ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဝမ်ကျောက်မြို့ရှိ စိုက်ပျိုးရေးခြံပိုင်ရှင် ထိုင်းမိသားစု အသတ်ခံရမှုတွင် သံသယရှိသူ မြန်မာ ၃ဦးအား အပူတပြင်းလိုက်လံရှာဖွေနေပြီး မြန်မာအလုပ်သမားတချို့ကိုလည်း ခေါ်ယူစစ်ဆေးနေကြောင်း အလုပ်သမားရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
သေဆုံးသူများမှာ ကျောက်မန်းပါတနာခမ်း(၄၆နှစ်) ဇနီးဖြစ်သူ ဂျားဆမ်ဆိုးဝမ်း(၃၄နှစ်)နှင့် အသက် ၁၀၊ ၇ နှစ်နှင့် ၃ လသားအရွယ် ကလေးငယ် ၃ ဦးတို့ဖြစ်ပြီး လွန်ခဲ့သည့် ရက်ပိုင်းက တောင်ယာသို့ သွားရာမှ ပျောက်ဆုံးနေသဖြင့် မိဘ ဆွေမျိုးများက လိုက်လံရှာဖွေရာ ဖေဖော်ဝါရီလ ၈ ရက်၌ ၎င်းတို့၏ယာခင်းနှင့် မီတာ ၃၀၀ ခန့်အကွာ လျှိုတခုထဲတွင် အလောင်းများကို တွေ့ရှိခဲ့ရကြောင်း ဘန်ကောက်ပို့စ် သတင်းဌာနတွင် ဖော်ပြထားသည်။
အဆိုပါ မိသားစု အသတ်ခံရမှုအတွက် သံသယရှိသူ မြန်မာလုပ်သား ၃ဦးကို ဖမ်းဝရမ်းထုတ်၍ လိုက်လံရှာဖွေနေပြီး အနီးအနားရှိ မြန်မာလုပ်သား အယောက် ၂၀ ခန့်လည်း စစ်ဆေးခံရကြောင်း သိရသည်။
အသတ်ခံရသည့် မိသားစုမှာ ချင်းစိုက်ပျိုးရေးလုပ်ကိုင်ကြပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ငှားရမ်းထားကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ပြောကြားချက်အား ဘန်ကောက်ပို့စ် သတင်းဌာနက ကိုးကား၍ ဖော်ပြခဲ့သည်။
အလောင်းများကို စစ်ဆေးရာ အိမ်ထောင်ဦးစီး၏ ခေါင်းတွင် သေနတ်ဒဏ်ရာ၊ မိန်းမနှင့် ကလေးများတွင် လည်ပင်း၌ ပြတ်လုနီးပါး ဓားဒဏ်ရာများဖြင့် သေဆုံးနေကြသလို အနီးနားတွင်လည်း ၉ မမကျည်ဆန်ခွံ တွေ့ခဲ့ကြောင်း သိရသည်။
မဲဆောက်အခြေစိုက် မြန်မာပြည် သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်းတပ်တွေနဲ့ ရဲတွေက ဖုတ်ဖရမြို့နယ်ထဲမှာ မြေလှန်ရှာနေတယ်။ အပူတပြင်းရှာဖွေနေတယ်။ မြန်မာဘက်ကိုလည်း အကြောင်းကြား ထားတယ်။ ဖုတ်ဖရဘက်က မြန်မာပြည်နဲ့ ထိစပ်နေတဲ့ ဝေါလေဘက်ကို ထွက်ပြေးရင် ဖမ်းဆီးပြီး ၂နိုင်ငံ နယ်စပ်ဖြတ် ကျော်တဲ့ မှုခင်းတွေ ရာဇဝတ်မှုတွေအရ လွှဲပြောင်းပေးဖို့ ထိုင်းရဲက အကြောင်းကြားထားတယ်” ဟု ပြောသည်။
သံသယရှိသူ အလုပ်သမား ၃ဦးမှာ အဖေဖြစ်သူနှင့် သား ၂ဦးတို့ဖြစ်ပြီး ၎င်းတို့အား သေဆုံးသူ အလုပ်ရှင်မှ လုပ်အားခ အပြည့် မရှင်းပေးသည်မှာ နှစ်နှင့်ချီ၍ ကြာနေပြီဖြစ်ကာ စားလောက်ရုံမျှသာ ပေးခဲ့သည်ဟု နီးစပ်ရာ စစ်ဆေးခံရသည့် မြန်မာလုပ်သားများက ထွက်ဆိုထားကြောင်း ဦးမိုးကြိုးက ပြောသည်။
