စစ်အာဏာသိမ်းမှုအား ဆန့်ကျင် ဆန္ဒပြသူများနှင့် စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားသူများအတွက် အမှုလိုက်ပါ ဆောင်ရွက်ပေးသည့် ရှေ့နေများမှာ ခြိမ်းခြောက်မှုနှင့် ဖမ်းဆီးတရားစွဲဆိုမှုများအား ရင်ဆိုင်နေရသည့်အပြင် ဖမ်းဆီးခံရသည့်အချိန်တွင်လည်း ညှဉ်းပန်း နှိပ်စက်မှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံနေရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့(HRW)က ယနေ့ ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအမှုလိုက်ရှေ့နေများအပေါ် ခြိမ်းခြောက်မှုများနှင့် ပတ်သက်ပြီး အထူးတရားရုံးများနှင့် ဆက်စပ်ပတ်သက်နေသည့် ဥပဒေအကြံပေး ၇ ဦးနှင့် ရှေ့နေ ၁၉ ဦးတို့အား တွေ့ဆုံမေးမြန်းခဲ့ရာတွင် ခြိမ်းခြောက်ခြင်းနှင့် စောင့်ကြည့်ခံရမှုရှိနေကြောင်း ၎င်းတို့က ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ရှေ့နေများအပေါ် စစ်ကောင်စီက လက်စားချေ ပစ်မှတ်ထား တိုက်ခိုက်နေပုံရကြောင်းလည်း HRW က ပြောသည်။
မန္တလေးအိုးဘိုထောင်တွင် ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရသည့် အထက်တန်းရှေ့နေတဦးဖြစ်သူ ဦးတင်ဝင်းအောင်မှာ ပြင်းထန်သည့် ညှဉ်းပန်းနှိပ်စက်မှုများ ခံခဲ့ရသည့်အပြင် လူမဆန်စွာ ဆက်ဆံခဲ့ရကြောင်းလည်း ဦးတင်ဝင်းအောင်၏ အခြေအနေအား သိရှိထားသူ ရှေ့နေတဦးက ထုတ်ဖော် ပြောကြားထားသည်။
၎င်းရှေ့နေက “ သူ့ (ဦးတင်ဝင်းအောင်) ခြေထောက်တွေကို ဆန့်ထားပြီး ထိပ်တုံးခတ်ထားတယ်၊ သူတို့က သူ့ညို့သကျည်းတလျှောက် အရမ်းလေးတဲ့ တုတ်ကြီးတချောင်းနဲ့လှိမ့်တယ်၊ သူ့ခြေထောက်တွေအပေါ် မတ်တပ်ရပ်တယ်၊ အဲဒါကြောင့် သူ့ညို့သကျည်းအရိုးတွေ ကျိုးကုန်တယ်။ ရင်ဘတ်နဲ့ နောက်ကျောကို ပိတ်ကန်တယ်၊ ဓားနဲ့ခုတ်ခံရသလိုမျိုး ဒဏ်ရာတွေ လည်းရှိတယ်။ သူ့ခြေထောက်အရိုးတွေက ကျိုးကြေလုနီးပါးပဲ၊ ရင်ဘတ်နဲ့ နောက်ကျောကို ပိတ်ကန်ခံရလို့ အဆုတ်လည်း ပျက်စီးသွားတယ်” ဟု HRW ထံ ပြောဆိုထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရလည်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံရသည့် ရှေ့နေဦးရေမှာ အနည်းဆုံး ၃၂ ဦးရှိနေပြီး ၎င်းတို့အား စွပ်စွဲထားသည့် အမှုများအတွက် သက်သေ အထောက်အထား အနည်းငယ်ဖြင့် တရားရုံး ကြားနာမှုမရှိဘဲ ချုပ်နှောင် ထိန်းသိမ်းထားကြောင်း သိရသည်။
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီး ပြန်လည်လွတ်မြောက်လာသည့် ရန်ကုန်အခြေစိုက်ရှေ့နေတဦးကလည်း “ သူတို့က ကျနော့်ကို မျက်လုံးအဝတ်နဲ့စည်းပြီး ခေါ်သွားကြတယ်၊ ရဲစခန်းလို့ ကျနော်ထင်တာပဲ။ အဲဒီကို ရောက်တဲ့အခါ ကျနော့်ကို ဒူးထောက်ခိုင်းပြီး ဓာတ်ပုံရိုက်ဖို့ ခေါင်းကို မော့ခိုင်းတယ်၊ အဲဒီလို ခိုင်းတဲ့အချိန်မှာ လက်ပြန်ကြိုး တုပ်ထားတယ်။ ကျနော့်ကို ရဲစခန်းမှာ ခဏလောက်ထားတယ်၊ ပြီးတော့ စစ်ကြောရေးနေရာကို မျက်လုံးအဝတ်စည်းလျက်နဲ့ပဲ ခေါ်သွားကြတယ်၊ ကျနော့်ကို မျက်လုံး အဝတ်စည်းထားပြီး လက်ပြန်ကြိုးတုပ်လျက်သား ဒူထောက်ခိုင်းထားတယ်၊ နာရီပေါင်းများစွာ စစ်ဆေးတဲ့အကြိမ်တိုင်း အဲ့ဒီအနေအထားနဲ့ နေရတယ်”ဟု ထုတ်ဖော်ပြောဆိုထားသည်။
