ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နှင့် ၃၁မိုင်ခန့် ဝေးသော မိုင်းငေါမြို့ကို ပလောင် (တအာင်း) အမျိုးသားလွတ်မြောက် ရေး တပ်မတော် (TNLA) နှင့် ပူးပေါင်းအဖွဲ့များ သိမ်းပိုက်ပြီးနောက် ကျောက်မဲမြို့ခံများမှာ စိုးရိမ်ထိတ်လန့်နေသဖြင့် မြို့ကို စွန့်ခွာတိမ်းရှောင်မှုများ လုပ်လာကြကြောင်း ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများထံက သိရသည်။
မိုင်းငေါ့မြို့ကို ၂၀၂၃ ဒီဇင်ဘာ ၃၁ ရက်က TNLA မှ သိမ်းပိုက်ထိန်းချုပ်လိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် ကျောက်မဲ အခြေ စိုက် အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် အပါအဝင် လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခမရ ၅၀၁၊ ခမရ ၅၀၂ တပ်ရင်းများက ဇန်နဝါရီလဆန်းကတည်းက စတင်ကာ မြို့တဝိုက်ကို နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေ ကြောင်း သိရသည်။
ကျောက်မဲမြို့ခံတဦးက “လက်နက်ကြီး ပစ်တာက မြို့ပတ်ပတ်လည်ကို ပစ်နေတာ၊ ကျောက်မဲမြောက်ဘက်ခြမ်းမှာ TNLA ရှိတယ်။ ကျောက်မဲနဲ့ သီပေါကြားမှာလည်း လက်နက်ကိုင်အဖွဲ့တွေ ရှိတယ်။ မိုင်းငေါ့အသိမ်းခံရတော့ မြို့လူထု က စိုးရိမ်လာကြတာ။ မြို့သိမ်းတိုက်ပွဲဖြစ်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့် အများစုကတော့ ရှောင်ကြတာမျိုးတွေ ရှိတယ်” ဟု ပြောသည်။
ကျောက်မဲမြို့အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် မြို့နေလူထုမှာ စိုးရိမ်ထိတ်လန့်ကြကာ မြို့ခံသက်ကြီးရွယ်အိုများရှိသော အိမ်ထောင်စု အများစုမှာ တိမ်းရှောင်ကြသလို မြို့တွင် အစောင့် အဖြစ် ကျန်နေရစ်သူများလည်း ရှိနေကြောင်း သိရသည်။
ကျောက်မဲမြို့ခံ အမျိုးသမီးတဦးက “အခုထိ တိုက်တာမျိုးတော့ မရှိသေးပေမယ့် စစ်တပ်ကတော့ အလကား သက် သက် လက်နက်ကြီးတွေနဲ့ ထုနေတာမျိုးတွေ လုပ်နေတယ်။ ကျောက်မဲအနီးဝန်းကျင်က ရွာတွေထဲ ကျတာ၊။ မြို့ပြင်တပ်က ထုနေတာမို့ ကျမတို့ကလည်း မြို့စွန်ရပ်ကွက်ဆိုတော့ အိမ်တုန်အောင်ထိကို ဖြစ်နေတာ၊ ကြာလာရင် လူကြီးတွေ သွေးတိုး နှလုံးရှော့ခ်ရ သေကုန်မှာ စိုးရိမ်လို့ ရှောင်ခဲ့တာ” ဟု ပြောသည်။
ကျောက်မဲမြို့အား စွန့်ခွာကြသူများသည် ပြင်ဦးလွင်၊ မန္တလေး စသည့် နီးစပ်ရာမြို့ကြီးများနှင့်အတူ ဘေးလွတ်မည့် နီးစပ်ရာ ဆွေမျိုး မိတ်ဆွေများရှိရာသို့ ပြောင်းရွှေ့ ခိုလှုံကြကြောင်း သိရသည်။
