လူသိများသော ထိုင်းနိုင်ငံရေးသမား ဖိထာလင်ဂျာရွန်ရတ်သည် ဟားဗတ်တက္ကသိုလ်သို့ ပြန်သွားတော့မည်ဖြစ်ပြီး ဟားဗတ်တက္ကသိုလ်တွင် သုတေသီ ရာထူးတခုယူကာ သူ၏ပါတီအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရသော်လည်း တနှစ်အကြာတွင် ဖျက်သိမ်းခံရသည့် နိုင်ငံရေး ဖရိုဖရဲကာလမှ သူ၏ သင်ခန်းစာများကို မျှဝေမည်ဖြစ်သည်။
ယခုအခါ ဖျက်သိမ်းခံလိုက်ရပြီဖြစ်သည် ရှေ့သို့ချီပါတီ၏ အသက် ၄၃ နှစ်အရွယ် ခေါင်းဆောင်ဟောင်းသည် လွန်ခဲ့သော ၁၃ နှစ်က သူဘွဲ့ရခဲ့သည့် ဟားဗတ်ကနေဒီကျောင်းတွင် ဒီမိုကရေစီ သုတေသီဖြစ်လာမည်ဖြစ်သည်။ စာသင်ကာလ ၂ ခုကြာမည်ဟု မျှော်လင့်ရသည့် ထိုသုတေသီ ရာထူးကာလအတွင်း ဖိထာသည် အနာဂတ်ခေါင်းဆောင် မျိုးဆက်သစ်ကို သင်ကြားပေးရန် စီစဉ်ထားသည်။
ထိုင်းဝန်ကြီးချုပ်ဖြစ်မလာအောင် ကွန်ဆာဗေးတစ်များက ၂၀၂၃ ခုနှစ်တွင် ပိတ်ပင်ခံရသော ဖိထာက သူသည် ပြည်သူ့ရေးရာမူဝါဒနှင့် အုပ်ချုပ်ရေးကျောင်းတွင် သုတေသီရာထူး၂ ခုကို နယူးဇီလန် ခေါင်းဆောင်ဟောင်း ဂျဆင်ဒါ အာဒန်းကို အားကျသောကြောင့် လက်ခံခြင်းဖြစ်ကြောင်းပြောသည်။ သူ့ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သြဂုတ်လ အစောပိုင်းတွင် နိုင်ငံရေးမှ ၁၀ နှစ်ပိတ်ပင်ခဲ့သည်။ ထိုတရားရုံးက သူ၏ ပါတီကိုလည်းဖျက်သိမ်းခဲ့သည်။
“ကျနော့် နိုင်ငရေးဘဝက အချိန်မတန်မီ ကြွေလွင့်ခဲ့တယ်” ဟု ဖိထာက ဘန်ကောက်မှ တွေ့ဆုံမေးမြန်းမှု တခုတွင် ပြောသည်။ “ကျနော်တို့ ရွေးကောက်ပွဲ အနိုင်ရပေမယ့် စစ်တပ်နဲ့ပတ်သက်တဲ့ အထက် လွှတ်တော်အမတ်တွေရဲ့ပိတ်ပင်ခံရပြီး စစ်တပ်နဲ့ပတ်သက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးရဲ့ ပိတ်ပင်မှုကိုလည်း ခံရတယ်” ဟု သူပြောသည်။
ဖိထာ၏ ရှေ့သို့ချီပါတီသည် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါလီမန်နေရာ အများဆုံးရသောကြောင့် နိုင်ငံမှ ကွန်ဆာဗေးတစ်နှင့် စစ်တပ်ကျောထောက်နောက်ခံပြုအုပ်စုများကို လှုပ်ခါသွားစေပြီးနောက် ဖျက်သိမ်းခံရခြင်းဖြစ်သည်။ အခြား ဒီမိုကရေစီလိုလားသောအဖွဲ့များနှင့် အစိုးရဖွဲ့ရန် ဖိထာ၏ အားထုတ်မှုကို တော်ဝင်ဝါဒီ ပါတီများက ဟန့်တားခဲ့သည်။ ထိုတော်ဝင်ဝါဒီများက ဘုရင်စနစ် အသရေဖျက်မှု ဆန့်ကျင်သည့် ဥပဒေကို ပြင်ဆင်ရန်အပါအဝင် သူ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ခြိမ်းခြောက်မှုအဖြစ် မြင်သည်။
