စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းသည် ခုခံတော်လှန်မှုအားကောင်းသော ဒေသတခုဖြစ်သလို စစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုများကို အဆိုးဝါးဆုံးခံနေရသော ဒေသတခုလည်း ဖြစ်သည်။
ယခင်အရပ်သားအစိုးရလက်ထက်က စိုက်ပျိုးရေးလုပ်ကိုင်ရင်း အေးချမ်းသာယာရှိခဲ့သော စစ်ကိုင်းတိုင်းသည် စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီကို အပြင်းအထန် ခုခံတွန်းလှန်မှုကြောင့် စစ်ကောင်စီအငြိုးထားရာ နယ်မြေတခုအဖြစ်သို့ ပြောင်းလဲရောက်ရှိသွားသည်။
အာဏာသိမ်းမှု ၂နှစ်အတွင်း စစ်ကိုင်းတိုင်းနှင့် ပတ်သက်၍ ထွက်ပေါ်လာသော သတင်း အများစုသည် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီးနောက် ကျေးရွာများကို မီးရှို့ ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ ဒေသခံများကို အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အမျိုးသမီးများ အပေါ် အဓမ္မပြုကျင့်ခြင်းနှင့် ဒေသခံများ၏ အဖိုးတန်ပစ္စည်းများကို လုယူခံရခြင်း အစရှိသည် သတင်းများသာ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လအတွင်း စစ်ကိုင်းတိုင်းက မြို့နယ် ၂၀ ကျော်ကို အင်တာနက်လိုင်း နှင့် ဆက်သွယ်ရေးလိုင်းများ စတင်ဖြတ်တောက်ခံလိုက်ရပြီးနောက် စစ်ကောင်စီ၏ အကြမ်းဖက်မှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ပိုမိုဆိုးဝါးလာခဲ့သည်။
လက်ရှိအချိန်တွင်မူ စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃၅ ခုအနက် မုံရွာ၊ စစ်ကိုင်း၊ ကလေး နှင့် ရွှေဘိုမြို့ နယ်တို့ သာ အင်တာနက်ရရှိတော့သည်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ ဦးအောင်မျိုးသန့်က “အင်တာနက်ရဖို့ကို ရွှေဘိုနားအထိ ၁၂ မိုင်၊ ၁၃ မိုင်လောက် သွားရတာကို အဲဒီရောက်တော့လည်း အဆင်ပြေလား ဆိုတော့လည်း အဆင်မပြေပြန်ဘူး။ တခါတလေ သတင်းတခုပို့ဖို့ကို ၃၊ ၄ နာရီ လောက်ထိုင်စောင့်ရပြီး မရလို့ ပြန်ရတာတွေလည်းရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အင်တာနက်ဖြတ်တောက်ထားသောကြောင့် သတင်းအချက်အလက်ရရှိရန်အတွက် အခြားနည်းလမ်း များဖြင့် ဆောင်ရွက်နိုင်သေးသော်လည်း စစ်ကောင်စီ၏ စစ်ကိုင်းတိုင်းဒေသအတွင်း လူ့အခွင့်အရေး ချိုးဖောက်များနှင့် အကြမ်းဖက်မှု ကျူးလွန်ခြင်းများကို အချိန်နှင့် တပြေးညီ သတင်းမပို့နိုင်ခြင်းကို ပို၍ ခံပြင်းဒေါသထွက်ရကြောင်း ၎င်းက ဆိုသည်။
