မန္တလေးတိုင်း မတ္တရာနှင့် စဉ့်ကူးမြို့နယ်များရှိ ကျေးရွာများအား စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း တိုက် ခိုက်မှုများဆက်တိုက်ပြုလုပ်လာသဖြင့် နေအိမ်အဆောက်အုံ ပျက်စီးမှုများအပြင် ထိခိုက်သေဆုံးသူများရှိနေသည်။
ယနေ့တွင် မတ္တရာမြို့တွင်း ဘောလုံးကွင်းမှ ဟောင်ဝစ်ဇာ၊ ၁၂၂ မမ များဖြင့် မြို့မြောက်ဘက်ခြမ်းသို့ ၆ ကြိမ် ထက် မနည်း ပစ်ခတ်သလို မတ္တရာအရှေ့ခြမ်း အုတ်ဖိုရွာသစ်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်တွင်းသတင်းများ ဖော်ပြနေသည့် The Voice of Wetlet Madayar မှ တာဝန်ရှိသူတဦးက “အုတ်ဖို ရွာသစ်ရွာထဲကို နေ့လယ် ၁၂ နာရီလောက်က တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာက တိုက်ခိုက်တာ ကနဦး သိရတာက အိမ် ၂ လုံး ပျက်စီးတယ်၊ ကလေးတဦး နေရာမှာပဲ ပွဲချင်းပြီးပဲ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ နေ့လယ် ၁ နာရီခွဲလောက်မှာလည်း အုတ်ဖိုလေးရွာသစ် အနီးတဝိုက်ကို ဒုတိယအကြိမ် လေကြောင်း တိုက်ခိုက် တာတွေ လုပ်သွားသေးတယ်” ဟု ပြောသည်။
ထို့ပြင် မတ္တရာမြို့တွင်းမှ အတွဲလိုက်ပစ်ခတ်သည့် ဒုံးလက်နက်များ မတ္တရာမြောက်ခြမ်းရှိ စကျင်ရွာ ချောက်စု ကျောင်း နှင့် ရေနားကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
စကျင်ဒေသခံတဦးက “အသံက တော်တော်ကြီးကို ကျယ်တာ၊ ပေါက်ကွဲအားက တော်တော်လေးပြင်းတော့ ကျောက် တုံးကြီးတွေကို အပေါက်ဖြစ်သွားပြီး အစိပ်စိပ်အမွှာမွှာနဲ့ ကျောက်တောင်ဆိုတော့ မိုင်းခွဲလိုက်သလို ဖြစ်သွားတာ၊ လူ တွေတော့ ဘာမှမဖြစ်ဘူး ထိခိုက်ဒဏ်ရာလည်း မရှိခဲ့ဘူး” ဟု ပြောသည်။
စစ်တပ်သည် ဟောင်ဝစ်ဇာနှင့် အတွဲလိုက်ဒုံးစသည့် လက်နက်ကြီးများကို မတ္တရာဘောလုံးကွင်းတွင် ချထားသလို မြို့မြောက် ဘက်ရှိ တံငါ(တောင်)ရွာမှလည်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF များ သိမ်းထားသည့် ရေနံသာရွာ ဘက်သို့ ပစ်ခတ်ကြောင်း၊ အနီးအနားရှိ အောင်ကံသာ၊ ကင်းရွာအပါအဝင် ဆည်တော်လမ်းခွဲမှ အိမ်များပေါ်သို့ ကျ၍ မီးလောင်မှုများဖြစ်ခဲ့သလို အရပ်သားသေဆုံးမှုများ ရှိခဲ့သည်။

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “မတ္တရာမြို့ထဲကနေ မြို့မြောက်ဘက်ခြမ်းကို ပစ်နေတာက အကြောင်းမဲ့ ဘယ်ကျကျ ဘယ်သူသေသေဆိုပြီး ပစ်နေတာ၊ သက်သက်မဲ့ ခြိမ်းခြောက်နေတာ၊ ပြီးတော့ မြို့နား ကပ် မလာရဲအောင်လည်း ပါတာပေါ့။ သူတို့မှာ တိကျတဲ့ ရည်ရွယ်ချက် ပစ်မှတ်ရယ်လို့ မရှိဘဲ ရမ်းသမ်းပစ်နေတာ၊ ဒီနေ့ လည်း အုတ်ဖိုရွာသစ်ဘက်ကို လေကြောင်းတိုက်ခိုက်တာ ဘာတိုက်ပွဲမှမရှိဘဲ အကြောင်းမဲ့ တိုက်တာ” ဟု ပြောသည်။
ထို့အတူ စဉ့်ကူးမြို့ပေါ်သို့ Y 12 လေယာဉ်ဖြင့် ဗုံးကြဲရာ အိမ် ၁၁လုံးပျက်စီးပြီး ပြည်သူထိခိုက်မှုများ ရှိကြောင်း၊ ယနေ့နံနက်က သီလရွာကိုလည်း ဗုံးကြဲသေးကြောင်း သိရသည်။
စဉ့်ကူးမြို့နယ် မန္တလေး – မိုးကုတ်ကားလမ်းပေါ်ရှိ ရွှေပြည်ရဲစခန်းအပါအဝင် လက်ပန်လှရဲစခန်း၊ ကျည်တောက် ပေါက်တပ်စခန်း၊ ကန်တောင်တပ်စခန်း၊ ပင်လယ်ကြီးတပ်စခန်းများနှင့်အတူ စစ်ကောင်စီ တပ်စခန်း ၁၁ ခုအထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်ထားသည်။
စဉ့်ကူးစစ်ဆင်ရေးများအတွင်း စစ်ကောင်စီဘက်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှူး ဒုဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (OTC-19) အပါအဝင် ၁၅ ဦးအား အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ချ အလင်းဝင်သော ပြည်သူ့စစ် (ပျူစောထီး) တပ်ဖွဲ့များလည်းရှိကာ စစ်ကောင်စီမှ လေကြောင်းဖြင့် ချပေးခဲ့သော လက်နက်ခဲယမ်းအထုပ်များအပါအဝင် အခြား သော လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ထည့်သွင်းဖော်ပြထားသည်။
မတ္တရာ၊ စဉ့်ကူးလမ်းပိုင်းများသည် တိုက်ပွဲများစတင်ခဲ့သည့် ဇွန် ၂၅ ရက်မှ ယနေ့အထိ ပိတ်ထားဆဲဖြစ်ရာ စစ်ဘေး ရှောင် ကားများ ပိတ်မိနေသလို စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများနှင့် အနီးဝန်းကျင်ရွာများမှ ဒေသခံ ၁ သောင်းကျော်ထိ စစ်ဘေးရှောင်နေကြရဆဲဟု သိရသည်။
You may also like these stories:
၁၀၂၇ ဒုတိယလှိုင်းနှင့် မန္တလေးမြောက်ပိုင်း ထိုးစစ်
မတ္တရာတောင်ခြမ်း မြောက်ခြမ်း မန္တလေး PDF တို့ တပြိုက်နက် စစ်ဆင်