၎င်းက ဆက်လက်၍ “ခုတော့ မြို့ထဲမှာ ပုံမှန်သွားလာနေကြတယ်လို့ သိရပေမယ့် ပြန်ဖို့ စိတ်ကူး မရှိသေးဘူး၊ တကယ် တိုက်လို့ သိမ်းခံရပြီဆိုရင်လည်း တပ်က လေယာဉ်နဲ့ ဗုံးကြဲတာတွေ ဖြစ်လာမှာ စိုးရိမ်လို့လေ၊ လက်ရှိ မြို့မှာ ကျန်ခဲ့တဲ့ သူတွေကတော့ ဗုံးခိုကျင်းတွေ တူးထားကြတယ်လို့ သိရတယ်၊ ကျမက နှလုံးရောဂါအခံ ရှိနေတာမို့ ကြိုရှောင်ခဲ့တာပါ” ဟု ပြောသည်။
ယခုအခါ မြို့တွင်း၌ ဆက်လက်နေထိုင်သူများလည်း ရှိနေဆဲဖြစ်ပြီး မြိုခံအများစုမှာ ဗုံးခိုကျင်းများ တူးထားကြ ကြောင်း၊ လက်ရှိအချိန်ထိ ကျောက်မဲမြို့တွင်း၌ ဈေးများနှင့် ဆိုင်များလည်း ဖွင့်လှစ်ထားဆဲဖြစ်ကာ သွားလာမှုများ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
မြို့ခံတဦးက “အိမ်ရှိလူကုန် ရှောင်ကြတာမျိုး မဟုတ်ဘဲ လူခွဲပြီး ကျန်ရစ်နေတာတွေ ရှိတယ်။ အိမ်တွေ အဖောက်ခံ ရမှာ စိုးရိမ်လို့လေ၊ ကျောက်မဲမြို့က စစ်ရှောင်ရတာမျိုး မကြားဖူးဘူး၊ မြို့နီးချုပ်စပ်ရွာတွေကပဲ စစ်ရှောင်လာကြလို့ မြို့က လက်ခံပေးထားရတာမျိုးပဲ ရှိတယ်” ဟု ပြောသည်။
ကျောက်မဲမြို့နယ်တွင် မြို့ ၃ မြို့၊ ရပ်ကွက် ၂၀ ခု၊ ကျေးရွာအုပ်စု ၃၇၀ ခု၊ ကျေးရွာ ၃၇၀ ရွာ ရှိပြီး လူဦးရေ ၁ သိန်း ၇ သောင်းကျော် နေထိုင်ပြီး လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ရထားလမ်း၊ ကားလမ်းများရှိပြီး တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသော မြို့နယ်တခု ဖြစ်သည်။
မတိမ်းရှောင်သေးဘဲ မြို့တွင် နေထိုင်သူတဦးက “အခုက ကြောက်ပေမယ့် ဘယ်ပြေးရမှန် မသိတဲ့သူတွေရယ်၊ ပြေးချင်ပေမယ့် သားသမီးတွေ ကျောင်းမပိတ်သေးလို့ စောင့်နေကြတဲ့သူတွေရယ်၊ ဘယ်မှ မပြေးဘဲ ဖြစ်လာမှ ရှောင်မယ်ဆိုတဲ့ သူတွေရယ် အဲဒီလိုမျိုးတွေ ဖြစ်နေတာ။ အချို့ဆိုရင် ညပိုင်းတွေမှာ လက်နက်ကြီးသံကို အိပ်ဆေးလို သဘောထား ပြီးတော့ အဲဒီအသံမကြားမရမချင်း အိပ်မပျော်ကြဘူးဆိုတာမျိုး ဖြစ်နေကြပြီ၊ စိုးရိမ်စိတ်တွေနဲ့ စိတ်သောကတွေ ကြားမှာ ရယ်စရာ ပျော်စရာဖြစ်အောင် နေနေကြရတာမျိုးပေါ့ဗျာ” ဟု ပြောသည်။
ကျောက်မဲခရိုင်အတွင်း၌ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံ မြို့နယ်ခွဲ ၃ ခုရှိရာ မိုင်းလုံမြို့ကို TNLA က ဒီဇင်ဘာလအတွင်း သိမ်းပိုက်ခဲ့ပြီးဖြစ်၍ ကျောက်မဲမြို့သာသိမ်းပိုက်ရန် ကျန်ရှိတော့ကြောင်း သိရသည်။
ထို့ပြင် TNLA နှင့် တော်လှန်ရေး အင်အားစုများ သိမ်းပိုက်နိုင်ခဲ့သော မိုင်းငေါ့မြို့နယ်ခွဲတွင် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ် စု ၁၁ ခု၊ အိမ်ထောင်စု ၄ ထောင်ကျော်၊ အိမ်ခြေ ၄ ထောင်ကျော်ရှိပြီး လူဦးရေ ၁၈၉၀၁ ဦး ရှိသည်ဟု ၂၀၁၄ ခုနှစ် သန်း ခေါင်စာရင်းများအရ သိရသည်။
