တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်-စင်ခွန်နယ်စပ် ကုန်သွယ်ရေးဂိတ်၌ ရေထွက်ကုန်ပစ္စည်း ဖလှယ် ရာမှ ထွက်သည့် အနံဆိုးများကြောင့် တိုင်ကြားသဖြင့် ရေခူနှင့် ရေငန်(ရေခဲရိုက်ငါး)များတင်ပို့ခြင်းကို ကန့်သတ်မည်ဟု ထိုင်းဘက်က သတိပေးထားကြောင်း မြိတ်ဒေသရေထွက်ပစ္စည်း တင်ပို့သည့် ကုန်သည်များကဆိုသည်။
မောတောင်-စင်ခွန်နယ်ကုန်သွယ်ရေးဂိတ်နှစ်ခုကြား ပေ ၆၀၀ခန့်ရှိ ကြားနေဇုန်တွင် ရေထွက်ကုန်ပစ္စည်းများအာ နှစ်နိုင်ငံ အလုပ်သမားများ အတင်အချလုပ်ရာ အရည်များကျသဖြင့် အနံ့ဆိုးများ အနီးဝန်းကျင်သို့ ပျံ့နေကာ သန့်ရှင်းမှုမရှိဟု ထိုင်းနယ်ခြားစောင့် စစ်သားများက တိုင်ကြားသဖြင့် ယခုလို ထိုင်းဘက်မှ အသိပေးလာခြင်း ဖြစ်ကြောင်း သိရသည်။
မောတောင်နယ်စယ် ကုန်သည်ကြီး တဦးက “သူက (ထိုင်း) ဂိတ်ပိတ်မယ်လို့တော့ ပြောတာမဟုတ်ဘူးဗျ။ ကုန်ပစ္စည်းကို ကန့်သတ်မှာပေါ့။ အခုက ရေခူရာသီပေါ့။ အဲ့ဒီတော့ နှစ်နိုင်ငံအလယ်မှာ ကုန်ပစ္စည်းဖလှယ်ရတာ ဆိုတော့ ရေခူတွေက အရည်တွေ ကျတာပေါ့ဗျာ။ ဒါတွေကို ထိုင်းနယ်စပ်မှာ စောင့်နေတဲ့ နယ်ခြား စစ်သားတွေက ဒီအနံ့ကို နံလို့ အထက်လူကြီး ကို တိုင်တာပေါ့။ တင်ပြတာပေါ့ဗျာ။ အဲ့ဒီတော့ အထက်လူကြီးက ဒီအနံ့ကို မထိန်းသိမ်းနိုင်ရင် ဒီပစ္စည်းတွေကို သိမ်းမယ် ပေါ့။ အဲ့ဒီလို ကျနော်တို့ သိရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိမောတောင်နယ်စပ်ဂိတ်ကို မြန်မာမှ တရားဝင် ဖွင့်ထားသော်လည်း ထိုင်းဘက်ခြမ်းကမူ အထူးယာယီ ကုန်သွယ် ရေးဂိတ်အဖြစ် ခရိုင်အုပ်ချုပ်ရေးမှူးခွင့်ပြုချက်ဖြင့် ယာယီဖွင့်ပေးထားခြင်း ဖြစ်သောကြောင့် ခရိုင်အဆင့်မှ ယင်းကဲ့သို့ ကန့်သတ်၍ ရနိုင်ကြောင်း ၎င်းကဆိုသည်။
အဓိကအားဖြင့် ရေထွက်ကုန်ပစ္စည်းများတွင် အစိုတင်ပို့ရသည့် ရေထွက်ကုန်တချို့ကို ကန့်သတ်မည်ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သည်များနှင့် နှစ်ဖက်ကုန်တင်ကုန်ချ အလုပ်သမား အဖွဲ့များက ရေခူမှ ထွက်ရှိသည့် အညစ်အကြေး အရည်များကို သေချာစွာ သန့်ရှင်းရေး ပြန်မလုပ်နိုင်ပါက အများပြည်သူ အနှောင့်အယှက်ဖြစ်ရသည့်အတွက်ဟုဆိုကာ ထိုင်းနိုင်ငံ ဘက်က အထက်လူကြီးများသို့ တင်ပြပြီး ကန့်သတ်မှုများ လုပ်ဆောင်သွားနိုင်ကြောင်း သိရသည်။
ဆက်လက်၍ ၎င်းက “ဒီပစ္စည်း (ရေခူ)တွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်နိုင်တယ်ဆိုရင်တော့ ကုန်သွယ်ခွင့် ပြုပေးမှာပေါ့။ ဂိတ်ကို ပိတ်တာထက် ပစ္စည်းကို ကန့်သတ်မှာပေါ့။ ရေထွက်ကုန်လို့ ဆိုရင်လည်း အားလုံးကိုတော့ မဟုတ်ဘူး။ တချို့ ရေထွက်ကုန်တွေက အခြောက်သွားတာလည်း ရှိတယ်။ တချို့ကုန်တွေက အရည်ပါတာပေါ့”ဟု ပြောသည်။
ထိုင်းနိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများကို တင်ပို့ရာတွင် တချို့ရေထွက်ကုန်များကို အအေးခန်းစနစ် ဖြင့် တင်ပို့ခြင်း၊ ရေခဲရိုက်၍ တင်ပို့ခြင်း စသည့်နည်းလမ်းများဖြင့် ပို့ဆောင်နေရာမှ နှစ်နိုင်ငံကုန်စည်ဖလှယ်ရာနေရာတွင် အညစ်အကြေးများကို ပြန်လည် သန့်ရှင်းအောင် ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ယခုလို ပြဿနာများ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း သိရသည်။