ဦးအောင်မျိုးသန့်က ဆက်လက်၍ “တကယ့်မြေပြင်မှာ ဖြစ်ပျက်နေတာကို အဖြစ်အပျက်တွေ အကုန် လုံးကို ပြင်ပကို သိခွင့်ရအောင် မလုပ်နိုင်တာက အခက်ခဲဆုံးပဲ။ ဒီစစ်ကောင်စီရဲ့ ယုတ်မာမှုတွေ၊ မသေမရှင်တွေကို မီးထဲထည့်ရှို့သွားတဲ့ လောင်ကျွမ်းနေတဲ့ ဗီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေရှိပေမယ့် ကျနော်တို့ မပို့နိုင်တော့ဘူး” ဟု ဆိုသည်။
အင်တာနက်ဖြတ်တောက်ခြင်းသည် စစ်ကောင်စီ၏ ဖြတ်လေးဖြတ်ဗျူဟာအရ နည်းလမ်းဟောင်းတခုပင် ဖြစ်ပြီး သတင်းအချက်အလက် စီးဆင်းမှု နှောင့်နှေးစေခြင်း၊ ၎င်းတို့၏ လူ့ အခွင့်အရေး ချိုးဖောက်မှုများကို ဖုံးကွယ်လိုခြင်း၊ တော်လှန်ရေးအင်အားစုများအချင်းချင်း ချိတ်ဆက်မှု အားနည်းစေလို ခြင်းနှင့် ပြည်တွင်းပြည်ပရှိ အများပြည်သူများ၏ ထောက်ပံ့ငွေများကို ဖြတ်တောက်လိုခြင်းကြောင့်ဖြစ်သည်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အင်တာနက်တွေဖြတ်လိုက်ပြီး နောက်ပိုင်းကတည်းက အဆက်အသွယ်တွေလည်း လုံးဝကို ပြတ် တောက်သွားတော့ ကျနော်တို့တွေ ပြည်ပအလှူရှင်တွေဆီက ရတဲ့ အလှူငွေတွေ တော်တော်လျော့ကျ သွားတယ်။ ရိက္ခာပိုင်းဆိုင်ရာ၊ တော်လှန်ရေးအသုံးစရိတ်ပိုင်းဆိုင်ရာ အားလုံးက လုံးဝကို နည်းကျသွား တာ” ဟု ပြောသည်။
ထို့ပြင် ယနေ့ နည်းပညာခေတ်တွင် ယင်းကဲ့သို့ အင်တာနက် ဖြတ်တောက်ခြင်းကြောင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်များကို သာမက ဒေသခံပြည်သူများ၏နေ့စဉ်နေထိုင်မှုဘဝ၊ လူမှုရေး၊ စီးပွားရေး စသည်တို့အပေါ်သို့လည်း သက်ရောက်မှုများရှိနေသည်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှ ကျေးရွာဒေသခံ အမျိုးသမီးတဦးက “ဇန်နဝါရီကုန်တုန်းက ဆိုရင် ကျမတို့တွေ စပါးစျေး သေချာမသိရတော့ ၁၄ သိန်း၊ ၁၄ သိန်းခွဲ (စပါးတင်း ၁၀၀) နဲ့ပဲ ထုတ် ရောင်းလိုက်ရတယ်၊ တကယ့် စပါးစျေးက သိန်း ၂၀ လောက်ပေါက်နေတာပေါ့။ ခက်ခဲတာကတော့ တော်တော်ခက်ခဲတာ။ ဖုန်းလိုင်းတွေဆိုရင်လည်း MPT ရော၊ အူရီဒူးရောက ဘာမှ သေချာမရဘူး” ဧရာဝတီ သို့ ပြောသည်။
ယခင်က နိုင်ငံအနှံ့အပြားတွင် ဖြစ်ပေါ်နေသော သတင်းအချက်အလက်များကို မိမိဖုန်းပေါ်မှတဆင့် အလွယ်တကူ ရရှိနိုင်သော်လည်း ယခုအခါ ဒေသတွင်းသတင်းကိုပင် နာရီနှင့်ချီနောက်ကျပြီးမှ သိရှိရ တော့ကြောင်း ၎င်း က ဆိုသည်။
၎င်းက ဆက်လက်၍ “စစ်အုပ်ချုပ်ရေးပါ ကြေညာလိုက်တော့ ကျမတို့တတွေမှာ ခါတိုင်း တောင်မှ ဖွင့်ဟပြောဆိုလို့ မရတဲ့အချိန်မှာတောင် ပြည်သူတွေကိုသတ်၊ အိမ်တွေကို မီးရှို့နေတာ အခုလည်း ဘယ်လိုပုံစံ နဲ့ လာယုတ်မာကြဦးမလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ နေနေရတယ်” ပြောဆိုသည်။
