ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)အား ချက်ချင်းအပစ်ရပ်ရန် ရွှေလီမြို့ နိုင်ငံတော် လုံခြုံရေးကော်မတီ အမည်ဖြင့် ပေးစာအပေါ် မြန်မာတို့က တရုတ်သံရုံး လူမှုကွန်ရက်စာမျက်နှာ၌ သဘောထား မှတ်ချက် ၆၄၀၀ ကျော်ရေးကာ ပြင်းပြင်းတုံ့ပြန်ကြသည်ကို ယခုရက်ပိုင်း တွေ့ရသည်။
တိုက်ပွဲများ ရပ်ဖို့ တရုတ်နှင့် ပူးပေါင်း မလုပ်ဆောင်က “ကြောက်ရွံ့ ကျိုးနွံ ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ် ဆောင်မည် ကျိုးဆက်အားလုံးကို သင်တို့ ကိုယ်တိုင် တာဝန်ယူရမည်” ဆိုသည့် ရင့်သီးသည့် ခြိမ်းခြောက်စာသည် အတုဟု တချို့က ဆိုကြသော်လည်း မြန်မာ ပြည်သူတို့၏ မကျေလည်မှုကိုမူ တရုတ်တို့ဘက်မှ တစုံတရာ ဖြေရှင်း ပြောဆိုခြင်း မရှိပေ။
သြဂုတ် ၃၀ရက်က ဘီဂျင်း၌ လုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်လည်း AFP သတင်းထောက်က ထိုစာနှင့် ပတ်သက်၍ TNLA အား စစ်ဆင်ရေးရပ်တန့်ရန် တရုတ်အစိုးရ တောင်းဆိုမှု ရှိ မရှိ မေးမြန်းခဲ့ရာတွင်လည်း တရုတ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Mr.Lin Jian “တရုတ်အနေဖြင့် မြန်မာနိုင်ငံအခြေအနေနှင့် မြန်မာပြည် မြောက်ပိုင်း ပဋိပက္ခလှုပ်ရှားမှုအား များစွာဂရုပြုပြီး ဆွေးနွေးရန်နှင့် အပစ်အခတ်ရပ်စဲရန် လုပ်ငန်းအမြဲလုပ် ဆောင်ကြောင်း၊ မြန်မာ နိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်သည့် အခန်း ကဏ္ဍက ဆက်လက် ပါဝင်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်းသာ ဖြေဆိုခဲ့သည်။
Mr.Lin Jian ၏ ပြောကြားမှုကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး Facebook စာမျက်နှာမှ ဩဂုတ် ၃၁ ရက်က ထပ်ဆင့်ဖော်ပြခဲ့ရာ သုံးရက်အတွင်းမှာပင် မြန်မာလူထုက ဆန့်ကျင်ကန့်ကွက်သည့် မှတ်ချက်ပေါင်း ၆ ထောင်ကျော် ရေးသားကာ သဘောထား ဖော်ပြခဲ့ကြသည်။
သဘောထား မှတ်ချက်အများစုမှာ တရုတ်အစိုးရအနေဖြင့် မြန်မာပြည်သူတွေကို လေးစားတန်ဖိုးထားဖို့၊ ပြည်တွင်း ရေး ဝင်မစွက်ဖို့၊ ကိုယ်ကျိုးမကြည့်ဖို့၊ စေတနာမှန်ဖို့၊ အချုပ်အချာအာဏာကို လေးစားဖို့ စသည်တို့ တိုက်တွန်း ရေးသားထား သည်ကို တွေ့ရသည်။
Facebook သုံးစွဲသူတဦးက “ပြည်တွင်းအရေးမှာ (တရုတ်နယ်စပ်လည်း မဟုတ်) ပါဝင်စွက်ဖက် ခြိမ်းခြောက်တယ် ဆိုတာ နိုင်ငံတခု၏ နိုင်ငံသားပြည်သူများနှင့် ၎င်းတို့ပိုင်ဆိုင်သည့် အချုပ်အခြာအာဏာကို မလေးစားတာပဲ” ဟု မှတ်ချက်ပြု ရေးသားထားသည်။
ထိုစာနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) က“မိမိတို့၏ မဟာမိတ်တော်လှန်ရေး အင်အားစုတခုဖြစ်သည့်အပြင် အချုပ်အခြာအာဏာပိုင် လူမျိုးတမျိုး ဖြစ်သည့် တအန်းအမျိုးသားတို့၏ တပ်မတော် (TNLA) အပေါ်နှင့် မိမိတို့ပြည်သူများ၏ တော်လှန်ရေးအပေါ် ယခုကဲ့သို့ ရိုင်းပျစွာ ခြိမ်းခြောက်စော်ကားမှုကို ပြင်းထန် စွာရှုတ်ချကြောင်း ထုတ်ဖော်ကြေညာအပ်သည်” ဟု ဆိုသည်။
အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက် ညှိနှိုင်းရေးကော်မတီ (မန္တလေး)ကလည်း
“အာဏာရှင်တို့အား အထောက်အပံ့ဖြစ်သော လုပ်ရပ်များအပါအဝင် အာဏာရှင်တို့အား ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးစေမည့် ငြိမ်းချမ်းရေးဖြစ်စဉ်များအား နည်းလမ်းပေါင်းစုံဖြင့် ခြိမ်းခြောက်ခြင်း၊ တိုက်တွန်းခြင်းများ ပြုလုပ်နေပါက မြန်မာလူထုနှင့် တရုတ်နိုင်ငံသည် ဝေးကွာ၍ မလိုလားအပ်သော အမုန်းတရားများ ဖြစ်ပွားလာစေမည်ကို သတိချပ်၍ တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူတို့၏ ဆန္ဒ သဘောထားအား အလေးအနက်ထားစေလိုကြောင်း” သဘောထား ထုတ်ပြန်ခဲ့သည်။
