သတင်း

ဗဟိုဘဏ်၏ ငွေသားနှင့်ပေးချေမှု ကန့်သတ်ချက် ဈေးကွက်ကို ထိန်းချုပ်သည့်ပုံဖြစ်နေ

ကုန်အရောင်းအဝယ်နှင့် ဝန်ဆောင်မှု လုပ်ငန်းများ၌ တကြိမ်လျှင် ကျပ်သိန်း ၂၀၀အထိသာ ငွေသားနှင့် ပေးချေနိုင်ပြီး ယင်းပမာဏထက် ကျော်လွန်ပါက ဘဏ်စနစ်ကိုသာ အသုံးပြုရမည်ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ချက်သည် ဈေးကွက်ကို ထိန်းချုပ်သည့်ပုံဖြစ်နေကြောင်း လုပ်ငန်းရှင်များက ဝေဖန်နေကြသည်။

လက်ရှိအချိန် လူအများစု၏ ဘဏ်စနစ်အပေါ် ယုံကြည်မှု ကျဆင်းနေသည့်အချိန် ဖြစ်၍ အဆိုပါ ကန့်သတ်ချက်သည် ပြည်တွင်းရှိ အနည်းငယ်သာ လှုပ်ရှားလည်ပတ်နေသည့် ဈေးကွက်ကို ထိခိုက်မည့် ပုံစံဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။

ပြည်တွင်း အိမ်ခြံမြေ အရောင်းအဝယ် လုပ်ငန်းရှင်တဦးက “အဓိကတော့ ယုံကြည်မှု မရှိတဲ့ ပြဿနာကို ထပ်ပြီးတော့ ကန့် သတ်ချက်တခုနဲ့ ခြိမ်းခြောက်တဲ့ ပုံစံမျိုး ဖြစ်တယ်။ အဲဒီတော့ ရေရှည်အတွက်တော့ မကောင်းဘူး။ နောက်တခုက ပုံမှန် ဆိုရင် အိမ်ခြံမြေတကွက် ရောင်းရင် ငွေသားနဲ့ ဘယ်လောက်ဝယ်မှ ရောင်းမယ်တို့၊ Transfer နဲ့ ၃၀ ရာခိုင်နှုန်း ရောင်းမယ် တို့ ဒါမျိုးတွေက ဒီလိုကာလမှာ ဖြတ်ကျော်ဖို့ ကြိုးစားနေကြတာ။ ဒီလိုအချိန်မှာမှ လက်ရှိ လုပ်နေတဲ့ သူတွေကိုပါ ဆက်ပြီး မလုပ်ရဲအောင် ချက်ချင်း ဖြစ်သွားတာ။ ချက်ချင်း ရပ်သွားတာ” ဟု ပြောသည်။

ပြည်တွင်း၌ လက်ရှိ ဖြစ်ပေါ်နေသော ပြဿနာသည် လူအများက ဘဏ်များအပေါ် ယုံကြည်မှု မရှိသဖြင့် ဘဏ်တွင် ငွေအပ်နှံမည့်အစား ဒေါ်လာပြောင်းခြင်း၊ အိမ်ခြံမြေများ ဝယ်ယူခြင်း စသည်ဖြင့် ပြောင်းလာခြင်း ဖြစ်ကြောင်း၊ ရောင်းသူ အနေဖြင့်လည်း ငွေသား လိုအပ်မှုကြောင့် ရောင်းခြင်းဖြစ်ရာ ယခုလို သတ်မှတ်ခြင်းက မိမိရောင်းလိုက်သည့် ငွေကို သုံးပိုင်ခွင့် မရှိသလို ဖြစ်ကာ နည်းနည်းချင်း သွားနေသည့် ဈေးကွက်ကို ရပ်တန့်သွားစေသည့် အနေအထား ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “ရောင်းတဲ့သူ အနေနဲ့လည်း ရောင်းလိုက်လို့ ကိန်းဂဏန်းတခု ဘဏ်ထဲကို ဝင်သွားရင် ထုတ်မရတဲ့ အချိန် ဖြစ်တယ်။ ဒါက ဖေဖော်ဝါရီလထဲက ဒီပြဿနာက စတာလေ။ အဲဒီတော့ အခုလို လုပ်တာက အကောင်းဘက်ကို သွားမှာ မဟုတ်ဘူး။ အဆိုးဘက်ကိုပဲ သွားမှာ များပါတယ်။ ယုံကြည်မှု ပြဿနာကို ဖြေရှင်းပေးတာ မဟုတ်ဘဲ ဈေးကွက် နောက်ကြောင်းပြန်ပြီး ၁၅ နှစ်လောက် ဆွဲချလိုက်သလို ဖြစ်သွားတယ်” ဟု ပြောသည်။

