သတင်း

ရနောင်းလူသတ်မှုဖြင့် အလိုရှိနေသည့် မြန်မာ ၂ ဦးကို ဖမ်းမိဟုဆို

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင် လွှတ်တော်အမတ် လက်ထောက်၏ ဖခင်ဖြစ်သူအား သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး တိမ်းရှောင်နေသည့် မြန်မာနှစ်ဦးအား ဇူလိုင်လ ၁၈ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းဌာနက ရေးသား ဖော်ပြသည်။

ဖမ်းဆီးရမိသည့် မြန်မာနှစ်ဦးမှာ အသက်၂၃ အရွယ် ဇော်မျိုးဆိုသူနှင့် ၃၆ နှစ်အရွယ် ခင်မောင်ဇော် ဆိုသူတို့ဖြစ်ပြီး ၎င်းတို့အနေဖြင့် သေဆုံးသူ၏ ဦးခေါင်းအား သစ်သားတုတ်ဖြင့် ရိုက်နှက်ကာ ရေတွင်းဟောင်း တခုအတွင်း ပစ်ချထား ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟုလည်း ဘန်ကောက်ပို့စ်က ရေးသားထားသည်။

သေဆုံးသူ အသက် ၈၁ နှစ်အရွယ် နိုင်ထနူးကျိုင်ဒီသည် ရနောင်းခရိုင် လွှတ်တော်အမတ်၏ လက်ထောက်ဖြစ်သူ နိုင်းထဝပ် ကျိုင်ဒီနှင့် ပါချန်အုပ်စု စီမံခန့်ခွဲရေးမှူး နန်းနရစ်မွန်း ဘွန်းချွယ့်တို့၏ ဖခင်ဖြစ်ပြီး ဇူလိုင် ၁၀ ရက်က ရာဘာခြံအတွင်း နေအိမ်နှင့် မနီးမဝေးရှိ တွင်းဟောင်း တခုထဲမှ အလောင်းအား ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ အနေဖြင့် ရာဘာခြံထဲတွင်သာ အနေများပြီး မြန်မာအလုပ်သမားများနှင့် နှစ်ပေါင်း ၂၀ ကျော် အတူတကွ နေထိုင်လာခဲ့သူ ဖြစ်ကြောင်းလည်း သိရသည်။

၎င်း နေအိမ်မှ ပျောက်ဆုံးပြီးနောက် မိသားစုဝင်များမှ ဘတ်ငွေ ၈ သန်းပေးရန် ပြန်ပေးငွေတောင်းသည့် ဖုန်း မက်ဆေ့တစောင် လက်ခံရရှိခဲ့ကြောင်း သိရသည်။

ယင်းအမှုနှင့် ဆက်စပ်ပြီး လက်ရှိ ဖမ်းမိထားသူ ဇော်မျိုးနှင့် ခင်မောင်ဇော်တို့အား လူသတ်မှု၊ ပြန်ပေးဆွဲ ငွေတောင်းမှု များဖြင့် ရနောင်းမြို့နယ်တရားရုံး၌ အမှုဖွင့် တရားစွဲဆိုထားကြောင်းလည်း သိရသည်။

၎င်းတို့ မဖမ်းမိခင်ကလည်း အဆိုပါ လူသတ်မှုနှင့် ပတ်သက်ပြီး သေဆုံးသူ၏ ရာဘာခြံအတွင်းနေထိုင်သည့် မြန်မာ အလုပ်သမားများ အပါအဝင် မြန်မာ ၂၁ ဦးနှင့် ထိုင်းလူမျိုး ဇနီးမောင်နှံနှစ်ဦးကိုလည်း သံသယဖြင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းလည်း သိရသည်။

You may also like these stories:

ရနောင်းလူသတ်မှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံရသည့် မြန်မာ ၂၁ဦး ရှိလာ

ထိုင်းနိုင်ငံသားတဦး အသတ်ခံရမှု မြန်မာ ၁၅ ဦးဖမ်းခံထားရ

Loading