တရုတ်- မြန်မာကိစ္စရပ်များအား လူမှုကွန်ရက်တွင် လေ့လာသုံးသပ်လေ့ရှိသော ပေကျင်း နိုင်ငံခြားဘာသာတက္ကသိုလ် ၏ မြန်မာစာဌာန ၏ တွဲဖက် ပါမောက္ခ Zhao Jin (ဒေါ်စောကြည်)က အဆိုပါ စာမှာ အတုဟု ဆိုထားပြီး အမျိုးသား လုံခြုံရေး ကော်မတီ ဆိုသည့် ဌာနမှာ တရုတ်ပြည်တွင် မရှိကြောင်း၊ ရုံးတံဆိပ်မပါဘဲ စာရွက်အရည်အသွေး အညံ့ သုံးထားသလို၊ အသုံး အနှုန်း အရေးသားတွင် အမှားများပါဝင်နေကြောင်း တရုတ်မုန်းတီးရေးလှုံ့ဆော်လို၍ စာအတုဖြန့်ရခြင်း ဖြစ်ကြောင်း သူ၏ လူမှုကွန်ရက်မှ ဖြေရှင်းသည်။
သို့သော် ယင်းစာသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ နေပြည်တော်ခရီးစဉ်နောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ် သလို ထိုစာမတိုင်ခင်ကလည်း တအန်းအမျိုးသား တပ်မတော် (TNLA)ထံ လက်နက်များ စီးဆင်နေမှုနှင့် ပတ်သက်၍ တရုတ်တို့က “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) အား သတိပေးမှုများ ရှိနေကြောင်း သိရသည်။
ယခုအခါ နယ်စပ်ဂိတ်များကို တရုတ်က ပိတ်လိုက်သဖြင့် ဒေသခံလူထုမှာ ဆေးဝါးနှင့် စားသောက်ကုန်ပြတ်လပ်မှုကို ရင်ဆိုင်နေရသည်။
အလားတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကိုလည်း ခေါ်ယူ ဆွေးနွေးမှုများ ပြုလုပ် ခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် နေပြည်တော်ခရီးစဉ်အတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်မှုနှင့် စစ်ပွဲဖြစ်ပွားနေမှုများအား ဆန့်ကျင်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အောက်မှ ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းဖော်ဆောင်ကာ တနိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ အဆင်ပြေစွာ ကျင်းပပြီး ဒီမိုကရေစီအသွင် ကူးပြောင်းရေး ပြန်လည်စတင်ရန် ထောက်ခံကြောင်းပြောခဲ့သည်။
တရုတ်သံအမတ်သစ် မာကျား၏ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အပါအဝင် ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တို့ နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ် ကြား ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံရှိ တရုတ် စီမံကိန်းနှင့် ဝန်ထမ်း များ ဘေးကင်းလုံခြုံမှု အား ကာကွယ်ခြင်း၊ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ကာကွယ်ထိန်းသိမ်းခြင်း ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြ သည် ဆိုသော အကြောင်းအရာများလည်း တရုတ်သံရုံး လူမှုကွန်ရက် စာမျက်နှာတွင် ခပ်စိတ်စိတ် ဖော်ပြလာသည်။
မြန်မာဒီမိုကရေစီ လိုလားသူများသည် စစ်တပ်အာဏာသိမ်းစ ၂၀၂၁ ဖေဖေါ်ဝါရီလက ရန်ကုန်မြို့ တရုတ်သံရုံးရှေ့ သွားရောက်ကာ စစ်ကောင်စီကို မထောက်ခံ မပံ့ပိုးဖို့ ဆန္ဒပြခဲ့ကြသည်။
လက်ရှိတွင် TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ဆန်၊ ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ သီပေါနှင့် မန္တလေးတိုင်းအတွင်းက မိုးကုတ်မြို့တို့အား သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
KIA ဗိုလ်ချုပ်ကြီး ဂမ်ရှောင် တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့မည်
မြန်မာနယ်စပ်နားက တရုတ် စစ်ရေးလေ့ကျင့်မှု ဘာသဘောလဲ
မြန်မာတွင် လှေနံနှစ်ဖက်နင်းသည့် တရုတ် အကုန်ဆုံးရှုံးနိုင်ခြေ ရှိသလား
ရှမ်းမြောက်တွင် သြဇာလွှမ်းရန် တရုတ်ကြိုးစားနေ