စစ်ကောင်စီ အနေဖြင့် စီးပွားရေးလည်ပတ်မှု အားကောင်းစေရန် မြန်မာကျပ်ငွေတန်ဖိုးကို ထိန်းသိမ်းလိုသောကြောင့် ငွေပေးချေသည့် စနစ်အား ကန့်သတ်ခြင်း ဖြစ်သည်ကို လုပ်ငန်းရှင်များက နားလည်သော်လည်း လက်ရှိ ပြဿနာသည် ဘဏ်ကို ယုံကြည်မှု မရှိသလို ယန္တရား တခုလုံးအား ထိန်းကျောင်းနေသည့် အစိုးရတရပ်လုံးအပေါ် အများပြည်သူက ယုံကြည်မှု မရှိသည့် ပြဿနာဖြစ်သည်ဟုလည်း လုပ်ငန်းရှင်များက ထောက်ပြသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ပြည်တွင်းဘဏ်များတွင် အပ်နှံထားသည့် မိမိပိုင်ငွေများကို ထုတ်ယူ နိုင်ရန်အတွက် ယနေ့အချိန်ထိ ခက်ခဲနေဆဲ အခြေအနေတွင် ဗဟိုဘဏ်က ယခုကဲ့သို့ ဘဏ်စနစ်ဖြင့် ငွေ‌ပေးချေရန် ထပ်မံ၍ ကန့်သတ်မှု များ လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။

ပြည်တွင်း အရောင်းအဝယ် လုပ်ကိုင်သူ ပွဲစားကုန်သည်တဦးက “စစ်ကောင်စီ အနေနဲ့ ငွေကြေးဈေးကွက်ကို ထိန်းတာက အခုလို လုပ်လို့မရဘူး။ ယုံကြည်မှုနဲ့ပဲ ထိန်းရတာ။ ဒီသတ်မှတ်ချက်ထုတ်ပြီး ဘယ်လို အရေးယူမလဲ၊ ဘယ်လိုလုပ်မလဲ။ တိကျသေချာတာလည်း သူတို့မှာ မရှိဘူးလေ။ သေချာတာကတော့ ဒီဘောင်ထဲကနေ အမျိုးမျိုး လုပ်လာကြမယ် ထင် တယ်။ ဈေးနှုန်းတွေ တမျိုးလုပ်မယ်။ စာချုပ်တွေ ချုပ်မယ်၊ အရင်တုန်းကလို ပုံစံမျိုး ပြန်ဖြစ်သွားတာပေါ့။ ထိန်းချုပ်ဖို့ လုပ် တာ ကြိုးစားတာတော့ ကျနော်တို့ နားလည်တယ်။ ဒါပေမဲ့ ဒီလိုကြီးကျတော့ ပိုပြီးတော့ တင်းကျပ်လာတယ်။ အခွင့်အရေး တွေ ပိုပိုပြီး တော့ ဆုံးရှုံးလာတယ်” ဟု ပြောဆိုသည်။