ထိုအတွက် လုပ်အားခကိစ္စကြောင့် အလုပ်ရှင်နှင့်အလုပ်သမားကြား ပြဿနာဖြစ်ခဲ့ပြီး မြန်မာအလုပ်သမား ၃ဦးမှ အလုပ်ရှင်မိသားစုများကို သတ်ဖြတ်၍ ခြံထဲတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့များက သံသယရှိနေကြောင်း သိရသည်။
လက်ရှိတွင် သံသယရှိသူ မြန်မာလုပ်သား သားအဖ ၃ဦးမှာ ဝမ်ကျောက်မြို့နယ်မှတဆင့် ဖုတ်ဖရမြို့နယ်အတွင်း ထွက်ပြေး၍ မြန်မာပြည်နှင့် ထိစပ်လျက်ရှိသည့် ဝေါလေမြို့သို့ ရောက်ရှိနေကြောင်း ယူဆသဖြင့် မြန်မာပြည်ဘက်ခြမ်းမှ အာဏာပိုင်များနှင့် ပူးပေါင်းရှာဖွေနေကြောင်းလည်း သိရသည်။
ဦးမိုးကြိုးက “ဖြစ်နိုင်ချေရှိတယ်။ သူတို့က သားအဖ ၃ယောက်က အခုသေသွားတဲ့ မိသားစုရဲ့ ချင်းစိုက်ခင်းမှာ လုပ်တာ။ သူတို့နဲ့အလုပ်အတူလုပ်တဲ့ မြန်မာ ၂၀ လောက်ကို စစ်ဆေးပြီးသွားပြီ။ ချင်းစိုက်ခင်းက အလုပ်သမား ၃ယောက်ပဲ။ သူတို့ရဲ့ လုပ်အားခတွေကို နှစ်ပေါက်အောင် မပေးတာရှိတယ်။ စားဖို့သောက်ဖို့လောက်ပဲ ပေးပြီးတော့ လုပ်အားခ အပြည့်အဝ မပေးဘူး။ သား ၂ယောက်ကလည်း မူးယစ်ဆေးဝါးစွဲနေတယ်။ ဒါကို မြန်မာအလုပ်သမား ၂၀ လောက်က ထွက်ချက် ပေးထားတာ” ဟု ဆိုသည်။
ထိုင်းအာဏာပိုင်များအနေဖြင့် သံသယရှိသူ မြန်မာ ၃ဦးကို အပူတပြင်းရှာဖွေနေသလို နီးစပ်ရာရှိ မြန်မာလုပ်သားများကို လည်း လိုက်လံစစ်ဆေးမေးမြန်းနေကြောင်း မြန်မာအလုပ်သမား အသိုင်းအဝိုင်းမှ သိရသည်။
ယခုကဲ့သို့ ထိုင်းလူမျိုးမိသားစု အသတ်ခံရမှုနှင့် ပတ်သက်၍ တခြားသော မြန်မာ ရွှေ့ပြောင်းလုပ်သားများအပေါ်လည်း ထိုင်းလူမျိုးများအနေဖြင့် အထင်အမြင်လွဲမှားမှုများ ရှိလာနိုင်သောကြောင့် အသွားအလာ အနေအထိုင်မှစ၍ နိုင်ငံကြီးသား ပီသစွာ သတိထားဆင်ခြင်၍ နေထိုင်စေလိုကြောင်း အလုပ်သမားရေးဆောင်ရွက်သူများက သတိပေး ပြောဆိုသည်။
You may also like these stories:
ထိုင်းအမျိုးသားတဦး အသတ်ခံရမှု မြန်မာ ၉ ဦးကို စတင် စစ်ဆေး
ထိုင်းဟိုတယ်တခုမှ ပစ္စည်းများ ခိုးယူခံရမှု မြန်မာ ၃ဦး သံသယဖြင့် အဖမ်းခံရ
ထိုင်းအချုပ်ခန်းများ၌ ဖမ်းဆီးခံ မြန်မာများဖြင့် ပြည့်နေ
စစ်အာဏာသိမ်းပြီးနောက် ထိုင်းရောက် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရမှု ပိုဆိုးလာဟုဆို