နောက်ဆုံးတွင် ထွက်ပေါ်လာသည့် အစိုးရသည် ကွန်ဆာဗေးတစ် အသိုက်အဝန်းနှင့် ဝန်ကြီးချုပ် သက်ဆင် ထောက်ခံသည့် ဖွေထိုင်းပါတီတို့၏ ဖရိုဖရဲ မဟာမိတ်ဖြစ်သည်။ ထိုသို့ မဟာမိတ်ဖွဲ့ခြင်းသည် စစ်တပ်လိုလားသော အုပ်စုများနှင့် ကွန်ဆာဗေးတစ်များကို ဆက်လက်အာဏာရစေပြီး ၎င်းတို့၏ အဓိကပြိုင်ဘက် သက်ဆင်ကို ၁၅ နှစ်ကြာ ပြည်ပတွင်သွားရောက်နေထိုင်ခြင်း အဆုံးသတ်ပြီး ထိုင်းနိုင်ငံသို့ ပြန်လာစေခဲ့သည်။ သူသည် အဂတိလိုက်စားမှု စွဲချက်များကို ရှောင်ရှားရန် ၂၀၀၈ ခုနှစ်တွင် ပြည်ပသို့ထွက်ခွာခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံတရားရုံးက ယခင်ဝန်ကြီးချုပ် ဆက်ထာ ထာဝီဆင်ကို ကျင့်ဝတ်ဖေါက်ဖျက်မှုဖြင့် ဖြုတ်ချပြီးနောက် သက်ဆင်၏ အငယ်ဆုံးသမီး ပေတောင်တန် ရှင်နာဝပ်သည် လွန်ခဲ့သောအပတ်က ဝန်ကြီးချုပ်ဖြစ်လာသည်။
ဖိထာက “ထိုင်းနိုင်ငံရေးက ချားရဟတ်လို တလည်လည်နိုင်ငံရေးပဲ။ ကျနော်တို့တွေ ခေါင်းမူး ခေါင်းကိုက် ဖြစ်လာပြီး အဲဒီစက်ကို ဘယ်သူက မောင်းနေတယ်ဆိုတာ မသိရဘူး” ဟု ပြောသည်။
သုတေသီရာထူးကာလအတွင်း ဖိထာသည် ဘော့စတွန်နှင့် ဘန်ကောက်တွင် ခွဲနေရန် စီစဉ်ထားပြီး သူ၏ သမီးသည် ဘန်ကောက်တွင် ကျောင်းတက်နေဆဲဖြစ်သည်။ သူသည် ရှေ့သို့ချီပါတီ ပါလီမန်အမတ်များ၏ ပါတီသစ် ပြည်သူ့ပါတီကိုလည်း သာမန်ထိုင်းနိုင်ငံသားအဖြစ် စည်းရုံးရေးတွင် ကူညီရန်လည်း စီစဉ်ထားသည်။
ထိုင်းနိုင်ငံရေးမှ အတင်းအကျပ် ခွဲခွာစေခြင်းကြောင့် သူဆက်လုပ်မည့် ခြေလှမ်းများကို စဉ်းစားသုံးသပ်ရန် အခွင့်အရေးရသော်လည်း ဖိထာသည် ပိတ်ပင်ကာလကုန်ဆုံးသောအခါ နိုင်ငံရေးသို့ ပြန်သွားရန်လည်း စီစဉ်ထားပြီး ဝန်ကြီးချုပ်လောင်းအဖြစ် ပြန်သွားဖွယ်ရှိသည်။
တချိန်တည်းတွင် သူသည် နောက်ထပ် ဥပဒေ အခက်အခဲများကိုလည်း ရင်ဆိုင်နေရသည်။ ဘုရင်စနစ်ကို စော်ကားသည့် ဥပဒေပြင်ဆင်မှုကို ထောက်ခံခြင်းကြောင့် အမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးခံနေရသည့် ရှေ့သို့ချီပါတီ ပါလီမန် ကိုယ်စားလှယ် ၄၀ ကျော်တွင် သူလည်း ပါဝင်နေသည်။ အပြစ်ရှိကြောင်း ဆုံးဖြတ်ပါက သူသည် နိုင်ငံရေးမှ ထာဝရ ပိတ်ပင်ခံရနိုင်သည်။ ထိုအမှုသည် ပြုပြင်ပြောင်းရေး နိုင်ငံရေးသမားအုပ်စုကို မျိုးတုံးအောင် လုပ်သည့် အားထုတ်မှုဟု ဖိထာ ခေါ်သည်။
“အပြောင်းအလဲကို ဆန့်ကျင်မှုက လျှော့တွက်လို့ မရဘူး” ဟု ဖိထာပြောသည်။ “အခု ထိုင်းနိုင်ငံက ကျနော့်ကို ကစားသမားအဖြစ် မလိုချင်ဘူး။ ဒါကြောင့် ကျနော် နည်းပြဖြစ်လာတာ” ဟု သူပြောသည်။
(The Straits Times မှ Thailand’s Pita to return to Harvard following 10-year political ban ကို ဘာသာပြန်သည်။)
ထိုင်းနိုင်ငံရေးတွင် တော်ဝင်ဝါဒီများက အခိုင်အမာ ချုပ်ကိုင်ထားဆဲ
ရှေ့သို့ချီပါတီ၏ ပြုပြင်ပြောင်းလဲရေး ထိုင်းစိတ်ဓာတ် ဆက်လက်ရှင်သန်မည်
ထိုင်းတွင် တည်ထောင်စ ပြည်သူ့ပါတီကို ထောက်ခံမှု မြင့်မား
အရှေ့တောင်အာရှ ပညာရှင် ဂျိမ်းစ် စီ စကော့ကို အမှတ်ရချက်များ
ဟာစီနာအလွန် ဘင်္ဂလားဒေ့ရှ်သစ်အတွက် စိန်ခေါ်မှုများ