စစ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ မြန်မာစစ်တပ် နှင့် ၎င်းတို့လက်အောက်ခံအဖွဲ့အစည်းက နိုင်ငံတဝှမ်းရှိ အရပ်သား နေအိမ်ပေါင်း ၅၅၄၈၄ ခန့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar ၏ ထုတ်ပြန်ထား ချက်အရ သိရသည်။
ထိုအထဲတွင် စစ်ကိုင်းတိုင်းက နေအိမ်အများဆုံးမီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး နေအိမ်ပေါင်း ၄၃၂၉၂ ခန့် မီးရှို့ဖျက်ဆီးခံရခြင်း ဖြစ်သည်။ ဒေသခံ သိန်းနှင့်ချီ၍လည်း စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေကြရဆဲ ဖြစ်သည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ နေထိုင်နေသော်လည်း စစ်ကိုင်းတိုင်း မြောင်မြို့နယ် မင်းတန်း နှင့် နဂါးပေါက်ကျေးရွာများတွင် ဆွေမျိုးသားချင်းများရှိသော မခင်ခင် က စစ်ကိုင်းဘက်တွင် အင်တာနက် မရတော့သည့်နောက်ပိုင်းတွင် သတင်းဌာနများမှ ဖော်ပြလာသော သတင်းများကိုသာ စောင့်ကြည့်ပြီး ဆွေမျိုးများကို ဖုန်းမက်ဆေ့ချ်ဖြင့်သာ အဆက်အသွယ် လုပ်ရတော့ကြောင်း ပြောသည်။
၎င်းက “ညီမတို့ဆိုရင် လူငယ်ဆိုတော့ တဆုံးတွေးမိတာပေါ့၊ ရွာကို စစ်ကြောင်းလာပြီလို့ သတင်းရပြီးလို့ သူတို့ ထပ်မဆက်သွယ်ချင်း သေများ သေသွားကြပြီလားပေါ့။ စစ်ကြောင်းက ခဏခဏလာပြီး မီးလာလာရှို့ခံနေရတာဆိုတော့ ကိုယ်ဖုန်းဆက်တဲ့ အချိန်က သူတို့တွေ ထွက်ပြေးနေရတာတို့၊ ပုန်းနေရတာမျိုးဖြစ်မှာဆိုးလို့ ဆွေမျိုးတွေ ပြန်ဆက်သွယ်လာတာကိုပဲ စောင့်နေရတာများတယ်” ဟု ပြောသည်။
စစ်ကိုင်းတိုင်းအပြင် ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ကယား (ကရင်နီ) ပြည်နယ်တို့ရှိ ဒါဇင် နှင့်ချီသော မြို့နယ်များကို အင်တာနက် ဖြတ်တောက်ထားပြီး စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်သော တချို့ဒေသများကိုမူ ဖုန်းလိုင်းများကိုပါ ဖြတ်တောက်ထားသေးသည်။
မုံရွာမြို့နယ်တွင် နေထိုင်သော အဖေကို ပူပန်နေရသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတဦးက “အသက် ၇၀ ကျော် အဖေက ဖုန်းတလုံးနဲ့ စစ်ပြေးနေရတာဆိုတော့ ပြေးရင်း ဘာဖြစ်သွားမလဲ၊ ပူရတာပေါ့။ ညဘက်တွေဆို အညာဆောင်း အေးရတဲ့အထဲ လူကြီးဆိုတော့ မလွယ်ဘူး။ ရပ်ရွာက လူငယ်တွေ ကူညီပေးလို့သာ ပြေးနိုင်တာ။ ဒီလိုပြေးရတာ အကြိမ်မနည်းတော့ဘူး၊ ဒီတစ်ခါ အကြာဆုံးပဲ” ဟု ပြောသည်။