ထို့ပြင် ဗဟိုဘဏ်၏ ငွေသားပေးချေမှု ကန့်သတ်ချက်သည် ကောင်းသော လုပ်ဆောင်ခြင်းမျိုး မဟုတ်သလို မိမိပိုင်ပစ္စည်းကို မိမိသဘောကျသည့် နည်းလမ်းဖြင့် ရောင်းခွင့်ရှိသည့်အပေါ် တင်းကျပ်လိုက်သောကြောင့် ဈေးကွက်အတွင်း လုပ်ရကိုင်ရ ပိုမို ကျပ်တည်းခက်ခဲသွားသည်ဟုလည်း ၎င်းက ဆိုသည်။

ဗဟိုဘဏ်အနေဖြင့် ထိုသို့ ကန့်သတ်ခြင်းက ပြည်တွင်း၌ ငွေပေးချေမှုများ ပိုမိုထိရောက်စွာ အကောင်အထည် ဖော်ရန် အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး အခြေပစ္စည်း(မရွေ့ပြောင်းနိုင်သောပစ္စည်း)နှင့် ကုန်ပစ္စည်းများရောင်းခြင်း၊ ဝယ်ခြင်း၊ လွှဲပြောင်းခြင်းများအတွက် ငွေပေးချေမှုများ ပြုလုပ်ရာတွင် တကြိမ်လျှင် ကျပ်သိန်း ၂၀၀ ထက်မပိုရဟု ထုတ်ပြန်ကန့်သတ် ထားခြင်း ဖြစ်သည်။

ယင်းပမာဏထက်ပိုသော ငွေပေးချေမှုများအတွက် ဒစ်ဂျစ်တယ် ငွေပေးချေမှု နည်းလမ်းများ ဖြစ်သော မိုလ်ဘိုင်း ဘဏ် လုပ်ငန်း၊ အင်တာနက် ဘဏ်လုပ်ငန်းနှင့် ပေးချေခြင်း၊ ဘဏ်ကတ်များနှင့် ပေးချေခြင်း၊ ချက်လက်မှတ်/ ငွေပေးအမိန့်လွှာ (PO) ပေးခြင်း၊ စာရင်းပြောင်းပေးချေခြင်း (Account Transfer) စသည်ဖြင့် ပေးချေရမည် ဖြစ်ကာ စာရွက်အထောက် အထားများကို တင်ပြ၍ ငွေပေးချေခြင်း နည်းလမ်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့မှ စတင်ပြီး အကျူံးဝင်ကြောင်း စစ်ကောင်စီက ဆိုသည်။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ကန့်သတ်ချက်များကြောင့် ကိုယ်ပိုင်ဘဏ်စာရင်းများမှ ငွေထုတ်ယူနိုင်ရန် အခက်အခဲများ ဖြစ်ပေါ်နေပြီး ပြည်သူများ၏ ဘဏ်အပေါ် ယုံကြည်မှုများ လျော့နည်းနေသလို ဘဏ်တွင် အပ်နှံထားသည့် ကိုယ်ပိုင် ငွေများကို ပြန်လည်ထုတ်ယူနိုင်ရန် ရာခိုင်နှုန်းပေးပြီး ထုတ်နေရသည့် တရားမဝင် ဈေးကွက်မှာလည်း လက်ရှိတွင် ကြီးမားနေဆဲ ဖြစ်သည်။

You may also like these stories:

စစ်တပ်ပိုင် Mytel ကုမ္ပဏီ အထိနာနေ

ပို့ကုန်ရငွေ စာရင်းရှင်းရန် ကုမ္ပဏီ ၆၀၀ကျော်ကို ဗဟိုဘဏ် သတိပေး

နိုင်ငံရေး အခြေအနေကြောင့် ပန်းတော်အပျော်စီးသင်္ဘော ပြေးဆွဲမှု ရပ်ဆိုင်း

မြန်မာ့ အထည်ချုပ်လုပ်ငန်း ပုံမှန်ပြန်ဖြစ်ရန် နှစ်ချီကြာနိုင်ဟုဆို

စီးပွားရေး လုပ်ငန်းကြီးများ မြန်မာကို ကျောခိုင်းမှု တိုးလာနေ

ရန်ကုန်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံမှုမှ အိန္ဒိယ Adani အုပ်စု နုတ်ထွက်မည်

Loading