွင် ပါဝင် သည့် ရှမ်းပြည်နယ်၌ မူးယစ်ဆေးထုတ်လုပ်မှုများ တိုးလာနိုင်ကြောင်း မကြာသေးမီက သတိပေးထားသည်။
ထို့ပြင် စစ်တပ်က အာဏာသိမ်းမှုကြောင့်လည်း တိုင်းပြည် တည်ငြိမ်မှု မရှိသည့် အခြေအနေတွင် မူးယစ်မှောင်ခိုသမားများ အနေဖြင့် မူးယစ်ဆေး ထုတ်လုပ်တင်ပို့မှုများ ပိုမိုတိုးချဲ့လာနိုင်သည်ဟုလည်း UNODC က ဆိုသည်။
UNODC အရာရှိ တဦးဖြစ်သူ Jeremy Douglas က “အကျပ်အတည်း ကြုံရတဲ့ကာလမျိုးမှာ (မူးယစ်ဆေး) ထုတ်လုပ် မှုတွေ တိုးအောင် လုပ်တာမျိုးတွေ ရှိနေပါတယ်။ ရှေ့လာမယ့် ၂/၃ လ ရေတိုကာလမှာ ဖြစ်လာမယ်လို့ ခန့်မှန်းပါတယ်။ ရှမ်းပြည်နယ်ကနေ ထုတ်လုပ်မှုတွေ တိုးလာတာမျိုး စပြီးတွေ့လာရနိုင်ပါတယ်” ဟု သတိပေး ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ဆို့ထိန်းချုပ်မှုများ ပြုလုပ်ခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်း စိတ်ကြွဆေးပြား ၃၂၈ သန်းကျော်နှင့် ICE ၁၇ တန်ကျော် အပါအဝင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့သည်။
You may also like these stories:
အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး မူးယစ်ဆေးများ ဖျက်ဆီး
သုံးရက်အတွင်း အိုက်စ် မူးယစ်ဆေး ၃ တန်ကျော် ဖမ်းမိ
တာချီလိတ်၌ မူးယစ်ဆေး ကျပ် ၁၄ ဘီလီယံကျော်ဖိုး ဖမ်းမိပြီးနောက် ခရိုင်ရဲရုံး ပစ်ခတ်ခံရ