သတင်း

UEC ဥက္ကဋ္ဌ ဦးလှသိန်းနှင့်အဖွဲ့ဝင် ၂ ဦးအား နေပြည်တော် အချုပ်ထောင်ပို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးလှသိန်း၊ အဖွဲ့ဝင် ဦးမြင့်နိုင်နှင့် ဦးသန်းဌေးတို့အား ပြီးခဲ့သည်အပတ်က နေ ပြည်တော်အချုပ်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း ၎င်းတို့နှင့်နီးစပ်သည့် ရှေ့နေတဦးကပြောသည်။

၎င်းတို့အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အပြတ်အသတ်အနိုင်ရရှိခဲ့သည့် ၂၀၂၀ အထွေထွေ ရွေး ကောက်ပွဲတွင် မဲစာရင်းပြုစုခြင်း၊ ကြိုတင်မဲပေးခြင်းစသည့် ကိစ္စရပ်များတွင် တရားမဲ့ပြုကျင့်မှုများ၌ ပါဝင်ပတ်သက်ခဲ့ သည်ဆိုကာ တရားစွဲဆိုအရေးယူထားကြောင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က နို ဝင်ဘာ ၁၅ ရက်နေ့က ကြေညာထားသည်။

သို့သော် လတ်တလောတွင် ၎င်းတို့သုံးဦးအား မည်သည့် ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားသည်ကို မသိရသေးပေ။

၎င်းတို့သည် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံရကာ စစ်တပ်စောင့်ကြည့်မှုအောက်ရှိ နေရာများတွင် ချုပ်နှောင်ခံခဲ့ရသူများဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲတရားမဲ့ပြုကျင်သည်ဟု စွပ်စွဲကာ ၁၆ ဦးအား တရားစွဲဆိုထားကြောင်း ကြေညာခဲ့ခြင်းဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ၊ UEC ဥက္ကဌ ဦးလှသိန်း၊ အဖွဲ့ဝင် ဦးမြင့်နိုင်နှင့် ဦးသန်းဌေး၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက် တာမျိုးအောင်တို့ ၈ ဦးအမည်သာ ထုတ်ပြန်ခဲ့ပြီး ကျန် ၈ ဦးအား ထုတ်ဖော်ကြေညာခြင်းမရှိခဲ့သည့်အပြင် မည်သည့်ပုဒ်မ ဖြင့် တရားစွဲဆိုထားသည်ကိုလည်း ထုတ်ဖော်ကြေညာခြင်းမရှိခဲ့ပေ။

သို့သော် ဒေါက်တာဇော်မြင့်မောင်အနေဖြင့်မူ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က နှင့် ပုဒ်မ ၁၇၁-စ တို့ဖြင့် တရားစွဲခံရကြောင်း ၎င်း၏ရှေ့နေတဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က တရားစွဲဆိုအရေးယူထားကြောင်း တပေါင်းတည်း ကြေညာခံရသူ ၁၆ ဦးစလုံးမှာ တရားစွဲဆိုခံရသည့် ပုဒ်မများ တူညီနိုင်ဖွယ်ရှိကြောင်းလည်း အခြားသောရှေ့နေတဦးက သုံးသပ်သည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က တွင် ပြစ်ဒဏ်(သို့) ပြစ်ဒဏ်ချမှတ်ရန် အခြားနည်းလမ်းဥပဒေ အတိအလင်းပြဌာန်းထား ခြင်းမရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ (နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ)ပါ ပုဒ်မအချို့ နှင့် တည်ဆဲဥပဒေပါ ပြဌာန်းတားမြစ်ထားသော ပြုလုပ်မှုအား တမင်ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ ပြဌာန်းချက်အရ ပြု လုပ်ရန်လိုအပ်သော ပြုလုပ်မှုအား တမင်ချန်လှပ်ခြင်းဖြင့်လည်းကောင်း၊ ပြဌာန်းချက်အား လျှော်ကန်သင့်မြတ်သော ခွင့် လွှတ်ချက်မရှိဘဲ ဆန့်ကျင်ခြင်းပြုလျှင် ထိုသူကို ၃ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၇၁-စ တွင် မည်သူမဆို ရွေးကောက်ပွဲတွင် မလျောဩဇာသုံးမှုကို (သို့တည်းမဟုတ်) သူတပါး အယောင်ဆောင်မှုကို ကျူးလွန်လျှင် ထိုသူကို တနှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ် စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းကတည်းက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝန်ကြီးများအား ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးနောက်ပိုင်းတွင် မဲစာရင်းများ မှားယွင်းမှုရှိသည့်အတွက် မဲမသမာမှုရှိသည်ဟု စွပ်စွဲကာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အား ဖျက်သိမ်းပြီး တရားစွဲဆိုမှုများ ပြုလုပ်လျှက်ရှိသည်။

You may also like these stories:

စစ်ကောင်စီက ASEAN ကို မကြည့်၊ တရုတ်ကိုသာ ကြည့်

အခင်အမင်မပျက်သေးတဲ့ တရုတ်နဲ့ NLD ဆက်ဆံရေး

ဒေါ်အောင်ဆန်းစုကြည်အပေါ် အရင်ထက် ယခုစစ်အုပ်စုက ပိုငြိုး

Loading