စစ်အာဏာသိမ်းပြီးနောက် တနှစ်ကြာ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် အတိုက်အခံ အမျိုးသားညီညွတ်ရေး အစိုးရ NUG နှင့် တွေ့ဆုံရေးအတွက် အာဆီယံ အထူးသံတမန်က တောင်းဆိုခြင်းကို မြန်မာစစ်ကောင်စီက ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပယ်ချခဲ့သည်။
NUG သည် အကြမ်းဖက်သမားများဖြစ်သည်ဟု စစ်ကောင်စီက တံဆိပ်ကပ်ထားသည်။
မြန်မာနိုင်ငံ အခြေအနေသည် ဖရိုဖရဲဖြစ်နေပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြိုခွင်းမှုများအတွင်း စစ်ကောင်စီက အရပ်သား ၁,၅၀၀ ကျော်ကို သတ်ဖြတ်ထားသည်ဟု ပြည်တွင်း စောင့်ကြည့်လေ့လာသည့် အဖွဲ့တခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဆိုသည်။
အဖွဲ့ဝင် ၁၀ နိုင်ငံပါသော အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် သံတမန်ရေး အားထုတ်မှုတွင် ရှေ့တန်းမှပါဝင်နေသည်။ စစ်အာဏာသိမ်းမှုကြောင့် ကြီးမားသော ဆန္ဒပြပွဲများ ပေါ်ပေါက်လာပြီး လူပေါင်း ၁၂,၀၀၀ ကျော်ကို ဖမ်းဆီးခြင်း အပါအဝင် အတိုက်အခံများကို ရက်စက်ကြမ်းကြုပ်စွာ နှိမ်နင်းသည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သော ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းက သူသည် လာမည့် မတ်လတွင် မြန်မာသို့ သွားရောက်ပြီး စစ်ကောင်စီအရာရှိများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ကြာသပတေးနေ့က ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောသည်။
မလေးရှားနိုင်ငံ၏ ထောက်ခံမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဖြုတ်ချခံပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ လွှမ်းမိုသည့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့်လည်း တွေ့ဆုံရန် ကြိုးစားမည်ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ NUG အစိုးရသည် စစ်ကောင်စီကို ဖြုတ်ချရန် ကြိုးစားနေသည့် အစိုးရဖြစ်သည်။
မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး အထူးသံတမန် အပါအဝင် အာဆီယံနှင့်အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။
သို့သော် တရားမဝင်သော အသင်းအဖွဲ့များနှင့် အကြမ်းဖက်သမားများသည် အကြမ်းဖက်မှုများ ကျူးလွန်နေပြီး အလုံးစုံပျက်သုဉ်းရေး လမ်းကြောင်းသို့ ဦးတည်နေသောကြောင့် အထူးသံတမန်နှင့် ထိုအဖွဲ့များ ဆက်ဆံခြင်းကို သဘောတူမည် မဟုတ်ကြောင်း ပြောသည်။
ထိုသို့သော ပြောဆိုမှုများသည် အာဆီယံပဋိညာဉ်၏ မူများနှင့်ဆန့်ကျင်ပြီး အာဆီယံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အားထုတ်မှုများကို ထိခိုက်စေကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။
“ထိုသို့သော ဝေဖန်ပြောဆိုမှုကို ပြုလုပ်ရန်အတွက် အာဆီယံစင်မြင့်ကို မသုံးရန် ထိုအဖွဲ့ဝင်နှစ်နိုင်ငံကို နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုက်တွန်းလိုက်ပြီး အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချရန် ၎င်းတို့ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက အားပေးသည်” ဟုလည်း ဆက်လက် ဖော်ပြထားသည်။
စစ်ကောင်စီသည် လွန်ခဲ့သော မေလက NUG ကို အကြမ်းဖက်သမားများအဖြစ် ကြေညာပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ထိပ်တန်းခေါင်းဆောင် အများအပြားကို ဖမ်းဆီးထားသည်။
NUG အဖွဲ့ဝင် အများစုသည် ပြည်ပတွင် နေထိုင်၊ သို့မဟုတ် ပုန်းအောင်းနေရပြီး မည်သည့်အချိန် မည်သည့် နေရာတွင် ၎င်းတို့နှင့် အစည်းအဝေးကျင်းပမည်ကို ဝန်ကြီး ပရက်ဆိုခွန်းက ပြောကြားခြင်းမရှိပေ။
အကြမ်းဖက်မှု ရပ်ဆိုင်းရေးတွင် တိုးတက်မှု မရှိသောကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်တွင် ကျင်းပသည့် အစည်းအဝေးမှ ပိတ်ပင်ခဲ့သော်လည်း ဆွေးနွေးမှုများကို စစ်ကောင်စီ ကိုယ်စားလှယ်များအား နားထောင်ခွင့် ပေးခဲ့ကြောင်း ဝန်ကြီး ပရက်ဆိုခွန်းက ပြောသည်။
You may also like these stories:
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာ့အရေး လက်လျှော့
ဒီမိုကရေစီညွှန်းကိန်းတွင် မြောက်ကိုရီးယားအောက် မြန်မာရောက်
ဖုန်ကြားရှင် သို့မဟုတ် မြန်မာစစ်တပ်အတွက် မြင်းကောင်းတစီး ဖြစ်ခဲ့သူ
နိုင်ငံတကာ အဖွဲ့အစည်းများ တာဝန်ခံမှု ရှိစေလို