ရေခဲရိုက်ငါးအများစုမှာ ၂၀၀ လီတာ ဖော့ပုံးများထဲတွင် ရေခဲရိုက်ထည့်လာရသောကြောင့် ရေခဲအရည်ပျော်ရာမှတဆင့် ရေအနည်းငယ်ကျသလို ရေခူတင်ပို့ရာတွင်လည်း ဆားရည်စိမ်၍ သယ်ဆောင်ရသောကြောင့် ကုန်ပစ္စည်း ဖလှယ်သည့် နေရာအရောက်တွင် တစ်ဖက်ပုံးမှ အခြားတဖက် ပုံးများထဲသို့ ဖလှယ်ထည့်ရာတွင် အရည်များကျခြင်း ဖြစ်ကြောင်း သိရသည်။
ထိုအခြေအနေများကြောင့် ထိုင်းနိုင်ငံ၊ ပရကျွပ်ခီရီခန်ခရိုင်၊ ခရိုင်ဝန်ရုံးမှ တာဝန်ရှိသူများက ယခုလ ၁၈ ရက်တွင် စင်ခွန်နယ်စပ်ကုန်သွယ်ရေးဂိတ်သို့ လာရောက်ကြည့်ရှု့ခဲ့ပြီး ရေထွက်ကုန်လုပ်ငန်းများ ဆောင်ရွက်နေသော ထိုင်းကုမ္ပဏီများကို သန့်ရှင်းရေးနှင့် ရေဆိုးရေညစ် ကျဆင်းခြင်းများအား စနစ်တကျ မဆောင်ရွက်နိုင်လျှင် ဆောင်ရွက်နိုင်သည့် စနစ်တခု ချမှတ်နိုင်သည်အထိ ကုန်စည်ဖလှယ်မှုကို ယာယီပိတ်သိမ်းမည်ဟု သတိပေးခဲ့ကြောင်း သိရသည်။
ရေထွက်ပစ္စည်းတင်ပို့နေသည့် လုပ်ငန်းရှင်တဦးက “ကျနော်တို့ သိရတာတော့ သူတို့ဘက်(ထိုင်း)က ပြောလာတယ်။ ရေမကျဖို့အတွက် ပုံးထဲမှာ အိတ်သပ်သပ်ခံပြီးတော့ ရေလုံးဝမကျအောင် ကျနော်တို့ကို လုပ်ခဲ့ပေးဖို့ပေါ့။ အဲ့လိုမျိုး လုပ်နိုင်တယ်ဆိုရင်တော့ ဘာမှမဖြစ်ဘူး။ ပုံမှန်အတိုင်း လာလို့ရမယ်။ ဒီလိုမဟုတ်ပဲ ကျနော်တို့ ဘက်က ရေတွေ ကျနေမယ်ဆိုရင်တော့ သူတို့ဘက်က ပိတ်ဖို့ ရှိတယ်။ ရေခူနဲ့ ရေငန်ငါးတွေပေါ့၊ ရေခဲရိုက်ငါးတွေကိုပေါ့”ဟု ပြောသည်။
ယင်းသို့ ကုန်သွယ်မှု ပြုလုပ်နေသော ရေခူနှင့် ရေခဲစိမ်ငါးများတင်ပို့မှုကို ပိတ်လိုက်ပါက နှစ်ဖက် ကုန်သည်များ ထိခိုက် နစ်နာမှုများ ရှိနိုင်သလို မြန်မာဘက်မှကုန်သည်များမှာလည်း ထိုင်းနိုင်ငံသို့ အဓိကထားတင်ပို့နေရသည့်အတွက် ဆုံးရှုံးမှု ကြီးနိုင်ကြောင်း သိရသည်။
လက်ရှိ ရေခူ ၁ ကီလိုလျှင် အမေရိကန်ဒေါ် ၁ ဒသမ ၈၉ ဒေါ်လာ (၃၄ ဒသမ ၄၀ ဘတ်) ရှိပြီး နေ့စဉ် ထိုင်းနိုင်ငံသို့ ကားအစီးရေ ၂၀ နှင့် ၃၀ ကြား တင်ပို့နေသည်။
လက်ရှိအချိန်တွင် ထီးခီးကုန်သွယ်ရေး လမ်းကြောင်းမှာလည်း နယ်မြေလုံခြုံမှု မရှိသောကြောင့် မြိတ်ခရိုင်တခုလုံးမှ ကုန်စည်များ ရောင်းဝယ်ဖောက်ကား ကုန်သွယ်ခြင်းများအတွက် မောတောင် နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုသာ အဓိက အားထားနေရပြီး မြန်မာဘက်မှ ရေထွက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန် တချို့ကို တင်ပို့ကာ ထိုင်းဘက်မှ စားသောက်ကုန်၊ လူသုံးကုန် အစရှိသည်များကို တင်သွင်းနေကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဖြစ်သော မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာလအထိ ကုန်သွယ်မှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆၈ သန်း ကုန်သွယ်မှု ပြုလုပ်ထားကြောင်း စစ်ကောင်စီ၏ လက်အောက်ခံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ဖော်ပြထားသည်။
You may also like these stories:
ထိုင်းနယ်စပ် ကုန်သွယ်ရေးတွင် ကျပ်နှင့် ဘတ် တိုက်ရိုက် ငွေပေးချေမှု စစ်ကောင်စီ ခွင့်ပြု
တင်းကျပ်သည့် ပို့ကုန်မူဝါဒကြောင့် ပြောင်းတင်ပို့မှု ကျဆင်းလာနေ
ပြည်တွင်း၌ ထိုင်းကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်
တိုက်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ် ထီးခီးကုန်သွယ်ရေးဂိတ် ယာယီပိတ်လိုက်ရ