မိုင်းငေါ့မြို့ကို ဒီဇင်ဘာ ၂၉ ရက်မှ ၃၁ ရက်ထိ ၃ ရက်ကြာ တိုက်ခိုက်ပြီးနောက် ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားခြင်းကြောင့် စစ်ကောင်စီတပ်စခန်း ဗျူဟာကုန်းအပါအဝင် ရဲစခန်းနှင့် ဌာန ဆိုင်ရာရုံးများကို အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း၊ ၃ ရက်တာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှု ၂၄ ကြိမ်၊ ဗုံးကြဲမှု ၁၀၃ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၄၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း TNLA က ထုတ်ပြန် ထားသည်။
ထို့ပြင် ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးပစ်ကူများပေးခဲ့သလို တိုက်ပွဲအတွင်း အရပ်သားများကို ဦးတည်တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးကာ၊ ၅ ဦး ဒဏ်ရာ ရရှိပြီး ဘာသာရေး အဆောက်အအုံ၊ ဘုရား ကျောင်းကန်များ၊ လူနေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့သည်ဟုလည်း ထည့်သွင်း ဖော်ပြထားသည်။
မိုင်းငေါ့မြို့သိမ်းပိုက်နိုင်ခဲ့ရာတွင် လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်အသုံးဆောင်ပစ္စည်းများသိမ်းဆည်းရမိခဲ့သလို နှစ်ဖက်ထိခိုက် သေဆုံးမှုများ ရှိသည်ဟု ဖော်ပြထား သော်လည်း အရေအတွက်ကိုမူ ထည့်သွင်း ဖော်ပြမထားပေ။
TNLA အနေဖြင့် ဇန်နဝါရီ ၅ ရက်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း (အကြီး/အသေး) ၇၆ ခုနှင့် အတူ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ မိုင်းလုံ၊ နမ္မတူ၊ မိုင်းငေါ့ စသည့် မြို့ ၆ မြို့ထိ တိုက်ခိုက်သိမ်းပိုက်ထားသလို TNLA အပါအဝင် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ၁၀၂၇ စစ်ဆင်ရေး ၇၄ ရက်အတွင်း ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုံးကိုး၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ခမ်း၊ ပန်ဆိုင်း/ကြူကုတ်၊ ကွတ်ခိုင်၊ သိန္နီမြို့အပါအဝင် မြို့ပေါင်း ၁၆ မြို့၊ နယ်စပ်ဂိတ် ၅ ဂိတ်၊ တပ်စခန်းကြီးငယ် ပေါင်း ၄၀၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
You may also like these stories:
လောက်ကိုင်ကျဆုံးခြင်းနှင့် လှုပ်ရှားလာနေသော ရှမ်းအရှေ့
လက်နက်ကြီးကြောင့် ကောလင်းမြို့၌ သေဆုံးသူ ၁၃ဦးအထိ ရှိလာ
တိုက်ပွဲ ပြင်းထန်လာ၍ မိုးမိတ်မြို့ခံများ နေရပ်စွန့်ခွာလာ