စစ်ကောင်စီက ယင်းကဲ့သို့ အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် ပြည်သူများအတွက် အခက်အခဲ အကျပ် အတည်းများ ရှိသည် မှန်သော်လည်း အခြားတဘက်တွင်မူ စစ်ကောင်စီအား ခုခံ တွန်းလှန် နေသည့် တိုက်ပွဲများနှင့် ပြည်သူများ၏ နာကျည်းမုန်းတီးစိတ်များမှာ အရှိန်ကျသွားခြင်းမရှိဘဲ ပို၍သာ အားကောင်းလာခဲ့သည်။
ယင်းအတွက်ကြောင့်ပင် ၂၀၂၂ ခုနှစ်နှစ်လယ်ပိုင်းမှ စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အချင်းချင်း အချိတ်အဆက် ပိုမိုအားကောင်းလာပြီး စစ်ကောင်စီကို ခုခံတွန်းလှန်မှုအရှိန် ပို မြင့်လာခြင်းကလည်း စစ်ကောင်စီ၏ အင်တာနက် ဖြတ်တောက်ပြီး ထိုးစစ်ဆင်နေသော နည်းဗျူဟာ မအောင်မြင်သည့် လက္ခဏာ တခုလည်း ဖြစ်သည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားသော မြို့နယ်များထဲမှ မြို့နယ် ၁၅ မြို့နယ်ကို ပြည်သူ့အုပ်ချုပ်ရေး နှင့် ကာကွယ်ရေးတပ်ဖွဲ့များကြား ဆက်သွယ် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အင်တာနက်ရရှိအောင် ဆောင်ရွက်ထားပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့က ထုတ်ဖော်ပြောဆိုလာခဲ့သည်။
အဆိုပါ မြို့နယ်များထဲတွင် စစ်ကောင်စီနှင့်စစ်ရေးတင်းမာနေသော ကချင်ပြည်နယ်နှင့်ထိစပ်နေသည့် စစ်ကိုင်းတိုင်းထဲရှိ ကောလင်း၊ ကန့်ဘလူ နှင့် ကသာ မြို့နယ် ၃ ခုလည်း ပါဝင်သည်။
စစ်ကောင်စီက သတင်းအချက်အလက်စီးဆင်းမှု ပိတ်ပင်ခြင်း နှင့် ထောက်ပံ့ငွေများ လျော့ကျသွား အောင် ပိတ်ဆို့ထားသော်လည်း မိမိတို့အတွက် အခက်အခဲများကို ဖြေရှင်းသည့် နည်းလမ်းများသည် ပေါ်ပေါက်လာမြဲ ဖြစ်ခြင်းကြောင့် ၎င်းတို့၏ ပိတ်ဆို့မှုများကို နောက်ပိုင်းတွင် မစိုးရိမ်တော့ကြောင်း စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။
၎င်းက “အခုအချိန်အထိ အင်တာနက်တွေ ပိတ်ထားဆဲဆိုတာကလည်း ဒီစစ်ကောင်စီက တော်လှန်ရေးမှာ ရှုံးနေတယ်ဆိုတဲ့ သက်သေတခုပဲလေ” ဟု ပြောဆိုလိုက်သည်။
You may also like these stories :
ထိန်းချုပ်နယ်မြေတချို့တွင် NUG က အင်တာနက် စပေး
စစ်ကောင်စီ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ IMEI
အင်တာနက်ဖြတ်တောက်မှုနှင့် စစ်ကောင်စီ၏ အရိပ်မဲ့စစ်ဆင်ရေး
တိုက်ပွဲမပြတ်တဲ့ စစ်ကိုင်းတိုင်းထဲက စစ်ရှောင်များ ခက်ခဲကျပ်တည်းလာ
စစ်ကိုင်းအား “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့်ရှင်းရန် စစ်ကောင်စီကြံစည်နေ