စစ်ကောင်စီသည် ရှေ့နေများအပေါ် အတားအဆီးများနှင့် ကန့်သတ်ချက်များကို စနစ်တကျ ချမှတ်ကာ အမှုလိုက်လုပ်ငန်းများကို အဟန့်အတားဖြစ်အောင် လုပ်ဆောင်နေပြီး စစ်အစိုးရသည် နိုင်ငံရေးအရ ထိလွယ်ရှလွယ်သော အမှုများကို အမြန်ခြေရာခံရန် တရားမျှတသော စီရင်ပိုင်ခွင့်ကို ချိုးဖောက်သည့် ထောင်တွင်းတရားရုံးများကို ဖန်တီးခဲ့သည်ဟု HRW က ဆိုသည်။
ဖမ်းဝရမ်း ထုတ်ခံရမှုကြောင့် တိမ်းရှောင်ခဲ့ရသူ ရှေ့နေတဦးကလည်း “ တရားရုံးမှာ အမှန်အတိုင်းပြောရမှာထက် ကိုယ်တိုင်အဖမ်းခံရမှာကို အခု ပိုစိုးရိမ်နေတယ်၊ အထူးသဖြင့် နိုင်ငံရေးအမှုတွေကို ကိုယ်စားပြုရတဲ့အခါမှာပေါ့။ တရားရုံးမှာ ရှိတဲ့လူတိုင်းက ကျနော်ဘယ်သူလဲဆိုတာ သိတယ်။ ပြီးတော့ ကျနော့ရဲ့ အထောက်အထားတွေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေအားလုံး တရားရုံးမှာ ရှိတယ်။ စစ်ကောင်စီကလည်း ကျနော့ကို အချိန်မရွေး ဖမ်းဆီးလိုက်နိုင်တယ်။ ကျနော့ကို ဖမ်းဖို့ သူတို့အကြောင်းပြချက်တွေ လုပ်ကြံဖန်တီးမှာပဲ” ဟု ဆိုသည်။
စစ်ကောင်စီအနေဖြင့် လတ်တလောတွင် မြို့နယ်ပေါင်း ၄၇ မြို့နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာကာ စွပ်စွဲဖမ်းဆီးထားသူများအား ခုခံချေပခွင့် မပေးဘဲ စစ်ခုံရုံးများဖြင့် သေဒဏ်ချမှတ်ခြင်းကဲ့သို့ ကြီးလေးပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်နေသည့်အပြင် အခြားသော လှုံ့ဆော်မှု၊ အကြမ်းဖက်မှုစသည့် စွပ်စွဲချက်များနှင့် ဖမ်းဆီးထားသူများ၏ အမှုများအား ခုခံချေပခွင့်အတွက် ရှေ့နေများနှင့် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့်ကဲ့သို့ အခွင့်အရေးများကိုလည်း တားဆီးကန့်သတ်မှုများ ပြုလုပ်ထားသည်။
HRW မှ မြန်မာသုတေသီ မန်နီမောင်က “ ဖမ်းဆီးခံထားရသူတွေအတွက် ရှေ့နေလိုက်ပေးတဲ့အလှည့်တိုင်း မြန်မာရှေ့နေတွေဟာ လုပ်ငန်းကို အဟန့်အတားဖြစ်စေတဲ့ စနစ်တကျ ဖန်တီးထားတဲ့ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရတယ်၊ စစ်တပ်အာဏာပိုင်တွေအနေနဲ့ ဥပဒေမဲ့ ဖမ်းဆီးခံထားရသူတွေကို ချက်ချင်း လွှတ်ပေးပြီး ရှေ့နေတွေကို နှောင့်ယှက်နေတာ ရပ်တန်းက ရပ်သင့်ပြီ” ဟု ပြောသည်။
နိုင်ငံတကာအစိုးရများအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကြိုးပမ်းရာတွင် ရှေ့နေများ ရင်ဆိုင်နေရသည့် ထိပါးနှောင့်ယှက်ခံရမှုနှင့် အကျဉ်းချခံရမှုများအား လူအများ သိရှိလာအောင် မြှင့်တင်လုပ်ဆောင်သင့်ပြီး စွပ်စွဲဖမ်းဆီးခံထားရသူများနှင့် အကျဉ်းချခံထားရသူများအပေါ် ရှေ့နေများ၏ ကာကွယ်ပေးနိုင်စွမ်း မြှင့်မားလာအောင် လုပ်ဆောင်သင့်ကြောင်းလည်း HRW က အကြံပြုထားသည်။
You may also like these stories:
ဖိနှိပ် ခြိမ်းခြောက်မှုများကြားက ကာကွယ်ပေးသူ ရှေ့နေများ
ရှေ့နေ ဒေါ်ရွက်နုအောင်အား မန္တလေးနန်းတွင်း စစ်ကြောရေး၌ စစ်ဆေးနေ
နိုင်/ကျဉ်းများအား ထောင်တွင်းအကြမ်းဖက်ဖိနှိပ်မှု ဆိုးရွားလာနေ
နိုင်ငံရေးအမှုများအား ယခုနှစ်မကုန်မီ အပြီးစစ်ဆေးရန် လုပ်ဆောင်နေ













